ဘာလိုပြောရမလဲ။ ဘယ်လို ပြောရမှန်းကို မသိတော့။
ဒီနေ့ မနက် သတင်းစာဖတ်ပြီး ဘာပြောလို့ ပြောရမှန်းကို မသိတော့။
ဒီဖြစ်စဉ်ကို မပြောတတ်ပြောတတ် ပြောရင်တော့ တော်တော်ရှည်လျားချေလိမ့်မည်။
၂၀၁၀ ဒီမိုကရေစီ အစိုးရ တက်လာပြီးနောက် သတင်းလွတ်လပ်ခွင့်များ ပေးခဲ့သည်။ သတင်းလွတ်လပ်ခွင့်များ ရချေပြီဆိုတော့ သတင်းစာဆရာတို့ ပျော်ကြသည်။ ဗိုက်ဆာလို့ အော်ငိုနေသည့် ကလေး မုန့်ပေးလိုက်သလို ပျော်ကြသည်။
သို့ပေမယ့် ကြာကြာမပျော်နိုင်ကြ၊ ပေးလိုက်သည့်မုန့် လွတ်လွတ်ကျလို့ဟုဆိုကာ တုတ်စာ ခဏခဏ မိပေသည်။
ရှေ့နေကို အင်တာဗျူးလို့၊ ငံပြာရည်စက်ရုံလို့
မရေးလို့၊ စင်ပြိုင်အစိုးရ သတင်းရေးလို့ ဆိုတဲ့ ခေါင်းစဉ်တွေ မရိုးရအောင်တပ်ပြီး စတုတ္ထမဏ္ဍိုင်ကို တုတ်စာ ဝိုင်းကျွေးကြတော့သည်။
ဌာနဆိုင်ရာအလိုက် သတင်းထောက်တွေကို တရားစွဲပြိုင်ပွဲ ကျင်းပနေသလားတောင် ထင်ရလေသည်။
သတင်းထောက် တစ်ယောက်ချင်းစီကနေ အယ်ဒီတာ တစ်ဖွဲ့လုံးအထိ တရားရုံးသို့သွား ပျော်ပျော်ပါးပါး တစ်တွဲကြီး အစစ်ဆေးခံကြရသည်။
နောက်ဆို ဂျာနယ်တိုက်တွေ အယ်ဒီတာ ရုံးခန်းတွေကို တရားရုံးသို့ ပြောင်းဖွင့်ကြရန်သာ ရှိတော့သည်။
သမ္မတကြီး၏ ပွင့်လင်းမြင်သာမှု ရှိသော ဂွတ်ဂါးဗားမန့်၊ ကလင်းဂါးဗားမန့် ကောင်းမွန်သန့်ရှင်းသော အစိုးရ လက်ထက်တွင် သတင်းထောက်တွေ အင်းစိန် မော်စကိုသို့ ပျော်ပျော်ကြီး သွားကြတော့သည်။
အုပ်ချုပ်ရေးမဏ္ဍိုင်က ဆော်သည်၊ တရားရေး မဏ္ဍိုင်ကလည်း ဆော်သည်။ မဏ္ဍိုင်နှစ်ခုပေါင်း ဆော်သည်လည်း ရှိသည်။
စတုတ္ထမဏ္ဍိုင်ကလည်း ပြန်အော်သည်။ ဒါနဲ့ ပတ်ဝန်းကျင်ကြားမှာ စိုးသည်ထင့် အလှူငွေ သိန်း ၅၀၀ ပေးပြီး ပြန်ချော့သည်။
ဟိုတစ်နေ့ဆီကတော့ ကာ/ချုပ်နှင့် စာနယ်ဇင်းကောင်စီတို့ တွေ့ကြသည်။ ကြည့်ရတာ မုန့်လာပေးတာ ဖြစ်နိုင်သည်လို့ ထင်မိသေးသည်။ အရင်တစ်ခါ ယူနတီသတင်းသမားတို့ကို ၁၀ နှစ်စီ ထောင်ချကာ တုတ်ကျွေးထားသည် မဟုတ်ပါလား။
အပေးအယူ တည့်သွားကြသည်ထင်ပြီး ကြားထဲကနေ စိတ်ချမ်းသာနေမိသေးသည်။ အရင်တစ်ခါ သမ္မတနှင့် တွေ့တုန်းကတော့ ယူနတီအဖွဲ့ကို ၁၀ နှစ်မှ ၇ နှစ် လျှော့ပေးထားသည်လေ။
သို့ပေမယ့် မကြာလိုက်၊ မွန်းတည့်နေအဖွဲ့ကို ၂ နှစ် ထောင်ချလိုက်သည့်သတင်း ထွက်ပေါ်လာသည်။
ဘယ်လိုဖြစ်တာပါလိမ့်။ ဟိုနေ့ကမှ တွေ့ကြဆုံကြနှင့် မြိုင်ထတွေ ကနေသေးသည်။ ချက်ချင်း ဘီလူးဆိုင်း ပြောင်းတီးလိုက်တော့ တအံ့တသြ။
ကြည့်ရတာ မုန့်လာပေးတာ မဟုတ်ဘဲ တုတ်လာပြတာ ဖြစ်နိုင်သည်။ ဒါမှမဟုတ် မငိုနဲ့နော် ငိုတဲ့ကလေး မုန့်မကျွေးဘူးဆိုပြီး လာပြောတာလည်း ဖြစ်နိုင်သည်။ နှစ်မျိုးလုံးလည်း ဖြစ်နိုင်သည်။ တုတ်နှင့်မုန့်တွဲကာ ဘယ်ဟာလိုချင်လဲဆိုပြီး လာမေးတာလည်း ဖြစ်နိုင်သည်။
မကြာလိုက် ပြန်ကြားရေးဝန်ကြီး ဂျာနယ်လစ်ရုံးခန်းကို ရောက်လာသည်ဟု သိရသည်။ ဒီတစ်ခါ မငိုပါနဲ့ကလေးရယ် မုန့်ဝယ်ကျွေးပါ့မယ် ဆိုပြီး လာချော့သည်ဟု ပြောကြသည်။
ရှေ့သွားလေးတွေ ရှိထားတော့လည်း သူပြောတာကို ယုံရမှာလို မယုံရဲတာလိုလိုနှင့် အနှီ ဂျာနယ်လစ်ကလေးများ မျက်လုံးလေး ကလယ်ကလယ်နှင့်။
ဘာပဲဆိုဆို ဘီလူးဆိုင်း တစ်ခါတီးပြီး မြိုင်ထလာကသည်ပဲ ထင်သည်။
တဖြည်းဖြည်းနှင့် ဆူးလှည်းတို့ စတုတ္ထမဏ္ဍိုင်ကြီးခမျာ တစ်ဖက်က ရေခဲမုန့်လေးပြလိုက်၊ တစ်ဖက်က ကြိမ်လုံးနှင့် ဆော်လိုက် လုပ်ခံနေရသော ကလေးနှင့် ပိုတူလာချေပြီ…။
ဒီလိုနှင့် မီဒီယာနှင့် အစိုးရတို့သည်ကား တုတ်တစ်လှည့် မုန့်တစ်လှည့်နှင့် နှစ်ပါးသွား ကကြလေသည်။ မြိုင်ထလေးတစ်ခါ ဘီလူးဆိုင်း တစ်လှည့်နှင့် သူ့ဟာသူတော့ အဆင်ပြေကြသည်။
ဒီကြားထဲ ကလေးအချင်းချင်းကလည်း ရန်ဖြစ်ကြသေးသည်။ အချင်းချင်း ဖိုက်တင်ဆွဲကြသည်။ သတင်းသမားအချင်းချင်း၊ ဂျာနယ်အချင်းချင်း တရားစွဲမည် ဆိုတာတွေ၊ ခြိမ်းခြောက်တာတွေလည်း ကြားနေရသည်။
အစိုးရကလည်း သတင်းသမားတွေကို ထောင်ထဲ ထည့်ရသောကြောင့် ထောင်မဆံ့သဖြင့် လူဆိုးသူခိုးတွေကို လွတ်ငြိမ်းချမ်းသာခွင့် အမျိုးမျိုးဖြင့် ခေါင်းစဉ်တပ်ပြီး လွှတ်ပေးနေကြသလား အောက်မေ့ရသည်။
ဒီလိုဆိုတော့ ကိုယ့်သတင်းသမားများ သမ္မတနည်းတူ ကုသိုလ်ရသည်ဟု ဆိုရချေမည်။
နောက်ဆို အစိုးရမင်းများက သတင်းထောက်များအတွက် သီးသန့်ထောင်များပင် စေတနာ ကြီးမားစွာဖြင့် တည်ဆောက်ပေးတော့မည်ဟု ထင်သည်။
သတင်းထောက်တွေအတွက် ဒါလည်း မဟာအခွင့်အရေးပင်။ ဒီတော့ သတင်းထောက် ဖြစ်နေမှ ထောင်ကျဖို့ အခွင့်အရေးရှိမည်။ ထောင်ကျဖို့ အခွင့်အရေး ရှိနေသမျှ နာမည်ကြီးနိုင်မည့် အခွင့်အရေး ရှိမည်။
အခုခေတ်ကလည်း ထောင်ကျမှ နာမည်ကြီးသည့်ခေတ် မဟုတ်လား…။
ပြီးတော့ ထောင်မှထွက်လျှင် ဆူးလေဘုရား လမ်းသွားပြီး ကားတွေကို ကိုယ်က ဝင်တိုက်ပြီး လျော်ကြေးတောင်းတာမျိုးလည်း လုပ်နိုင်သေးသည်။
ဂျိုကာကတော့ ထောင်ကျမှာ ကြောက်သည်။ နာမည်လည်း မကြီးချင်။
ဒီတော့ ဂျိုကာတစ်ယောက် သတင်းလောကမှ အနားယူမည်။ အင်းစိန်ထောင်နားတွင် အခန်းတစ်ခန်း ငှားမည်။ ပြီးတော့ သတင်းထောက် ထောင်ဝင်စာ အထူးအကျိုးတော်ဆောင် မောင်ဂျိုကာဟူသော ဆိုင်းဘုတ်ကြီး တပ်မည်ဟု စိတ်ကူးသည်။
ထောင်ကျသွားသော သတင်းထောက်များအတွက် ထောင်ထဲတွင် နေရာကောင်း ရအောင်၊ အလုပ်ဘုတ် ကောင်းကောင်းရအောင် ထောင်ဝန်ထမ်းတွေနှင့် ချိတ်ဆက်ပြီး လမ်းကြောင်းတွေ ကြိုလေ့လာမည်။ ထောင်ဝင်စာအတွက် မရှိမဖြစ် ဖြစ်သော ငါးပိကြော်၊ ကော်ဖီမစ်နှင့် ဆေးပေါ့လိပ်တို့ကို ကိုယ်စားလှယ်ယူပြီး ရောင်းမည်။ အနှီထောင်တွင်း အထူးဝန်ဆောင်မှု အကျိုးဆောင်လုပ်ငန်းကြီးဖြင့် သူဌေးကြီး ဖြစ်အောင် လုပ်မည်ဟု စိတ်ကူးမိသေးသည်။
ဒီမနက် သတင်းတစ်ပုဒ် ထပ်ဖတ်လိုက်ရသည်။ သတင်းစာမှ ပါလာသည်က တစ်လနီးပါးကြာ ပျောက်ဆုံးနေသော အလွတ်သတင်းထောက် အောင်နိုင် (ခ) ကိုပါကြီးသည် တပ်မတော်က ထိန်းသိမ်းထားစဉ် အစောင့်စစ်သည်ထံမှ သေနတ်လုယူ ထွက်ပြေးရန် ကြိုးပမ်းသည့်အတွက် ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိခဲ့သည် ဟူသတတ်။
သတင်းထောက်က သေနတ်လုသည်ဟု တပ်မတော်က ထုတ်ပြန်လိုက်သည်။ သရက်သီးသနပ်လား၊ မရမ်းသီးသနပ်လား ဆိုသည်ကိုတော့ ကိုပါကြီးသာ သိလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ကိုပါကြီးကား သတင်းထောက် ရမ်ဘိုပင်...။ အခုတော့ မြန်မာတပ်မတော်ကြီးနှင့် တွေ့မှ ရမ်ဘိုလည်း ကံဆိုးရှာပြီ...။ ဘာပြောရမှန်းလည်း မသိတော့။ ဒီတစ်ခါ ဘီလူးဆိုင်းတွင်တော့ ကြိမ်လုံးနှင့် ဝါးရင်းတုတ် မှားရိုက်လိုက်ပြီ ထင်သည်။
ကဲ ... ဘယ်ကလေးတွေ အော်ငိုကြဦးမည်နည်း။ ဂျိုကာတို့ကတော့ မုန့်မတောင်းဝံ့တော့ချေ။
-
Credit - The Voice
No comments:
Post a Comment