Saturday, May 9, 2015

ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲမထွက်သော “၀”ဒေသအဖြစ် အာဏာရပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသုံးသပ်ထား “၀”ပြည်နယ်အရေး ထောက်ခံပေးရန် ပန်ဆန်းထိပ်သီးညီလာခံ

ရန်ကုန်၊ မေ ၅

“၀”ဒေသသည် ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲမထွက်သော ဒေသဖြစ်ကြောင်း အာဏာရပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း သုံးသပ်ချက်ကို မြန်မာသံတော်ဆင့် သို့ ပြောကြားထားခဲ့ပြီး ၂၀၁၅၊ မေလ ၁ ရက်က ရှမ်းပြည်နယ် ပန်ဆန်း၌ ပြုလုပ်သော တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီးညီလာခံတွင် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စု အစိုးရထံသို့ တင်ပြထားမှုအပေါ် စာနာနားလည်ပြီး ထောက်ခံပေးရန် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးပေါက်ယူချမ်းက တင်ပြခဲ့သည်။

““၁၉၈၉ ခုနှစ်မှစ၍ ကျွန်တော်တို့သည် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင် ကြံ့ခိုင်စွာ လျှောက်လှမ်း ခဲ့ပြီး နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ သွေးကွဲခြင်းမပြုဘဲ မိမိတို့ဒေသကို မိမိတို့ကိုယ်တိုင် အုပ်ချုပ်သည့်မူ အပေါ်တွင် ရပ်တည်ကာ မိုးသက်မုန်တိုင်းများအတွင်း၂၆ နှစ်ကာလကို ဖြတ်သန်းခဲ့ပြီးဖြစ်ပြီး သမိုင်းစာရွက် စာတမ်းများနှင့် ပြည်သူလူထု၏ ပြင်းပြသော တောင်း ဆိုမှုအရ ကျွန်တော်တို့သည် ပြည်ထောင်စု အစိုးရထံသို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် လျှောက်လွှာကို တင်ပြခဲ့ပြီးဖြစ်ပါသည်။ ဤအကြိမ် တိုင်းရင်းသား အဖွဲ့အစည်း ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် အဖွဲ့အစည်း ခေါင်းဆောင် ကြီးများ၏ စာနာမှု၊ နားလည်မှုနှင့် ထောက်ခံမှုများကိုလည်း ရရှိနိုင်ရန် မျှော်လင့်ပါသည်””ဟု “၀”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးပေါက်ယူချမ်းက ကြိုဆိုနှုတ်ခွန်းဆက်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခန်း (၂) ပုဒ်မ ၅၆(စ)အရ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖားမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်းမြို့နယ်တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ကာ “၀”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည်။

““အများကြီး ဆွေးနွေးစရာတွေ ရှိတယ်။ ဒီကိစ္စက ရှမ်းပြည်နယ် အရေးကိစ္စမဟုတ်ဘူး။ ကျွန်တော် ပြောချင်တာက ပြည်ထောင်စု အရေးကိစ္စဖြစ်တယ်။ ပြည်ထောင်စုလိုမျိုး လူစုံတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ရမှာပါ။ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ဘာတွေကနေ ဆုံးဖြတ်ရမှာ။ အခုပြောလို့မရပါဘူး””ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တောင်းဆိုမှု ထောက်ခံပေးရန်နှင့် ပတ်သက်၍ ပန်ဆန်း ဆွေးနွေးပွဲသို့ တက်ရောက်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ် ပဒိုစောကွယ်ထူးဝင်းက- “၀” အဖွဲ့အစည်းက တင်ပြတဲ့ အချို့အချက်တွေက နည်းနည်းတော့ ပြန်ညှိရမယ့် သဘောတော့ ရှိတယ်။ တချို့ဟာတွေက ““သူတို့ပြောနေတာ “၀” ပြည်နယ် တောင်းဆိုတာ။ “၀” ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်မှု ဒေသကို တောင်းဆို တာကို ထောက်ခံတာ။ အဲဒီဟာကို နည်းနည်း ဆွေးနွေးရမယ့် သဘောရှိတာပေါ့။ “၀”ပြည်နယ်က ရှမ်းပြည်နယ်မှာ ရှိနေတော့ ရှမ်းရဲ့ သဘောထားလည်း ရှိသေးတာကိုး။ အကုန်လုံးက နေပြီးတော့ အဆင်ပြေတဲ့ နည်းလမ်းရှာရမှာပေါ့””ဟု မေလ ၆ရက်ထုတ် ဒေးလီးအလဲဗင်း သတင်းစာသို့ ဖြေကြားထားသည်။

“၀” ဒေသအရေးနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်အတွင်း အာဏာရပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ““ရွက်ဆစ်ကို ကိုင်လို့ ရရ၊ မရရ “၀”နဲ့ယှဉ်လို့မရဘူး။ လုံးဝယှဉ်လို့မရဘူး။ သို့သော် ရွက်ဆစ်နဲ့ ဆိုင်တာ ကတော့ “၀” ရှိပါတယ်။ “၀” တပ်ဖွဲ့လေးတွေရှိတယ်။ ဟိုယခင်တုန်းက အကြောင်း အမျိုးမျိုးကြောင့် ခွင့်ပြု ပေးခဲ့တာလေးတွေ ရှိတယ်။ လွယ်လန်းဒေသတို့၊ ပုံပါကျင် အနောက်ဘက်ဒေသတို့၊ ပါချေးဒေသတို့ အဲဒီ နားလေးမှာ “၀”ကို ပေးထားတာရှိတယ်။ ရာဘာတွေဘာတွေ စိုက်တယ်။ တော်တော်လည်း ဖြစ်မြောက်တယ် ဆိုတော့ အဲဒီနားလေးမှာ “၀” တပ်ဖွဲ့ရှိတယ်။ အဲဒါကတော့ အစွန်အဖျားလောက်ပါ။ အင်အား အနည်းငယ်။ လက်နက်ကိုင် အဖွဲ့ထဲမှာ အင်အား အများဆုံးကလည်း “၀”တပ်ဖွဲ့ပါပဲ။ ဆိုတော့ ရွက်ဆစ်ကိုရတာ၊ မရတာ နဲ့ကတော့ Balance လုပ်လို့ မရပါဘူး။ ဘယ်အဖွဲ့မှ လုပ်လို့ မရဘူး။ အဲတစ်ခုတော့ရှိတယ်။ ကျန်တာတွေ အားလုံးရပြီဆိုရင်တော့ “၀” ကတော့ မနေသာဘူးပေါ့။ ပေါ်လွင်လာမယ်။ ထင်ပေါ်လာမယ်။“၀”ကလည်း အဲလိုလုပ်ဖို့ မလိုဘူး။ ကျွန်တော် ကိုယ်တိုင် လက်မှတ်ထိုး ပေးထားတာကိုး။ ဆက်လက်ပြီးတော့ ဒီစာချုပ်က တည်မြဲနေမှာပဲ။ မပျက်ပြယ်ဘူး။ ဘာမှ မပျက်ပြယ်ဘူး။ ၀ကလည်း မတော်လှန်ဘူး။ ဘယ်တော့မှလည်း ခွဲမထွက်ဘူး။ ဒီ့ထက်တိုးတက်တဲ့ လမ်းကြောင်းကိုပဲ သွားတော့မယ်လို့ ကျွန်တော်ထင်တယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ဦးအောင်သောင်းသည် တပ်မတော် အစိုးရလက်ထက် နိုင်ငံ့ရေးရာ အဆုံးအဖြတ်များတွင် အရေးပါသော နေရာမှ ပါဝင်ခဲ့သည့် အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးလည်းဖြစ်ကာ လက်ရှိလည်း အာဏာရ ပြည်ခိုင်ဖြိုးပါတီတွင် ပါတီဥက္ကဋ္ဌနှင့် နိုင်ငံရေး အဆုံးအဖြတ်များ အဓိကပူးတွဲ လုပ်ဆောင်ရသည့် ဗဟိုအတိုင်ပင်ခံ(၁)နေရာ တာဝန် ယူထားသူလည်းဖြစ်သည်။

ဝိုင်းမော်

● ပန်ဆန်းညီလာခံ မေ ၁ ရက်နေ့ မြင်ကွင်း။ Photo-RFA

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment