တချို့ ပြစ်မှုတွေမှာဆို ရက်ရက်စက်စက်သတ်တာ၊ လွန်လွန်ကဲကဲ ရိုက်နှက်တာ၊ မဆင်မခြင် ကားမောင်းတာတွေကို လေ့လာကြည့်တော့ ကျူးလွန်တဲ့ လူငယ်တွေမှာ ပုံမှန်စိတ် မဟုတ်တဲ့
သဘောတွေ တွေ့ရတယ်။ ရဲစခန်းက စစ်ချက်၊ ပထမ သတင်းပေး တိုင်ကြားချက်တွေမှာတော့ ဒါကို သေချာထည့်ရေးပုံ မရဘူး။
လုယက်မှု၊ ခိုးမှုလို ပြစ်မှုတွေမှာတော့ သုံးချင်စွဲချင်တဲ့စိတ်ကို အခြေတည်ပြီး ကျူးလွန်နေတဲ့သဘော အကဲခပ်မိတယ်။ အဲဒီကနေပြီး တစ်ဆင့်တက် သွားတော့ အချောင်လိုချင်တဲ့စိတ်နဲ့ မတော်လောဘက ဦးဆောင်သွားတော့တာပေါ့။
ဒါဆို ကျွန်တော်တို့ နိုင်ငံမှာ အရင်ခေတ်တွေထက်စာရင် လူငယ်တွေ ဘာဖြစ်လို့ မှုခင်းကျူးလွန်မှု များလာတာလဲဆိုတဲ့ မေးခွန်း မေးကြည့်ကြဖူးသလား။ တကယ်တော့ ဒီမေးခွန်းကို ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက မေးသင့်တယ်၊ ဘယ်လိုနည်းလမ်းတွေ သုံးပြီး အဖြေရှာသင့်တယ်ဆိုတာ ကျွန်တော်တို့ ဝိုင်းဆွေးနွေးကြည့်ကြဖို့ လိုမယ်။
ပထမဦးဆုံးကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးစနစ်ကို အရင်လေ့လာသုံးသပ်ကြည့်ဖို့ လိုမယ်။ သက်ဆိုင်ရာ အသက်အရွယ်အလိုက်၊ အတန်းစဉ်အလိုက် ချမှတ်ပြုစု၊ ပြဋ္ဌာန်းထားတဲ့ ပညာရေးစနစ်၊ သင်ရိုးညွှန်းတမ်းတွေက လူငယ်တွေကို ဘယ်လောက် ပြုစုပျိုးထောင်နိုင်သလဲ၊ ပြစ်မှုကျူးလွန်တဲ့ လူငယ်တွေရဲ့ ပညာရေးအဆင့်က ဘယ်လောက်အထိ ရှိကြသလဲ၊ သူတို့မှာ မိစုံ၊ ဖစုံ ရှိကြရဲ့လား၊ သူတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကကော ဘယ်လိုနေရာမျိုးလဲ၊ သူတို့ မိသားစု စားဝတ်နေရေးက ဘယ်အခြေအနေ ရှိသလဲ အစရှိသဖြင့် တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ ပညာရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေ အရင်ဦးဆုံး ပြုစုသင့်တယ်။
နောက်တစ်ချက်က တိုင်းပြည်ရဲ့ ဓနဥစ္စာ ခွဲဝေမှု အချိုးအဆ ကွာဟချက်၊ ခေတ်ပေါ် လူ့အသုံးအဆောင် ပစ္စည်းတွေရဲ့ ဆွဲဆောင်မှုတွေကလည်း အလုပ်အကိုင် အခွင့်အလမ်းနည်း၊ ဝင်ငွေနည်း မိသားစုနဲ့ လူငယ်တွေကို လမ်းမှားရောက်အောင် ဆွဲခေါ်သလို ဖြစ်နေတတ်တယ်။ တည့်တည့်ပြောရရင်တော့ အစစအရာရာ အိမ်နီးချင်းနိုင်ငံတွေထက် ဈေးကြီးနေတဲ့နိုင်ငံမှာ ဆင်းရဲ၊ ချမ်းသာကွာဟချက်က သိပ်ကြီးလွန်း၊ လူဦးရေရဲ့ ရာနှုန်းအများစု ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှု ညွှန်းကိန်းအောက်မှာ ရောက်လွန်းနေတာက အဓိကအချက်လို့ ပြောရမယ်။
တကယ်တော့ ကျွန်တော်တို့ နိုင်ငံရဲ့ အပြောင်းအလဲကာလမှာ အချင်းချင်း အာဏာခွဲဝေရေး အတွက် ရန်ဖြစ်နေတာကိုလျှော့ပြီး ပညာရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးလာအောင် အရင်လုပ်ရင်ကိုပဲ လူငယ်တွေကျူးလွန်တဲ့ ပြစ်မှုတွေ သေချာပေါက် လျော့သွားမယ်လို့ ပြောနိုင်တယ်။ အဲဒီနယ်ပယ် နှစ်ခုကိုလည်း အရင်လိုပဲ ဗဟိုက ချုပ်ကိုင်ချင်တဲ့ လူတွေကို တာဝန်ပေးနေရင်တော့ ဆန္ဒပြပွဲတွေနဲ့ ကန့်ကွက်ခံရတဲ့ အခြေခံပညာရေးဥပဒေတို့ ခရိုနီလက်တစ်ဆုပ်စာပဲ ချမ်းသာပြီးရင်း ချမ်းသာစေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတို့နဲ့ နပန်းလုံးနေမှာပဲ ဆိုတာ သိစေချင်တယ်။
အယ်ဒီတာ (၂၅-၁၀-၂၀၁၄)
--------------------------
The Voice Sunday Editor's Word, Vol-2/No-167 (#voiceeditorial)

No comments:
Post a Comment