Sunday, October 26, 2014

လိုက်ချဲ ဖိုက်ရဲ မိုက်ခဲ တို့ရဲ့ တိုက်ပွဲ အလျော်အစား ( သေ ရာ် စာ )

ဟိုတိုက်ပွဲကြီးများလို နယ်စပ်သွားဖြစ်ပြီး “မင်း ကလည်း ပေါ်တာစု၊ ငါက လည်း မော်တာထု” ဆိုပြီး သေနတ်ချင်း ဗုံးချင်းယှဉ်ပြီး ပစ်ကြထုကြတဲ့တိုက်ပွဲမဟုတ်ပဲ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်သွေးတွေကို ကုန်ပစ္စည်းလို လုတင်၊ ဆွဲတင်၊ မဆန့်မပြဲ တင်ပြီး အလုအယက်မောင်း ကြရာက နေ့စဉ် မကြားချင်မှအဆုံး တဂျိန်းဂျိန်းတိုက်နေကြတဲ့ လမ်းပေါ် (ကား) တိုက်ပွဲများ အကြောင်းပါပဲ။

လိုက်ချဲ ဖိုက်ရဲ မိုက်ခဲ တို့ရဲ့ တိုက်ပွဲ အလျော်အစား
--------
သရော်စာ - ရီနေနိုင်
--------

ခေါင်းစဉ်ကို ဖတ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဆောင်းပါးပဲလို့ ထင်ပြီး စိတ်ဝင်တစား ဖတ် လာမယ့် စာဖတ်သူ များကိုတော့ အထူးအား နာပါတယ်ဗျာ။ တိုက်ပွဲတော့ တိုက်ပွဲပဲ။ ဒါ ပေမဲ့

ငြိမ်းချမ်းရေးမရနိုင်တဲ့ နှစ်ပေါင်းခြောက် ဆယ် ကျော်ကြာ ပြည်တွင်းစစ်တိုက်ပွဲအ ကြောင်း မဟုတ်ဘဲ ငြိမ်းချမ်းရေး ဇွတ်ယူယူ သွားတဲ့တိုက်ပွဲတွေအကြောင်း ပြောချင်တာ ပါ။ ပြည်တွင်း ငြိမ်းချမ်းရေး အကြောင်းက တော့ ထုံးစံအတိုင်း ရွှေပြည်တော်မျှော် တိုင်း ဝေးဝေးနေလို့ ပြောမနေချင် တော့ပါဘူးဗျာ။ တကယ်တော့ ကိုယ် မကျွမ်းကျင် တာလည်း ပါသပေါ့။ ငြိမ်းချမ်းရေးမရရင် ၂၀၁၅ ရွေး ကောက်ပွဲဆိုတာ မသေချာဘူးလို့ ပြောသူက ပြော ငြိမ်းချမ်းရေးက ဒီအစိုးရသက်တမ်းမှာ တော့ မဖြစ်တော့ဘူး ဆိုသူကဆိုဆိုတော့ အဲဒီ စကားနှစ်မျိုးကို ရောမွှေစဉ်းစားလိုက်ရင် မူးနောက်နောက် ရူးကြောင်ကြောင်တောင် ဖြစ် သွားနိုင်တာလေ။

ကဲ၊ ထားပါလေ။ အခု ကျွန်တော်ပြော ချင်တာက အဲဒီလို ဧရာမတိုက်ပွဲကြီးများ မဟုတ်သော်ငြား အသေ အပျောက်မနည်းလှ တဲ့ တိုက်ပွဲလေးများ အကြောင်း ပါ။ ဒီတိုက်ပွဲ လေးများဟာ ဟိုတိုက်ပွဲကြီးများလို နယ်စပ် သွားဖြစ်ပြီး “မင်းကလည်း ပေါ်တာစု၊ ငါက လည်းမော်တာထု”ဆိုပြီး သေနတ်ချင်း ဗုံးချင်း ယှဉ်ပြီး ပစ်ကြထုကြတဲ့တိုက်ပွဲမဟုတ်ပဲ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်သွေးတွေကို ကုန်ပစ္စည်းလို လုတင်၊ ဆွဲတင်၊ မဆန့်မပြဲ တင်ပြီး အလုအယက်မောင်းကြရာက နေ့စဉ် မကြားချင်မှအဆုံး တဂျိန်းဂျိန်းတိုက်နေကြ တဲ့ လမ်းပေါ် (ကား)တိုက်ပွဲများအကြောင်းပါပဲ။ ဒီတိုက်ပွဲများဟာ အများသိတဲ့ အတိုင်း တိုက်ပွဲအစ ဖိုက်ပွဲကဆိုတာလို ကားချင်းဖိုက်ကြတာက စတတ် တာပါပဲ။ ကားချင်းလုပြီးတင်၊ လမ်းလုမောင်း၊ ခရီးသည်တွေကို ဆွဲ တင်၊ တွန်းချလုပ်ပြီး ငပိသိပ် ငါးချဉ်သိပ် ကားအချင်းချင်း စိန်ခေါ်ရင် ဘွာမခတ် စတမ်း အရမ်းအရမ်း မောင်းတတ်ကြတာ အားလုံးအသိပဲလေ။ ဒီနေရာမှာ လုမောင်းနေကျ“ကိုယ်” က ဂျိမ်းစ်ဘွန်းက အာပုကြီးခေါ် ရမယ့်သူဖြစ်ရင်တောင် တစ်ဖက်ကားက အော်တိုဂီယာ အားကိုးနဲ့ တက်မောင်းတဲ့ ဆိုက်ကား သမား ဖြစ်နေရင် “တိုက်ပွဲ” တွေ ဖြစ်ကြပြီပေါ့။ အင်း၊ ဖြစ်ကာ မှဖြစ်ရော ကျွန်တော်တို့တစ်တွေကို သွားလိုရာအရောက် ဝန်ဆောင်မှုပေးနေတဲ့ “ဘတ်စ်ကားဆရာ”များကတော့ တစ်စီး လောက် တစ်စီးလောက်နဲ့ ဘယ်ကွေ့ညာ လု၊ အပေါ်လမ်းက ဇွတ်ကျော်၊ အောက် လမ်းကို ဘော်ဒီ အားကိုးနဲ့ ခေါင်းထိုးဝင်နဲ့ ခေါက်ရေ ပိုရအောင်၊ ကားကွက် ပိုလှအောင် နေ့စဉ် ကြိုးစားနေကြတာပါပဲ။

ဒီနေရာမှာ “ကားကွက်လှတယ်” ဆိုတဲ့ အသုံးက ရှေ့ကားနဲ့မနီးရဘဲ နောက် ကားနဲ့ လည်းဝေးပြီး ခရီးသည်မှန်သမျှ ကိုယ်ပြုသမျှ ခံဘ၀နဲ့ ကိုယ်ချည်းပဲ အရသယ်နိုင်တဲ့ အနေ အထားကို ပြောတာပါ။ ဒီတော့ ရှေ့ကားကို အမီလိုက် ၊ နောက်ကားနဲ့ဝေးအောင်ပြေး၊ ခရီး သည် ကိုဆွဲတင်၊ ထိုးသိပ်၊ ဆွဲထုတ်၊ တွန်းချ ဒီလိုပဲ လုပ်နေကျပါပဲ။ ဒါပေမဲ့ ခရီးသည်များ ခမျာ ကလည်း နေ့စဉ်ကြုံနေကျ ဒီဒုက္ခများကို ဒုက္ခလို့ မမြင်နိုင်ပါဘူး။ လမ်းကျပ်လို့ အိမ် မရောက်နိုင်ဘဲ ကိုယ့်ဘာသာ မနုဿလူသား လား၊ ငါးသေတ္တာထဲက ငါးလားလို့ ဇဝေဇဝါ ဖြစ်ရတဲ့ ချွေးသံတစ်လုံးလုံး အိမ်ပြန်လမ်း ဝဋ် ဒုက္ခက တစ်မိနစ် တစ်စက္ကန့်လျော့လည်းမနည်း ဘူးဆိုတော့ လိမ့်လိမ့်လဲလဲ (တကယ်ကြီးကို လိမ့်ပြီး တုံးလုံးကြီးကို လဲတတ်တာခင်ဗျ) ဖြစ်ကာမှဖြစ်ရော၊ လုမောင်းသူများကိုတောင် ကျေးဇူးရှင်မှတ်ရတဲ့ဘ၀ကိုး။

ဒီလိုလုမောင်းရင်း ကိုယ်တစ်ကွက်မှား လို့ဖြစ်ဖြစ် တစ်ဖက်လူက ဘရိတ်နဲ့ လီဗာမှား နင်းလို့ဖြစ်ဖြစ် ကားချင်း ပြေးဆောင့်ကြတဲ့ ဇာတ်လမ်းမျိုး၊ ဒါမှမဟုတ် အဲဒီလို အရှိန်နဲ့ပြေး ဆောင့်ကာနီး လုပ်မိလုပ်ရာ ဆွဲကွေ့လိုက် တော့ လမ်းဘေးလျှောက်သူတစ်တွေကို အစု လိုက်အပြုံလိုက် ဝင်ကျုံး တာမျိုး ဖြစ် တတ် တော့တာပါပဲ။

ဒီလိုတိုက်ပွဲဖြစ် ပြီဆိုရင် တကယ်လို့များ လူမသေ သွေးမထွက် ကားဖင်ပဲ ရှုံ့ခွက်သွား ရုံလောက်ဖြစ်ရာမှာ ရဲရောက်လာတယ်ဆိုပါ တော့။ အခြားနိုင်ငံက ရဲများဆိုရင်တော့ ပေးလိုင်စင်ဆိုပြီး အိုဗာစပိတို့၊ မူးပြီးမောင်း တာတို့၊ စတဲ့ အမှုများနဲ့ ဖမ်းပြီး အမှုလုပ်ပြီး ပေါ့။ မြန်မာနိုင်ငံက ရဲများကတော့ သဘော ကောင်းကြရှာပါတယ်။ “ကဲ၊ ခင်ဗျားတို့ချင်း ပြေလည်အောင်ညှိဗျာ” ဆိုပြီး အခွင့်အရေး ပေးလိုက်ပါသေးတယ်။ အတိုက်ခံရသူက ထိုက်ထိုက် တန်တန် လျော်ကြေးရလို့၊ သို့မ ဟုတ် သဘောကောင်းသူမို့ လျှော့ပေးလိုက်လို့ အဆင်ပြေသွားရင် ရဲကလည်း အမှုလုပ် မနေတော့ဘဲ လျှော့ပေါ့ပြီး သူတို့ချင်းညှိနှိုင်း တာကိုပဲ လက်ခံလိုက်တယ်။ ညှိတဲ့အထဲမှာ သူလည်းပါနေတော့ ညှိခတော့ အထိုက်အ လျောက် ကုန်တာပေါ့လေ။ ဒါပေမဲ့ ဒီလို လုပ်ကြတယ်ဆိုတာကိုက ဒီလိုမလုပ်ဘဲ ပုံမှန် လုပ်မယ်ဆိုရင် အတော်ကိုခက်ခဲကြ တာမို့ လုပ်ကြရတာလို့ ဆိုတာပါပဲ။ (ကိုယ့်မှာလည်း တိုက်စရာရော အတိုက်ခံစရာပါ ကားမရှိ တော့ အသေးစိတ် တော့ မသိဘူးပေါ့ခင်ဗျ)။ ဒီနည်းနဲ့ပြေလည်သွားကြတော့ ကားတိုက်မိ လို့ လိုင်စင် သိမ်းခံ ရ၊ အချုပ်ခံရဆိုတာမျိုး မကြားရတော့ ပဲ ငွေဘယ်လောက် ကုန်တယ် ဆိုတာပဲ ကြားရတော့တယ်လေ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကားပိုင်သူတစ်ဦး ကိုမေးကြည့်တော့ ကားအတိုက်ခံရပြီး တိုက် သူက လျော်မယ်လို့ ညှိနှိုင်းတာကို လက်မခံပဲ အမှုလုပ်မယ်ဆိုရင် ကြန့်ကြာမယ်၊ ငွေကုန် မယ်တဲ့။ အခန့်မသင့်ရင် ကိုယ်ပါ ယာဉ်စည်း ကမ်း ဖောက်သူဖြစ်နိုင်တယ်၊ အမှုဖြစ်စဉ် ကာလမှာ ကားသိမ်းခံထား ရနိုင် တယ်တဲ့။ ပြီး တော့ ကိုယ်က ဘယ်လောက်မှန်မှန် ရုံးမှာ မျက်မြင်သက်သေ လိုက် ထွက်ပေးမယ့်သူ မရှိဘူးတဲ့။ ဆိုးတာတစ်ခုက ကျွန်တော်တို့ ဆီမှာ လမ်းပေါ်မှာ စီစီဒီဗီ ကင်မရာတွေ ဘာတွေက မရှိတာမို့ ဘယ်သူ့က ဘယ်သူ့ ကို တိုက်တယ်၊ ဘယ်သူမှားလို့တိုက်တယ်ဆို တာကို သက်သေ အထောက်အထား မရှိနိုင် ဘူးတဲ့။ ဒါကြောင့် ဥပဒေနဲ့အညီ နေထိုင်ပြု မူလိုပေမယ့် နောက် ဆုံးတော့ “ကျွန်တော် လည်း ထိုနည်းလည်းကောင်း၊ ထိုနည်း လည်းကောင်း” ဖြစ်သွားရတယ်လို့ ဆိုပါတယ်။

ဒါက ကားချင်းတိုက်ပြီး လူမသေတဲ့ကိစ္စ။ ကားချင်းတိုက်ပြီး လူတွေသေ၊ ကားမောင်းသူ ကထွက်ပြေး၊ တာဝန်ယူမယ့်သူ မရှိဆိုတဲ့ ဇာတ်လမ်းတွေလည်း အတော်ရှိတတ်သေး တယ်။ လူမသေတောင် ဒဏ်ရာနဲ့လူကို ပစ်ပြီး မောင်းပြေးတော့ ဘယ်လိုက်ဖမ်းရမှန်းမသိ တာတွေ အများကြီးဖြစ် တတ်သေးတယ်။ တ ကယ်တော့ ဒါမျိုးတွေက နိုင်ငံတကာမှာလည်း ရှိတတ် ပါတယ်။ Hit and Run ဆိုတဲ့အမှုမျိုး တွေပေါ့။ ဒီလိုအမှုမျိုးတွေက လစ်ရင် တာဝန် မဲ့ ထွက်ပြေးတတ်တာ နေရာတကာပါပဲ။ နိုင် ငံကြီးသားပီသလှချည့်ဆိုတဲ့ အမေရိကန်မှာ တောင် ကယ်လီဖိုးနီးယားက အဝေးပြေးပတ် တရောင်အဖွဲ့ရဲ့အဆိုအရ ၂၀၀၉ ကနေ ၂၀၁၂ ခုနှစ်အတွင်း ကားတိုက်ပြီးတော့ အတိုက်ခံရ လို့ သေသူဒါမှမဟုတ် ဒဏ်ရာရသူကို ပစ် ထားခဲ့ပြီး ထွက်ပြေးတဲ့ဒရိုင်ဘာပေါင်း ၄၁၀၀ တောင်ရှိဆိုပဲ။ ဒါပေမဲ့ သူတို့နဲ့ ကျွန်တော်တို့နဲ့ မတူတဲ့ကိစ္စက သူတို့ဆီမှာ တိုက်ပြီးထွက်ပြေး တယ်ဆိုတာက မြန်နှုန်းမြင့်နဲ့မောင်းရတဲ့ အ ဝေးပြေး လမ်းမပေါ်မှာ အဖြစ်များပြီး ကျွန်တော် တို့လို မြို့ထဲမှာဖြစ်နေတာ မဟုတ်ပါဘူး။ ပြီး တော့ သူတို့ဆီမှာက တိုက်ပြေး သူများဟာ တစ်ဦးချင်းမောင်းလာတဲ့ ယာဉ်ငယ်လေး တွေက တိုက်တာဖြစ်ပြီး ကျွန်တော်တို့ဆီမှာ က ယာဉ်ငယ် တွေလည်း တိုက်တာပေမယ့် ခရီးသည်အပြည့်တင်ပြီး ဘယ်ယိမ်းညာကွေ့ အပေါ်လမ်းရွှေ့ အောက်လမ်းပြောင်း၊ ပြိုင် ကားမောင်းသလိုမောင်းတဲ့ ဘတ်စ်ကားများ က အများဆုံးတိုက်တာ တွေ့ရပါတယ်။

ဒီအခါမှာ တချို့ဘတ်စ်ကားများဟာ ထိမိ ပွတ်မိတဲ့ကားငယ်များကို မလျော်တဲ့အပြင် လျော်စရာတော့ မရှိလို့ အမှုဖွင့်ချင်လည်း ဖွင့်ပါဆိုပြီး မျက်နှာငယ်နဲ့တောင်းပန်သလိုလိုနဲ့ ညစ်တာလည်း ရှိပါတယ်။ အမှုဖြစ်ရင် အချိန်ကုန် လူပမ်းနဲ့ ဇာတ်လမ်းရှည်နေဦးမယ် ဆိုပြီး မလုပ်ကြတာက များတယ်ဆိုပြီး သေ ချာနေလို့လေ။ တချို့ကျတော့လည်း လူသေ တာတောင် လေးငါးသိန်းလျော်ပြီး ဇာတ်လမ်း ဖြတ်ချင်သူက ရှိတတ်သေးတယ်။ တကယ် တော့ ကားအတိုက်ခံရလို့ သေသွားသူဟာ သူ့ကိုမှီခိုနေရတဲ့ သက်ကြီးရွယ်အိုတို့၊ လူ မမည်ကလေးတို့ ရှိနိုင်ပြီး မဆင်မခြင် မောင်း သူတစ်ယောက်ကြောင့် လမ်းပေါ်မှာ အသက် ဆုံးသွားတဲ့လူတစ်ယောက်ရဲ့ နောက်ကွယ် မှာ ဘ၀တွေဘယ် လောက်ပျက်သွားနိုင် တယ်ဆိုတာ မတွေးဝံ့စရာပါ။ စာသင်ခန်းက ကလေးဟာ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်ဖြစ် သွားနိုင်သလို ခေါင်းရွက်ဗျပ်ထိုးနဲ့ အိမ်စရိတ် ကိုဖြည့်နေရရာကနေ ပင်မငွေရှာသူက လမ်း ပေါ်မှာ ကားတိုက်ခံရပြီး ဆုံးသွားတဲ့အခါ သူကိုယ်တိုင် လမ်းပေါ်ထွက်ပြီး ပင်မငွေရှာ သူလုပ်ရသူမျိုးလည်း ဖြစ်သွားတတ်ပါတယ်။ ဒီတော့ ကားတိုက်ခံရသူကို ငွေလျော်မယ့် သူဟာ သူ့ဘ၀အပြင် သူ့တာဝန်ယူထားရတဲ့ ဘ၀တွေရဲ့ တန်ဖိုးကိုပါ ထည့်တွက် သင့်ပါ တယ်လို့ သတိပေးလိုပါတယ်။

ကားသမားလောကမှာ စူးစမ်းမေးမြန်း ကြည့်တဲ့အခါမှာ ကိုယ်မသိသေးတဲ့ အံ့ဩ စရာဇာတ်လမ်းတွေလည်း ကြားရတတ်ပါ သေးတယ်။ ဥပမာ ဆိုပါစို့။ ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တစ်ခုကို သွားတဲ့လမ်းက တံတား ပေါ်မှာ လိုင်းကားက ဂျိမ်းစဘွန်းလုပ်မောင်း ရာကနေ လူတွေအတော်သေပြီး ယာဉ်မောင်း ကတော့ ထွက်ပြေးတိမ်း ရှောင်သွားတဲ့ အမှု မျိုး ရှိခဲ့ဖူးပါတယ်။ အဲဒီဇာတ်လမ်းမှာဆိုရင် ကားသမားကို ဖမ်းမမိပါဘူးတဲ့။ တကယ် တော့ ကားသမားကနယ်မှာ ရှောင်နေလို့၊ ဒါမှမဟုတ် ရန်ကုန်ပြန်မလာရဲလို့ မမိတာ ဆိုရင် အင်း၊ သဘာဝကျတာပေါ့။ ဒါပေမယ့် ကျွန်တော့်မိတ်ဆွေ ကားသမားကို “ဒီလူက ရန်ကုန်ပြန်မလာရဲပဲ ရှောင်နေရတာပေါ့”ဆို တော့ “ခဏ တော့ ရှောင်တာပေါ့ဆရာ၊ နောက်မေ့လောက်ပျောက်လောက်တော့ ပြန် လာပြီး အခု လိုင်းကားတောင်ပြန်မောင်း နေ တယ်”လို့ ဆိုတယ်။ ကျွန်တော်အံ့ဩသွားပြီး “ဟာ၊ သူ အဲဒီလိုင်စင်နဲ့ မောင်းရဲလို့လား”ဆိုတော့ “လိုင်စင် အသစ်နဲ့ပေါ့ဆရာ၊ နာ မည်လည်း အသစ်ဖြစ်ချင်ဖြစ်မှာပေါ့၊ ဒီကောင် တွေက လူရှုပ်တွေပဲ”တဲ့။ ပြီးတော့ “ပထမ ကားတိုက်မှုဖြစ်ကတည်းကလည်း လိုင်စင်မှာ က သူ့နာမည် ဟုတ်ချင်မှဟုတ်မှာ”လို့ ဆိုပါ သေးတယ်။ လိုင်စင် သုံးလေးခု၊ နာမည်သုံး လေးမျိုးနဲ့ လုပ်ချင်ရာလုပ်နေတဲ့ ကောင်တွေ ဆရာရဲ့”ဆိုလို့ ကျွန်တော်ဖြင့် အံ့ရော၊ အံ့ရော ဖြစ်သွားပါတယ်။

ကားတိုက်မှုမှာ လူအတော်များများသေ လို့ လူသေမှုနဲ့တိမ်းရှောင်နေရတဲ့ ဒရိုင်ဘာက တခြားနာမည်နဲ့ လိုင်စင်ပြန်လုပ်ပြီး၊ ဒါမှမ ဟုတ် တခြားလူရဲ့လိုင်စင်ကိုယူမောင်းပြီး လိုင်း ကားပြန်မောင်းနေတယ်ဆိုတာကတော့ မသင့် တော်ပါဘူး။ အမှားအယွင်းတို့၊ လာဘ်ပေး လာဘ်ယူတို့၊ အတုလုပ်တာတို့၊ လိုင်းကြေး တို့၊ အကြံအဖန်တို့၊ အင်ထုတာတို့ ဆိုတာ ဌာနဆိုင်ရာ အတော်များများမှာ ရှိတတ်ပါ တယ်။ ဒါပေမဲ့ စည်းကမ်းမဲ့ မောင်းချင်သလို မောင်းပြီး လူသေမှုတွေဖြစ်ထားရာက တိမ်း ရှောင်နေရတဲ့ယာဉ်မောင်းဟာ ဘယ်လိုနည်းနဲ့မှ လိုင်စင်အသစ်နဲ့ လိုင်းကားပေါ် ပြန်မရောက် သင့်ပါဘူး။ လူအများရဲ့အသက်ကိစ္စမို့ပါ။

တကယ်တော့ ကျွန်တော်လည်း တစ်ဖက် သတ်တော့ မပြောလိုပါဘူး။ ယာဉ်ကြောတွေ ကျပ်တော့ ဘတ်စ် ကားသမားတွေခမျာ လည်း ခေါက်ရေပြည့်အောင်တောင် လုယက် မောင်းနေရတာလည်း ကျွန်တော်တို့အမြင်ပါ ပဲ။ နောက်ဆိုးဝါးတာတစ်ခုက ယာဉ်တိုက်မှု ဖြစ်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့လက်ရှိ အရေး ယူနေတဲ့ပုံစံက တိုက်သူမှား မှား၊ အတိုက်ခံ ရသူမှားမှား ကားသမား အပြစ်ချည်းပဲဆိုပဲ အရေးယူနေတာတစ်ခုကလည်း သိပ်တော့ မသင့်တော်ပါဘူး။ နိုင်ငံတကာမှာက အတိုက် ခံရသူဟာ စည်းကမ်းချိုးဖောက်သူဆိုရင် တိုက် သူကအပြစ်မရှိပါဘူး။ ဒီမှာတော့ နိုင်ငံခြား သွား အလုပ်လုပ်ချိန်မှာ အပျော်လွန်မိရာက ]]အေ}}ထိပြီး ပြန်လာတဲ့အခါ စိတ်ညစ်လို့ ကားရှေ့ထိုးလဲ အသေခံရင်တောင် ကားမောင်း သူက ထောင်ကျမယ့်အဖြစ်မျိုး ဖြစ်နေတာက တော့ မသင့်တော်ပါဘူး။

ဒီလိုပြောစရာတွေ ရှိနေပေမဲ့ ဒီနေ့ လိုင်း ကားဆရာများဟာ သူတို့မှ ပြန်မပို့ရင် အိမ် မရောက်မှာသေချာတဲ့ ခရီးသည်များကို အနိုင် ကျင့်၊ အေးဓားပြတိုက်၊ ၁၀၀ လမ်းကို ၂၀၀ တောင်း၊ ၂၀၀ လမ်းဆို ၃၀၀ တောင်း၊ ပြီး တော့လုယက်မောင်း၊ တိုက်မိပြီဆိုရင် လက် လွတ်ထွက်ပြေး ဆိုတာမျိုးတွေ ကြားနေရ မြင်နေရတာကလည်း အတော့်ကို စည်းမဲ့ကမ်းမဲ့ “မောင့်သဘော” ဖြစ်နေတာ ကြာလှပါပြီ။ တကယ်တော့ ကျွန်တော်လည်း ဘတ်စ်ကား နဲ့ နေ့စဉ် အိမ်ပြန်ရသူ တစ်ဦးမို့ “ပါရမီ”ရှိမှ အိမ်ရောက်သူ၊ “အဓိပတိ”မမြင်ဘဲ အလုပ် ခွင်မရောက်နိုင်သူ၊ “မေတ္တာလှိုင်း”ဝုန်းဒိုင်းစီးပြီးမှ လိုရာခရီးသွားနိုင်သူ၊ သန်မြန်သူက တွဲခိုခွင့်ပေးမှအိမ်ပြန်ရသူ၊ “ရွှေဧည့်သည်”ကယ်ပါမှ အတွယ်အတာရသူ စတဲ့စတဲ့ အ များပြည်သူတွေထဲက တစ်ယောက်ပါပဲ။

ဒီလို ချစ်ခင်နှစ်သက်စရာ နာမည်များနဲ့ ကျွန်တော်တို့ရုံးသွားအိမ်ပြန် အသုံးတော်ခံ ဝန်ဆောင်မှုပေးတဲ့ လိုင်းကားများကို စိတ်ထဲကနေ “သေချင်းဆိုး” “အေးဓားပြ” “အရိုင်း အစိုင်း” “ငတ်ကြီးကျ” “ငတက်ပြား” “အလီ ဘာဘာ”စတဲ့ နာမည်ဆိုးတွေ အစားထိုးပေးနေမိတဲ့ဘ၀က အမြန်ဆုံး လွတ်စေနိုင်ကြောင်း ဆုတောင်းချင်မိနေတာပါပဲဗျာ

Credit - The Ladies News Journal


No comments:

Post a Comment