(ဆောင်းပါးရှင် - ဘစံကောက်)
ကျေးဇူးတရားဆိုတာ နားလည်ပြီး
သိတတ်သူတွေ အဖို့မှာတော့ အဖိုးအနဂ္ဃထိုက်တန်တဲ့ လည်ဆွဲရတနာတစ်ခုလို
မှတ်ထင်ပြီး အမြဲတမ်း လည်မှာဆွဲလို့ အလှဆင်တတ်ကြပါတယ်။ ဒါကြောင့်လည်း
သူတို့တွေဟာ ကျေးဇူးတရားကို သိတတ်သူတွေအဖြစ်နဲ့ အမြဲတမ်းလှပနေပြီး
ဂုဏ်သတင်းကျော်ကြားကာ ဘ၀ကို ကောင်းမွန်သန့်ရှင်းစွာ တည်ဆောက်နိုင်ကြပါတယ်။
နောက်ဆုံးမှာ သူတို့ရဲ့ ကောင်းမြတ်တဲ့ စိတ်စေတနာကြောင့် ဘ၀ရဲ့အမြင့်ဆုံး
ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကိုတောင်မှ ရနိုင်ကြပါသေးတယ်။
ဒါနဲ့ပတ်သက်လို့ အင်မတန်မှတ်သားစရာကောင်းတဲ့ သာဓကလေးတစ်ခုကတော့ တစ်ခါက
သားအမိနှစ်ယောက်တည်းပဲရှိတဲ့ အိမ်တစ်အိမ်မှာ ကိုယ်တော်တစ်ပါးဟာ အမြဲတမ်းပဲ
ဆွမ်းခံကြွလေ့ရှိပါတယ်။ သားအမိနှစ်ဦးစလုံးကလည်း သံဃာအပေါ်မှာ
ကြည်ညိုတဲ့စိတ်နဲ့ အမြဲမပြတ်ဘဲ ဆွမ်းလောင်းလှူလေ့ ရှိပါသတဲ့။
ဒီလိုနဲ့နေတုန်း တစ်နေ့တော့ မိခင်ဖြစ်သူက တောကိုသွားခါနီး
သမီးဖြစ်သူကိုမှာပုံက “သမီးရေ ညည်းအစ်ကိုကြီးလာရင် ဆီဦးထောပတ်နဲ့
အသင့်ပြင်ဆင်ထားတဲ့ဆွမ်းကို ရိုရိုသေသေ လောင်းလှူပါကွယ်။ အမေတို့ကတော့
ညကကျန်တဲ့ ထမင်းကြမ်းလေးကို ဖြစ်သလိုပြင်ဆင်ပြီး စားကြတာပေါ့ကွယ်” ဆိုတော့
သမီးလုပ်သူကလည်း “စိတ်ချပြီးသွားပါ အမေရယ် သမီးဂရုစိုက်ပြီး
ကောင်းကောင်းမွန်မွန် လောင်းလှူပါ့မယ်” လို့ အာမခံလိုက်ပါတယ်။
ဒါကို
အိမ်ရဲ့အနီးပါးမှာရောက်နေတဲ့ ဆွမ်းခံကိုယ်တော်ကကြားတော့ သူ့ကိုယ်သူ
ဒီလိုဆုံးမပါတယ်။ “ကြည့်စမ်း သူတို့ဟာ မင်းရဲ့အမေလည်း မဟုတ်ဘူး။
မင်းရဲ့နှမလည်း မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ထမင်းကြမ်းလေးကိုစားပြီး
ငါ့ကိုတော့ ဆီဦးထောပတ်နဲ့ချက်ထားတဲ့ဆွမ်းကို အမွန်အမြတ်ထားပြီး လှူကြတယ်။
ဒါဟာ သံဃာအပေါ်ထားတဲ့ သူတို့ရဲ့မွန်မြတ်တဲ့ စေတနာပဲ။
ဒီကျေးဇူးတရားကိုသိမြင်ပြီး ဆပ်နိုင်မှတော်လိမ့်မယ်။ ဒါကြောင့်
ဆွမ်းလှူတဲ့သားအမိရဲ့ ကျေးဇူးကို တုံ့ပြန်ပေးဆပ်တဲ့အနေနဲ့ ငါ့ရဲ့ကိလေသာ
အညစ်အကြေးမကင်းတဲ့စိတ်ကို ၀ိပဿနာဉာဏ်ရေအလျဉ်နဲ့ သန့်စင်အောင်ဆေးကြောပြီး
အရဟတ္တဖိုလ်၊ အရဟတ္တမဂ်ကိုရအောင် ငါကြိုးစားမယ်။ အကယ်၍မရခဲ့လျှင် ဒီဆွမ်းကို
ငါအလှူမခံတော့ဘူး” လို့တွေးကာ လာလမ်းအတိုင်း ကျောင်းကိုပြန်ကြွသွားပြီး
ကြိုးစားအားထုတ်လိုက်တဲ့အခါ မကြာခင်မှာဘဲ ကိလေသာကုန်ခန်းလို့ ရဟန္တာအဖြစ်ကို
ရခဲ့ပါတော့တယ်။
ဒါကြောင့် ကျေးဇူးတရားဆိုတာကို သိမြင်ပြီး
နားလည်ပေးဆပ်ဖို့ ကြိုးစားနေသူတွေရဲ့စိတ်ဟာ ကုသိုလ်တွေနဲ့ အမြဲပဲ
ထုံမွမ်းနေတတ်ပါတယ်။ တစ်ကြိမ်တစ်ခါဖြစ်ပါစေ မိမိအပေါ် တစ်နည်းနည်းနဲ့
ကျေးဇူးပြုခဲ့ဖူး သူတွေရဲ့ ကျေးဇူးတရားကို အမြဲမပြတ် အောက်မေ့ဆင်ခြင်ပြီး
မေတ္တာပဲ ပွားနေတတ်တာမို့ ဘာဝနာကောင်းမှုလည်း သူ့မှာဖြစ်နေပါတယ်။ ဒါကြောင့်
သူကိုယ်တိုင်လည်း ကုသိုလ်ကံအဟုန်နဲ့ စိတ်နေကမြင့်နေတော့တာမို့
ဘ၀မှာအောက်ကျနောက်ကျ မရှိတတ်သလို သူရရှိခံစားနေတဲ့ စည်းစိမ်ဥစ္စာတွေကလည်း
မြဲမြံတတ်ပါတယ်။
ကျေးဇူးတရားကို နင်းခြေဖျက်ဆီးသူတွေမှာတော့
သူတစ်ထူး မိမိအပေါ်ပြုတဲ့ ကျေးဇူးတရားကို ကျောက်ခဲသလဲလို့ ထင်နေတတ်ပါတယ်။
ဒါကြောင့်လည်း သူ့ဘ၀ဟာ ကျောက်ခဲသလဲ တောထဲမှာပေါက်ရရှာတဲ့
ချုံနွယ်မြက်ပင်တွေလို ဘာတန်ဖိုးတစ်ခုမှ မရှိနိုင်တော့ပါဘူး။ နောက်ဆုံး
သူ့စိတ်ရဲ့ ဆိုးယုတ်ညစ်ညမ်းမှုကြောင့် နှလုံးသားဟာ မဲပုပ်ပြီး
ပျက်စီးခြင်းကိုသာ ရရရောက်ရရှာပါတော့တယ်။
ဒါနဲ့ပတ်သက်လို့ ငယ်စဉ်က
ဝတ္ထုတိုလေးတစ်ပုဒ် ဖတ်ဖူးပါတယ်။ ရွာတစ်ရွာမှာ မိတ်ဆွေနှစ်ဦးရှိပါတယ်။
မိတ်ဆွေဆိုသော်လည်း လုပ်ငန်းချင်းက ပြိုင်နေတာမို့ တစ်ဦးသောသူက
ပြိုင်ဘက်လို့သဘောထားပြီး ရန်ငြိုးဖွဲ့ပါတယ်။ တစ်ဦးကတော့ ဒီလိုသဘော
မရှိပါဘူး။ ဒါကြောင့် အမြဲတမ်း မနာလိုဖြစ်နေတဲ့သူဟာ
သူ့ရဲ့မစ္ဆရိယစိတ်ကြောင့် လုပ်ငန်းက အဆင်မပြေပါဘူး။ အဆင်မပြေတော့ အစစအရာရာ
ဆင်းရဲပါတယ်။ မိသားစုတွေဟာလည်း သူ့ရဲ့မကောင်းတဲ့စိတ်က အကျိုးပေးနေတာမို့
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နေကြထိုင်ကြရပါတယ်။ ဒါနဲ့ပတ်သက်ပြီး
မဂ္ဂဇင်းတစ်စောင်မှာ ဖတ်ခဲ့ဖူးတဲ့ စာလေးတစ်ပိုဒ်ကို လက်ဆင့်ကမ်းပြီး
ဝေမျှချင်ပါတယ်။ ရေးသူကတော့ ဆရာထွန်းရှိန် (လင်းဝင်းကြီးရွာ) ပဲဖြစ်ပါတယ်။
သူရေးထားတာက-
“သင်သည် သူတစ်ပါးအား မနာလိုမစ္ဆရိယစိတ် ဖြစ်ပေါ်နေပါက
ထိုစိတ်ကို အမြန်ဖျောက်ပစ်လိုက်ပါ။ ထိုစိတ်ကို သင်လက်ခံထားပါက ထိုစိတ်သည်
ပြန့်ပွားလွယ်သည်။ ထိုစိတ်သည် သင့်အားလျင်မြန်စွာ ဖိစီးလာပြီး သင်လည်း
တဖြည်းဖြည်းဆင်းရဲလာလိမ့်မည်။ ထိုစိတ်နှင့် သင်ဆင်းရဲနေချိန်တွင်
သင့်အားမည်သူမျှ ကူညီလိမ့်မည် မဟုတ်ပေ။ လူတို့ ဆင်းရဲနေသည့်အချိန်သည်
သူတစ်ပါးအား မစ္ဆရိယစိတ်ကို သင်မွေးမြူနေသော အချိန်ပင်ဖြစ်သည်” လို့
ဖော်ပြထားပါတယ်။ အင်မတန်မှတ်သားစရာ ကောင်းပါတယ်။
ခုလည်း
ဒီလိုပဲဖြစ်နေတာပါ။ ဒါပေမဲ့ တစ်ဖက်လူကတော့ သူ့လိုသဘောထားမျိုး
မရှိသူဖြစ်တဲ့အပြင် မိတ်ဆွေဖြစ်သူရဲ့ မပြည့်စုံတဲ့ မိသားစုကို တတ်စွမ်းသမျှ
ထောက်ပံ့ပါတယ်။ ပြောရရင် စိတ်ကောင်းမရှိသူရဲ့ မိသားစုတွေဟာ အဲဒီမိတ်ဆွေရဲ့
ထောက်ပံ့ကူညီမှုကြောင့် ထမင်းနပ်မှန်နေရသူတွေပါ။ များသောအားဖြင့်
ကလေးတွေအဖို့ သူ့မိတ်ဆွေကောင်းရဲ့အိမ်မှာ ၀င်ထွက်စားသောက်နေတာကို
ဒီလူစိတ်ပုပ်ကလည်း သိပါတယ်။ ဒါပေမဲ့ ဒါကိုပင် ဒီလူကြောင့်
သူ့မိသားစုတွေနဲ့သူဟာ စိတ်ဝမ်းကွဲရတယ်။ သူ့ကိုယ်သူ လူစွမ်းလူစညံ့တယ်ရယ်လို့
ဇနီးနဲ့သားသမီးတွေရဲ့ အထင်သေး၊ အမြင်သေးခံနေရတယ်လို့ထင်ပြီး တစ်နေ့တစ်နေ့
ဒီမိတ်ဆွေကောင်းရဲ့ အကျိုးစီးပွားကို ပျက်အောင်လုပ်ဖို့သာပဲ
ကြံနေပါတော့တယ်။
လောကမှာ ဒီလိုလူတွေလည်း ရှိတတ်ပါတယ်။
တစ်သက်လုံးပြုခဲ့တဲ့ကျေးဇူးကို သံပရာတစ်ချမ်းနဲ့ ချေကြသူတွေပါ။
ဒီလိုလူတွေဟာ ကိုးလလွယ် ဆယ်လမွေးခဲ့ရတဲ့ မွေးမိခင်ကျေးဇူးရှင်ကိုတောင်မှ
ကျေးဇူးကန်းဖို့ ၀န်မလေးကြသူတွေပါ။ တစ်ခါကဆိုရင် မွေးမိခင်ကို
နင်ပဲငဆပြောတဲ့သူကို ကိုယ်တိုင်မြင်ခဲ့ရဖူးပါတယ်။ အလွန်ကြောက်စရာ
ကောင်းသူတွေပါ။ သူတို့ဘ၀ ဘယ်လိုပုံဖြစ်ရဦးမယ်ဆိုတာ တွေးကြည့်ရင်တောင်မှ
ရနေပါပြီ။
ဇာတ်လမ်းကိုပြန်ဆက်ရရင် နောက်ဆုံးမှာတော့
စိတ်ယုတ်မာမွေးသူဟာ သူ့မိတ်ဆွေကြိုက်တတ်တဲ့ အစားအစာတစ်ခုမှာ
အဆိပ်ခတ်ပြီးသတ်ဖို့ ကြံပါတော့တယ်။ ဒီလိုလုပ်ရတာကလည်း ဒီလူစိတ်ကောင်းမရှိမှ
လုပ်ငန်းတွေလည်း သူတစ်ယောက်တည်းလုပ်ပြီး အဆင်ပြေနိုင်မယ် ထင်လို့ပါပဲ။
ဒါကြောင့် သူကြံစည်ထားတဲ့ အကြံအစည်ကို လက်တွေ့အကောင်အထည်ဖော်တဲ့အနေနဲ့
တစ်နေ့မှာတော့ သူကိုယ်တိုင် မုန့်တစ်ခုလုပ်ပြီး အဆိပ်ခတ်ထားလိုက်ပါတယ်။
ပြီးတော့ မိတ်ဆွေကောင်းစားဖို့ဆိုပြီး သွားပေးလိုက်ပါတော့တယ်။
မိတ်ဆွေကောင်းကလဲ ဘယ်လိုသံသယမှမရှိဘဲ လက်ခံယူထားလိုက်ပါတယ်။ ဒါပေမဲ့
လောလောဆယ် မစားဖြစ်သေးတာနဲ့ ဒီအတိုင်းစားပွဲပေါ်မှာ တင်ထားလိုက်ပါတယ်။
သိပ်မကြာခင်မှာဘဲ လူစိတ်ပုပ်ရဲ့ သမီးလေးဟာ အဲဒီအိမ်ကိုရောက်လာပြီး
မုန့်ကိုတွေ့တော့ စားချင်လို့တောင်းပါတယ်။ အရင်လည်း ဒီလိုပဲစားနေကျမို့
လူစိတ်ကောင်းက သူမစားတော့ပါဘူးလို့တွေးပြီး ကျွေးလိုက်တော့ ကလေးမလေးဟာ
အဆိပ်မိပြီး သေရရှာသလို လူစိတ်ပုပ်လည်းထောင်ကျပြီး ဘ၀ပျက်သွားရရှာပါတယ်။
ကျေးဇူးတရားဆိုတာ တင်နေမှန်းသိလျှင် မဆပ်လို့ ဘာမှမဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ ကျေးဇူးကန်းရင်တော့ ဒုက္ခရောက်တတ်ပါတယ်။ ဒါကြောင့်
ကိုယ့်အပေါ်တစ်နည်းနည်းနဲ့ ကျေးဇူးပြုခဲ့ဖူးသူတွေအပေါ်မှာ
ကျေးဇူးမကန်းမိကြပါစေနဲ့လို့ စေတနာကောင်းနဲ့ သတိပေးချင်မိတာပါ။
Credit - Eleven Media Group

No comments:
Post a Comment