ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ၀ါးခယ်မမြို့နယ်၊ ငှက်ပျောချောင်း ကျေးရွာအုပ်စု၊ ဆူးတွင် မြစ် ကလေး ကျေးရွာတွင် မိန်းမနှင့် ကလေးရှိသဖြင့် သွားရောက်တွေ့ဆုံရန် နှစ်စဉ်နှစ်တိုင်းလိုလို ရွာသို့ ပြန်၍ သင်္ကြန်တွင် မဏ္ဍပ်ဆောက်၍ အလှူစတုဒိသာ ပြုလုပ်လေ့ရှိပါတယ်။ လက်ရှိအချိန်တွင် လင်မယား ခေတ္တ အချင်းများ ထားသောကြောင့် ၎င်းမိဘများ နေအိမ်တွင် မနေထိုင်ဘဲ ရွာထဲရှိ မိတ်ဆွေအပေါင်းသင်း များ နေအိမ်တွင် နေထိုင်ခဲ့ပါတယ်။ နှစ်ဆန်း ၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကျွန်တော် အိပ်ပျော်နေစဉ် ကျွန်တော့် အား လာရောက်နိုးသောကြောင့် တံခါးဖွင့်ပြီးမေးမြန်းစဉ် တပ်ကြပ်လှထွန်းမှ ငါဘယ်သူ လဲ သိလားလို့မေးရာ ကျွန်တော်မှ မသိကြောင်း ဖြေဆိုစဉ် ဒါဘာလဲဆိုပြီး သူ၏ယူနီဖောင်းကို ကိုင်ပြ၍ငါရဲကွဆိုပြီး အပေါက်ဝတွင် ထိုးခဲ့ပါတယ်။ ပြီးတော့ လာလိုက်ခဲ့ဆိုပြီး
ကုတ်ကနေဆွဲ၍ ခေါ်ခဲ့ပါတယ်။ ပြီးနောက် တပ်ကြပ်နယ်ထိန်း စန်းနိုင်မှ မင်းလားကွ ၀ါးခယ်မသားဆိုပြီး လက်ထိပ် နောက်ပြန်ခတ်၍ ထိုးကြိတ်ပါတယ်။ ပြီးနောက် ငုတ်တုတ်ထိုင်လျက် သူ၏စီးထားသော ဘွတ်ဖိနပ်ကိုချွတ်ကာ ဆံပင်ကိုဆွဲ၍ ဘယ်ပြန် ညာပြန် ၇ ချက် ရိုက်ခဲ့ပါတယ်။ ကျွန်တော့်အား မရိုက်ရန်ပြောသောအခါ ငါဒီရွာနယ်ထိန်းကွ၊ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုပြီး မျက်နှာ ကို ခြေထောက်ဖြင့် ဖြတ်ကန်ပါတယ်။ ဒါတောင်မှ အားမရသေးဘဲ ဆိုင်ကယ်တွင် ကြိုးတပ်၍ ဘယ်သူဆွဲရဲလဲ၊ မင်းတို့မလုပ်ရဲရင် ငါလုပ်မယ် ဆိုသောကြောင့် မနေနိုင်သော သူများက ၀ိုင်းဝန်းတောင်းပန် သောကြောင့် မလုပ်ခဲ့ဘဲ ကျွန်တော့်ပစ္စည်းများကို အိတ်နှင့်တကွ ယူလာခိုင်းရာ ဖုန်း ၁ လုံးနှင့် ဓာတ်မီး တစ်လုံးသာတွေ့၍ ဓာတ်မီးနှင့် ကျွန်တော့် ခေါင်းကိုရိုက်ရာ ဓာတ်မီးမှာ တစစီ ကွဲသွားခဲ့ပါတယ်။ ဖုန်းအား မသင်္ကာဟု ဆိုကာ သိမ်းယူသွားပါတယ်။
ထိုအချိန် သူ၏လူများဖြစ်သော ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် တပ်ကြပ်လှထွန်းတို့က ရပ်မိရပ်ဖဆိုသူ ၏ နေအိမ်သို့ ခေါ်ဆောင်ခဲ့ပါတယ်။ ခေါ်ဆောင်ရာ လမ်းတစ်လျှောက်တွင် တပ်ကြပ်လှထွန်းမှ မိဘများနှင့် ကျွန်တော့်အား ဂုဏ်သိက္ခာ ကျဆင်းစေသော ဆဲဆိုမှုများနှင့် ထပ်မံနှိပ်စက်၍ တိရိစ္ဆာန် တစ်ကောင်ကဲ့ သို့ ခေါ်ဆောင် သွားခဲ့ပါတယ်။ ကျွန်တော့်အား ခတ်ထားသော လက်ထိပ်မှာ အသားတွင်းထိ မြုပ်ဝင်သောကြောင့် နဲနဲလျော့ပေးရန် ပြောသော်လည်း မလျော့ပေးသည့်အပြင် ထပ်မံ ထိုးကြိတ်ခဲ့ပါတယ်။ တပ်ကြပ်စန်းနိုင်၊ တပ်ကြပ်လှထွန်းတို့မှာ လူမှန်းမသိအောင် ခြေထောက်တည်မရဘဲ မူးနေခဲ့ပါတယ်။ ရပ်မိရပ်ဖအိမ်သို့ ရောက်သော အခါ ကျွန်တော့်အမျိုးသမီး၏ မိသားစုများလည်း ရှိနေပါတယ်။ တပ်ကြပ်စန်းနိုင်မှ ဘီယာ တစ်ဘူးကို ဖောက်ပြီး တစ်ငုံသောက်လိုက် ကျွန်တော့်အား တစ်ခါကန်လိုက်နှင့် ထပ်မံ နှိပ်စက်ပါတယ်။ ကျွန်တော့်၏ ဖုန်းအားအကြောင်း ရှာ၍ ကျွန်တော့်အား မသင်္ကာမှုနှင့်စွဲပြီး အချုပ်ရမန်ယူ၍ ထပ်မံနှိပ်စက်မည့် အကြောင်း ပြောပါသည်။
ကျွန်တော်မှ ကျူးလွန်ခဲ့သည့် အကြောင်းရှိပါက ဥပဒေနှင့်အညီသာ ပြုလုပ်သင့် ကြောင်း ပြောသော်လည်း မရခဲ့ပါ။ နံနက် ၁ နာရီ ၁၅ ၀န်းကျင်ခန့်တွင် ကျွန်တော့်အား ပဲ့ထောင်ဖြင့် ငှက်ပျောချောင်း စခန်းသို့ အိမ်ရှင်နှစ်ေ ယာက် နှင့်အတူ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။ စခန်းသို့ ရောက်သောအခါ စခန်းမှူးမှ ညဥ့်နက်နေပြီ ဖြစ်သောကြောင့် မနက်မှ ရှင်းပေးမည်ဟုဆိုကာ ဘုရားခန်းတွင် ကောင်းမွန်စွာ သိပ်ထားခဲ့ပါတယ်။ မနက်၎င်းတို့ တန်းစီပြီးအချိန်တွင် ကျွန်တော်တို့အား မည်ကဲ့သို့ ဖြစ်ပွားပုံနှင့် သူ၏ တပ်သားများအား မူးယစ်သောက်စား ထားသောကြောင့် အပြစ်မမြင်ဘဲ တစ်ကြိမ်တစ်ခါ ခွင့်လွှတ် ပေးပါရန်နှင့် မတိုင်ကြားရန် လည်း ဖျောင်းဖြခဲ့ပါတယ်။ စခန်းမှူးမှ ၎င်းကိုယ်တိုင် ထိုကိစ္စများ လုံးဝမသိရှိ ခဲ့ကြောင်း ပြောကြား၍ ၎င်းဖြစ်စဉ်မှာ သူနှင့်သက်ဆိုင်ခြင်း မရှိကြောင်း ပြောပါတယ်။ ထိုရွာသို့ပြန်ရန် မသင့်တော်ကြောင်း၊ ပြန်သွားလျှင် အန္တရာယ်ဖြစ်နိုင်ကြောင်း ပြောဆိုပြီး၊ ကျွန်တော်မှ ပိုက်ဆံအိတ်နှင့် မှတ်ပုံတင်၊ ထောက်ခံစာများ ကျန်သေးကြောင်း ပြောသော်လည်း သွားမယူတော့ရန်နှင့် ၎င်းကိုယ်တိုင် ပစ္စည်းများ မပျောက်ဆုံးစေရန် တာဝန်ယူကြောင်းဆိုပြီး သူ၏ လက်ထောက် ဒုရဲအုပ် တစ်ယောက်အား ဆိုင်ကယ်ဖြင့် ကျွန်တော့် မိဘများရှိရာ ၀ါးခယ်မမြို့သို့ ပို့ဆောင်ပေးပါတယ်။
ဤကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျ မှုများနှင့် မူးယစ်ရမ်းကားပြီး လူမိုက်စိတ်ဓာတ်ရှိသော၊ ဥပဒေကို မျက်ကွယ်ပြု ၍ ပြည်သူအား သနားငဲ့ညှာခြင်း မရှိသော ကျေးရွာအာဏာပိုင်များနှင့် ပူးပေါင်းကြံစည်သူများနှင့်တကွ ယုတ်မာရိုင်းစိုင်းလှသော လူသားချင်း စာနာမှုမရှိ၊ ငွေကိုသာကြည့်ပြီး ပြည်သူကို မကြည့်သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးအား နိုင်ငံတော်သမ္မတကြီး၊ လွှတ်တော်နာယကကြီးနှင့် တရားဥပဒေစိုးမိုးရေးမှ သက်ဆိုင်ရာ လူကြီးမင်းများ အား သနားညှာတာသော အားဖြင့် အရေးယူ ဆောင်ရွက်ပေးပါရန် သံတော်ဆင့် သတင်းစာဂျာနယ်မှ တစ်ဆင့် တောင်းပန် တိုင်ကြား အပ်ပါသည်။
အောင်မျိုးမင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment