
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန် ကားဈေးကွက်အတွင်း ကားဝယ်သူမရှိခြင်းကြောင့် စလစ်ဈေးများ ကျဆင်းလာနေပြီး နယ်အထိ အဝယ်ဆင်းရှာနေရသည်ဟု ကားဝယ်ရောင်းလုပ်ငန်းရှင်များက ပြောသည်။
ကားစလစ်ဈေးများ ကျဆင်းလာသော်လည်း ကားလေလံဈေးနှင့် ကားတင်သွင်းစရိတ် မြင့်တက်နေခြင်းကြောင့် အဝယ်မရှိသလောက်ဖြစ်နေရာ နယ်အဝယ်မျှော်နေရသည့် အခြေအနေဟု ကား ဝယ်ရောင်းလုပ်ငန်းရှင်ဦးသိန်းထွန်းကပြောဆိုသည်။
“ဒီသင်္ကြန်နောက်ပိုင်းကစပြီး ကားဈေးကွက်ကလုံးဝ ပြန်မတက်လာတော့တာ၊ စလစ်ဈေးတွေဆိုလဲကျနေတာပဲ ဝယ်သူမရှိတော့ ကားရောင်းစခန်းမှာ နံနက်ကားလာထားပြီး သွားချင်တဲ့နေရာသွား ဝယ်သူကဖုန်းဆက်ရင် စကားသွားပြောလိုက်တယ်၊ အဆင်မပြေတာက များပါတယ်”ဟု ပြောသည်။
လက်ရှိအိမ်စီးကားစလစ် (၂၀၁၄ မော်ဒယ်)ပေါက်ဈေးတစ်စောင်လျှင် ကျပ် ၆၅ သိန်းဝန်းကျင်သာရှိနေပြီး၊ လုပ်ငန်းသုံးတက္ကစီ (အဌားယာဉ်) တင်သွင်းစလစ်တစ်စောင်လျှင် ကျပ် ၅၄ သိန်းဝန်းကျင်အထိ ကျဆင်းလာပြီး ယင်းမှာသင်္ကြန်တွင်းနောက်ပိုင်း အနိမ့်ဆုံးဈေးဖြစ်သည်ဟု လှိုင် ယာဉ်ရောင်းဝယ်ရေးစခန်း ကားဝယ်ရောင်း လုပ်ငန်းရှင်များက ပြောသည်။
လှိုင် ယာဉ်ရောင်းဝယ်ရေး စခန်းအခြေစိုက် ကားဝယ်ရောင်းလုပ်ငန်းရှင် ဦးမင်းဦးက “ စလစ်ဈေးက ဒီနှစ်မှာအနိမ့်ဆုံးဈေးလို့ပြောလို့ရတယ်၊ အိမ်စီးကားဆိုရင် လာမေးသူမရှိသလောက်ပဲ၊ လုပ်ငန်းသုံး တက္ကစီ ပရိုဘောက်လေးတွေပဲ တစ်နေ့ နှစ်စီးလောက်ပဲအရောင်းအဝယ် ဖြစ်နေတယ်”ဟုပြောသည်။
စပါးပေါ်ချိန်၊ ပဲပေါ်ချိန် နယ်အဝယ်ရှိနိုင်ခြင်းကြောင့် မြို့တွင်းကားဝယ်ရောင်းများ နယ်အထိဆင်းကာ အရောင်းအဝယ်လုပ်နေသည်ဟု ယင်းက ထပ်မံပြောသည်။
ဒေါ်လာဈေး၊ ကညနအခွန်၊ ဂျပန်လေလံဈေးနှင့် အကောက်ခွန်နှုန်း မြင့်တက်မှုများကြောင့်လည်း ရန်ကုန်ကားဈေးကွက်အတွင်း ဝယ်ယူသူမရှိဖြစ်နေသည်ဟု မြန်မာနိုင်ငံ ယာဉ်ဝယ်ရောင်းလုပ်ငန်းရှင်များအသင်းနှင့် ယာဉ်ရောင်းဝယ်ရေးစခန်း တာဝန်ရှိသူများက ပြောဆိုထားသည်။
Credit - Mizzima News
No comments:
Post a Comment