Sunday, October 26, 2014

စီးပွားရေး အကျိုးသက်ရောက်မှု

Written by - ဒေါက်တာ အောင်ကိုကို (စီးပွားရေးပညာစီးပွားရေးပေါ်လစီ)

စီးပွားရေးစီမံကိန်းများ (Economic Plannings) သို့မဟုတ် စီးပွားရေးမူဝါဒများ (Economic Policies) ရေးဆွဲရာတွင် ယင်းစီးပွားရေး အကျိုးသက်ရောက်မှု အဆင့်ဆင့်ကို တိုင်းတာသိရှိနိုင်ရန် လိုအပ်သည့် မက်ခရိုစီးပွားရေးနှင့် မိုက်ခရိုစီးပွားရေးတို့ အကြားတွင် ဆက်စပ်တည်ရှိသော ဆက်စပ်မှုဖြစ်စဉ်များနှင့် တကွသော ယင်းပို့စ်အချိန် ကာလတစ်ခုအတွင်း ဖြစ်ပေါ်လာနိုင်ခြေရှိသော ငွေကြေးစီးဆင်းမှု အဆင့်ဆင့်ကို သိရှိနိုင်ရန် လိုအပ်ခြင်းပင်ဖြစ်သည်။

ဥပမာ စာရေးသူတို့သည် အကြော်ပါသည့် မုန့်ဟင်းခါးတစ်ပွဲ ဝယ်စားသည်ဆိုပါစို့။ ယင်း၏တန်ဖိုးသည် တစ်ပွဲလျှင် ကျပ် ၅ဝဝ ဖြစ်သည်ဆိုပါက မုန့်ဟင်းခါးတစ်ပွဲစား တိုင်းစားတိုင်းတွင် ငွေကျပ် ၅ဝဝ ကို မုန့်ဟင်းခါးရောင်းသူထံ ပေးရမည်ဖြစ်သည်။ (တစ်နည်းအားဖြင့် မုန့်ဟင်းခါး ရောင်းသူက ရရှိမည်ဖြစ်သည်။)
ဤတွင် ယင်းငွေကျပ် ၅ဝဝ တိုင်း (တစ်ပွဲတန်ဖိုး) သည် မုန့်ဟင်းခါးရောင်းသူ တစ်ဦးတည်းထံသို့ ရောက်ရှိသွားသော ဝင်ငွေမဟုတ်ဘဲ (ယင်းနှင့်အတူ မုန့်ဖတ်ရောင်း သူ၊ အကြော်ရောင်းသူ၊ နံနံပင်ရောင်းသူ၊ သံပရာသီးရောင်းသူအစရှိသည့် ရောင်းသူ များထံသို့လည်း ဝင်ငွေနှင့် အမြတ်အဖြစ် တစ်ဆက်တည်း ဖြစ်တည်သွားစေနိုင်သည်။ ၎င်းအပြင် ၎င်းတို့ထံမှ ထပ်ဆင့်၍လည်း (ထပ်ဆင့်၍လည်း) အခြားအခြားသော လုပ်ငန်းများစွာ (ဥပမာ-ဆန်ရောင်းသူ၊ ဆီရောင်းသူ အစရှိသည်) သို့ အလိုအလျောက် ဆင့်ကဲ ဆင့်ကဲ ဝင်ငွေဖြစ်တည် သွားစေပါသည်။
စာရေးသူတို့သည် မုန့်ဟင်းခါး (အကြော်ပါ) တစ်ပွဲ စားတိုင်းစားတိုင်း ယင်း၏တန်ဖိုးကို မုန့်ဟင်းခါးရောင်းသူထံသို့သာ ပေးရသော်လည်း (ယင်းသို့ပေးရသည်ဟု ထင်ရသော်လည်း) အမှန်တကယ်တွင်မူ ယင်းတန်ဖိုး၏ အစိတ်အပိုင်း အချို့သည် အခြားသော ဆက်စပ်လုပ်ငန်းများစွာထဲသို့ စီးဆင်းသွားခြင်း (စီးဝင်သွားခြင်း) ဖြစ်သည်ဆိုသည်ကို တွေ့နိုင်ပါသည်။
၎င်းအပြင် ယင်းတန်ဖိုး၏ အစိတ်အပိုင်း အချို့သည် အခွန်အကောက်အဖြစ် အစိုးရထံ စီးဝင်သွားပြီး ယင်းသည် အစိုးရဝင်ငွေ၏ အစိတ်အပိုင်း ဖြစ်သွားပါသည်။
ယင်းဥပမာမှာ စာရေးသူတို့ နေ့စဉ်လှုပ်ရှား သွားလာနေကြသော လူနေမှုဘဝတွင် နိုင်ငံသားတို့၏ စားသုံးမှုပုံစံနှင့် စားသုံးမှု ပမာဏတို့သည် နိုင်ငံတွင်းရှိ စီးပွားရေးလုပ် ငန်းအမျိုးအမည်များစွာထံသို့ ပုံသဏ္ဌာန်မျိုးစုံဖြင့် စီးဝင်နေကြောင်းနှင့် ယင်း၏အကျိုး ဆက်များအနေဖြင့် နိုင်ငံတွင်း လည်ပတ်သုံးစွဲငွေပမာဏ (Money in Circulation ) နှင့် ယင်း၏အရှိန်အဟုန် (Momentum ) တို့ကို ဖြစ်တည်စေပြီး နိုင်ငံသားများအကြား လည်ပတ်စီးဆင်းနေသော ငွေကြေး၏ တန်ဖိုးကိုလည်း ဖြစ်တည်စေပါသည်။
အကယ်၍ မုန့်ဟင်းခါး ဝယ်ယူစားသုံး မှုပမာဏ (သို့မဟုတ်) မုန့်ဟင်းခါး၏ ဝယ်လိုအား မြင့်တက်လာလျှင် ယင်းအထက်ပါ ဖြစ်စဉ်သဘောအရ မုန့်ဟင်းခါးရောင်းသူတွင် သာမကဘဲ အခြားအခြားသော ဆပ်စပ်စီးပွားရေး လုပ်ငန်းများတွင်ပါ အကျိုးသက် ရောက်မည်ဖြစ်သည်။
သာမန်အားဖြင့် မုန့်ဟင်းခါးတစ်ပွဲ၏ တန်ဖိုးငွေစုစုပေါင်းမှာ မုန့်ဟင်းခါးရောင်းသူ တစ်ဦးတည်း၏ ဝင်ငွေဟု ထင်မှတ်ရသော်လည်း ယင်း၏လုပ်အား၊ နည်းပညာနှင့် အရင်းအနှီး တန်ဖိုးများအပြင် အခြားသော ဆက်စပ်စီးပွားရေး လုပ်ငန်းများ၏ လုပ်အားတန်ဖိုး၊ နည်းပညာနှင့် အရင်းအနှီးတန်ဖိုးများကို ပေါင်းခြုံထားသော တန်ဖိုးဖြစ်သကဲ့သို့ အစိုးရထံ ပေးဆောင်ရသော အခွန်အကောက်များနှင့် ပေါင်းစပ်ထားသော တန်ဖိုးတစ်ခုဖြစ်ကြောင်း တွေ့ရှိနိုင်သည်။
ဤတွင် ဤဥပမာကဲ့သို့ ကုန်စည်တစ်ခု၏ ပြည်တွင်းဝယ်လိုအား (သို့မဟုတ်) ပြည်ပဝယ်လိုအားဖြစ်ပေါ်မှု အတိုင်းအတာနှင့်တကွ ယင်းကုန်စည်နှင့် ဆက်စပ်ကုန်စည်များ မည်ရွေ့မည်မျှ စီးပွားဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်စွမ်း ရှိသည်ဆိုသည်ကို ပေါင်းခြုံကာ စီးပွားရေး အကျိုးသက်ရောက်မှုကို တိုင်းတာတွက်ချက် ရလေ့ရှိသည်။

Credit - Eleven Media Group

No comments:

Post a Comment