(ဆောင်းပါးရှင် - ကိုသိန်း (ကျောက်ကြီး))
ပြီးခဲ့တဲ့
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေထွက်ပြီး အမှတ်စာရင်းတွေ ထွက်လာတော့
စာရေးသူနဲ့ ဆွေမျိုးတော်စပ်တဲ့ မိခင်တစ်ဦး စာရေးသူအိမ် အလည်ရောက်လာပါတယ်။
သူ့ရဲ့အမျိုးသားကလည်း နိုင်ငံခြားသင်္ဘောလိုင်းတစ်ခုမှာ အင်ဂျင်နီယာတစ်ဦးလည်း
ဖြစ်ပါမယ်။ လာရင်းအကြောင်းကတော့ သူတို့သားငယ် တက္ကသိုလ်ဝင်တန်းကို
ငါးဘာသာဂုဏ်ထူးနဲ့အောင်ပြီး အမှတ်လည်းကောင်းတော့ ဘယ်လမ်းကို
ရွေးချယ်ရင်ကောင်းမလဲလို့ အကြံဉာဏ်တောင်းလာပါတယ်။ သူတို့ကတော့ သူ့အဖေ
နိုင်ငံခြားသင်္ဘောလိုင်းထဲသွင်းချင်လို့ အင်ဂျင်နီယာလိုင်းဘက်
တက်ခိုင်းချင်တယ်လို့ ပြောပါတယ်။
စာရေးသူကတော့ ကလေးရဲ့ဆန္ဒကို
အရင်မေးကြည့်ပါဦး။ သူဘယ်လိုင်းကို အားသန်နေသလဲ၊ သူအားသန်တဲ့လိုင်းကို
လျှောက်လှမ်းခိုင်းရင် သူ့ဘဝလည်း အကျိုးရှိ၊ မိဘတွေလည်း
စိတ်ချမ်းသာမယ်လို့ပြောပြ အကြံပေးလိုက်ပါတယ်။ ဒါနဲ့သူတို့လည်း သူတို့သားငယ်
ဝါသနာပါရာ IT လိုင်းကို စင်ကာပူနိုင်ငံမှာ သင်ကြားခွင့်ပြုလိုက်ပါတယ်။
နိုင်ငံတကာမှာတော့ အချိန်တန်အရွယ်ရောက် လူလားမြောက်လို့ ကန့်သတ်ထားတဲ့
အသက်အရွယ် အပိုင်းအခြားတွေ ရောက်ခဲ့ကြရင် သူတို့ဘဝတွေကို သူတို့ကိုယ်တိုင်
ရွေးချယ်ကြပြီး သူတို့လမ်းသူတို့ လျှောက်လေ့ရှိပါတယ်။ မိဘတွေထံက
အကူအညီယူရမှာ၊ လက်ဖြန့်တောင်းရမှာ ဝန်လေးကြသလို ရှက်လည်းရှက်ကြပါတယ်။ ဒါဟာ
ကောင်းမွန်တဲ့ အလေ့အကျင့် စိတ်ဓာတ်တွေပါပဲ။ မိမိတို့ဘဝတွေကို
မိမိကိုယ်တိုင် ရွေးချယ်ကြပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ မိမိတို့
ဝါသနာထုံရာ ဘာသာရပ်တွေကို မိမိတို့ချွေးနှဲစာတွေနဲ့ ရုန်းကန်သင်ကြားပြီး
ဘဝတွေကို တိုးတက်အောင် ဆောင်ရွက်သွားကြလို့လည်း အသက် ၂ဝ ကျော်
ဘွဲ့ရလာပြီဆိုရင်တော့ ရင့်ကျက်တဲ့အတွေးအခေါ် အယူအဆတွေ ရှိနေကြပါပြီ။ အဲဒီလို
ရင့်ကျက်တဲ့ အတွေးအခေါ် အယူအဆရှိတဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိကြတဲ့
လူငယ်တွေများပြားတဲ့ နိုင်ငံတွေဟာ ယနေ့ကမ္ဘာမှာ ရှေ့တန်းကို ရောက်နေကြတဲ့
နိုင်ငံတွေပဲဖြစ်ပါတယ်။
စာရေးသူတို့နိုင်ငံမှာတော့
တက္ကသိုလ်ဝင်တန်းအောင်တယ်။ မိဘကရွေးချယ်ပေးတဲ့ လမ်းကြောင်းအတိုင်း
သင်ကြားလျှောက်လှမ်းရတယ်။ ကိုယ်ပိုင်ရွေးချယ်နိုင်စွမ်း၊
ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် နည်းကြတယ်။ ဒီလိုနဲ့ ဘွဲ့ရပညာတတ်တွေ
ဖြစ်လာသည့်တိုင် ရင့်ကျက်တဲ့အတွေးအခေါ် အယူအဆတွေအားနည်းပြီး
ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းတွေ ပျောက်ဆုံးနေကြတယ်။ အဆိုးဆုံးကတော့
ဘွဲ့ရပညာတတ်တွေဖြစ်လာပေမယ့် မိမိတို့သင်ကြားထားတဲ့ သင်ကြားခဲ့တဲ့
ဘာသာရပ်ပညာရပ်နဲ့ ပတ်သက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိကြခြင်းပဲ
ဖြစ်ပါတယ်။ အချို့ဆို မိဘအထောက်အပံ့နဲ့ နိုင်ငံခြားမှာ ပညာသင်ကြားပြီး
ဘွဲ့တစ်ခုရသည့်တိုင် ဘယ်လမ်းကို ရွေးချယ်ရမှန်းမသိတဲ့ သူတွေတောင်ရှိနေတာ
စာရေးသူတို့ရဲ့ လူနေမှုစနစ် အတွေးအခေါ် ရင့်ကျက်မှုအားနည်းခြင်းနဲ့ မိဘတွေက
သားသမီးတွေအပေါ် သူတို့ဝါသနာပါရာလမ်းကြောင်းကို သူတို့ကိုယ်တိုင်
ရွေးချယ်ပိုင်ခွင့် မပြုပေးခြင်းဆိုတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။
ထို့အတူပါပဲ စာရေးသူတို့နိုင်ငံရဲ့ လူနေမှုစနစ်တွေနဲ့အတူ ပညာရေးစနစ်ရဲ့
အားနည်းချက်တွေဟာလည်း လူငယ်တွေရဲ့ အတွေးအခေါ် ရင့်ကျက်မှုတွေကို အဟန့်အတား
ဖြစ်နေစေတာကတော့ အမှန်ပါပဲ။ အခြေခံ၊ အလယ်တန်းအဆင့် မဆိုထားနဲ့
တက္ကသိုလ်အဆင့်တွေမှာတောင် ဆရာနဲ့ကျောင်းသား၊ အပြန်အလှန် ဆွေးနွေးပြောဆိုမှု
မရှိသလောက် နည်းပါးနေတဲ့အပြင် ဒါဖတ်၊ ဒါကြည့်၊ ဒါပဲရေးဆိုတဲ့
စနစ်မျိုးတွေကြောင့် ကလေးတွေ အသက်အရွယ်ရလာလို့ ပညာတတ်တွေ ဖြစ်လာပေမယ့်
“သညာ” ဘက်မှာတော့ အားနည်းနေကြတာ (ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်း
အားနည်းနေကြတာ)ဟာ နိုင်ငံ့အနာဂတ်ကို များစွာအကျိုးသက်ရောက် နေစေပါတယ်။
အမှန်တကယ်တော့ အနာဂတ်မှာ နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်လာကြမယ့် လူငယ်တွေကို
မိဘတွေ၊ ဆရာတွေ၊ နိုင်ငံတော်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်အသီးသီးက
ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တွေရှိလာအောင် သူတို့လမ်း
သူတို့လျှောက်လှမ်းနိုင်စွမ်းရှိအောင် ဘယ်သူတွေရဲ့ အမှီအခိုမှ မယူချင်အောင်
သူတို့ဝါသနာပါရာ ပညာရပ်တွေ အလုပ်အကိုင်တွေကို သူတို့ကိုယ်တိုင်
ရွေးချယ်နိုင်စွမ်းရှိအောင် ဖန်တီးတည်ဆောက်ပေးနိုင်ကြမှသာ နိုင်ငံတော်ရဲ့
အခြေခံလူသား အရင်းအမြစ်ဆိုတဲ့ အဆောက်အအုံကြီးဟာ ခိုင်မာလာမှာပါ။
နိုင်ငံတော်ရဲ့ အဓိကကျတဲ့ အခြေခံလူသား အရင်းအမြစ်ကြီးကို ခိုင်မာအောင်
မပြုလုပ်ပေးနိုင်သေးဘဲ နယ်ပယ်ကဏ္ဍ အသီးသီးမှာ လက်ပူတိုက်စနစ် ကျင့်သုံးနေသမျှ
နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားဟာ ကောက်ရိုးမီးလိုပဲ ဖြစ်နေဦးမှာ
သေချာနေပါတယ်။
မည်သို့ပင်ဆိုစေကာမူ ပြည်သူတွေ လျှောက်လှမ်းချင်နေတဲ့
ပြည်သူတွေရွေးချယ်ချင်နေတဲ့ လမ်းကိုလည်း နိုင်ငံတော်ရဲ့
တာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်
ပြုပေးကြရမှာ ဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာရှိနေကြတဲ့ ပြည်သူတစ်ရပ်လုံးရဲ့
လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရရှိတဲ့ နေ့တစ်နေ့ဟာ စာရေးသူတို့နိုင်ငံ
အောင်မြင်တဲ့နေ့တစ်နေ့ပဲ ဖြစ်လာမှာပါ။ လူငယ်တွေကိုယ်တိုင်က
မိမိတို့အနာဂတ်ကို ရွေးချယ်နိုင်စွမ်းရှိကြမယ်။ လူရွယ်တွေက
မိမိတို့တတ်ကျွမ်းထားတဲ့ ပညာရပ်တွေအလိုက် အလုပ်အကိုင် အခွင့်အလမ်းတွေကို
ရွေးချယ်ပိုင်ခွင့်ရှိကြမယ်။ နယ်ပယ်အသီးသီးက ခေါင်းဆောင်တွေက
နိုင်ငံနဲ့လူမျိုး အကျိုးစီးပွားအတွက် အမှီအခိုကင်းစွာနဲ့
ပြောဆိုဆုံးဖြတ်ပိုင်ခွင့် ရှိလာပြီဆိုရင်တော့ စာရေးသူတို့နိုင်ငံဟာ
ကမ္ဘာ့အလယ်မှာ အမှီအခိုကင်းတဲ့ အနာဂတ်သာယာလှပမယ့် နိုင်ငံတစ်နိုင်ငံအဖြစ်
ဧကန်မုချ ရောက်ရှိလာမှာဖြစ်ပါတယ်။
သို့ဖြစ်၍လည်း လူငယ်လူရွယ်တွေ၊
လူထုလူတန်းစား အသီးသီးနဲ့ တပ်မတော်သားတွေ၊ နိုင်ငံ့ဝန်ထမ်းတွေဟာ
မိမိတို့အနာဂတ်၊ မိမိတို့နိုင်ငံနဲ့ လူမျိုးတွေရဲ့ အနာဂတ်အတွက် မိမိတို့ရဲ့
ရင့်ကျက်တဲ့ ကိုယ်ပိုင်အတွေးအခေါ် ဆုံးဖြတ်ချက်တွေနဲ့အတူ
လွတ်လပ်စွာတွေးခေါ်ဆုံးဖြတ်ကာ ကမ္ဘာ့အလယ်မှာ အစစအရာရာ အောက်ကျနောက်ကျရှိလှတဲ့
မိမိတို့နိုင်ငံကို မျက်နှာပန်းလှလာအောင်၊ ဆင်းရဲဒုက္ခမျိုးစုံ
ကြုံတွေ့နေကြရတဲ့ ပြည်သူတွေရဲ့ ဘဝအေးချမ်းသာယာလှပအောင် အမှီအခိုကင်းတဲ့
အမှန်ကန်ဆုံးလမ်းကြောင်းကို ရွေးချယ်လျှောက်လှမ်းသွားဖို့
အချိန်တန်ပြီဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။
Credit - Eleven Media Group
No comments:
Post a Comment