Wednesday, May 6, 2015

စစ်တပ်က တရားစွဲထားသည့် တောင်သူများကို ထောင်ဒဏ် ၁၅ရက် (သို့မဟုတ်) ငွေဒဏ် ၅၀၀ အမိန့်ချ၍ တောင်သူ ၃၀၀ကျော်ဆန္ဒပြ

ရန်ကုန် (မဇ္ဈိမ) ။ ။ ကယားပြည်နယ် လွိုင်ကော်မြို့နယ် အမြှောက်တပ် အမတ ၃၆၀ က တောင်သူ ၇ ဦးနှင့် စက်မှုလယ်ယာမှ စက်သမား ၃ ဦးကို တရားစွဲဆိုထားသည့် အမှုကို လွိုင်ကော်မြို့နယ် တရားရုံးက တောင်သူများအား ပြစ်ဒဏ်တပ် အမိန့်ချမှတ်ခဲ့၍ ဒေသခံတောင်သူများအပါအဝင် လူဦးရေ ၃၅၀ ခန့်က မေလ ၄ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

kayah

အမြောက်တပ် အမတ ၃၆၀ က တောင်သူ ၁၀ ဦးကို ပိုင်နက်ကျူးလွန်မှု၊ အားပေးကူညီမှု ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး လွိုင်ကော်မြို့နယ် တရားရုံးက မေလ ၅ ရက်တွင် ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ငွေဒဏ် ၅၀၀ ကျခံစေရန် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကရင်နီပြည်လူငယ်များ သမဂ္ဂအဖွဲ့ဝင် ကိုခွန်ဘီထူးက “ဒါကို ပြည်နယ်အစိုးရ အဖွဲ့က တာဝန်ယူ ဖြေရှင်းပေးသင့်ပါတယ်။ နောက်ကို ဒါမျိုးတွေ ဆက်လက် မဖြစ်ပွားအောင်ပါ။ ချမှတ်ထားတဲ့ ပြစ်ဒဏ်က လျော့ပေါ့ပေမယ့် အပြစ်ရှိတယ်လို့ အမိန့်ချမှတ်လိုက်တာက အရေးကြီးတာပါ။ အဲ့ဒါကြောင့် ဆန္ဒပြကြတာပါ။”ဟု ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် လွိုင်ကော်မြို့နယ် မြို့လယ်လမ်းမ တစ်လျှောက်တွင် နေ့လည် ၁၁ အချိန်ခန့်က စတင်၍ ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြခဲ့ကြသည်။

ဆိုလျားကူးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တောင်သူများကို စစ်တပ်ကတရားစွဲဆိုမှု တောင်သူများကို အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့မှု၊ လွိုင်ကော်မြို့နယ် တရားရုံးက တောင်သူ ၁၀ ဦးကို အပြစ်ရှိကြောင်း အမိန့်ချမှတ်မှုတို့ကို ဆန့်ကျင်ကြောင်းနှင့် လယ်သိမ်းခံခဲ့ရသည့် တောင်သူများ လယ်ယာမြေများ ပြန်လည်ရရှိရေးတို့အတွက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ဒေသခံများက ပြောသည်။

အမိန့်ချမှတ်ခံခဲ့ရသည့် တောင်သူ ကိုတူရယ်က “ဒါလုံးဝမတရားပါဘူး။ တောင်သူတွေကိုပဲ အပြစ်ရှိတယ်လို့ ချမှတ်နေသလို ဖြစ်နေပါတယ်။ ဒီအဖြစ်အပျက်တွေကို ဖြေရှင်းမပေးတဲ့အပြင် တောင်သူတွေကို ဖိနှိပ်သလိုဖြစ်နေတယ်” ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် လယ်ယာမြေသိမ်းဆည်းမှုများ ရပ်တန့်ရေး၊ အဖမ်းဆီးခံနေရသည့် တောင်သူများကို ပြန်လည်လွှတ်ပေးရေး၊ တောင်သူများ၏ အခွင့်အရေးကို လေးစားလိုက်နာပေးရေး၊ တရားဥပဒေ စိုးမိုးရေး တို့ကို ကြွေးကြော်ခဲ့ကြသည်။

အမြောက်တပ်၏ တပ်ပိုင်မြေဟု ဆိုင်းဘုတ်တပ်ထားသည့် ဧရိယာအပြင်ဘက်တွင် င်္သချိုင်းမြေ တစ်ခုရှိပြီး င်္သချိုင်းမြေအလွန်တွင် တောင်သူများ၏ တောင်ယာများရှိသည်။ ယင်းတောင်ယာမြေများကို ၂၀၁၄ခုနှစ် စက်တင်ဘာ ၂၇ရက်က ယင်းမြေများသည် တပ်ပိုင်မြေဖြစ်ကြောင်း ခေါ်ပြောခဲ့ပြီး ပုဒ်မ နှစ်ခုဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု တောင်သူ တစ်ဦးဖြစ်သည့် ကိုသောမက်က မဇ္ဈိမကို ပြောသည်။

Credit - Mizzima News

No comments:

Post a Comment