~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
● ယခင်တစ်ပတ်မှအဆက်
၎င်းပြန်ကြားချက်အရ အဆိုပါပုဂ္ဂိုလ် (၅)ဦးတို့အား ၃၁-၁၂-၆၀ အထိ အခမဲ့ ယာဉ်လက်မှတ်များကို ဆက်လက် သုံးစွဲခွင့်ပြုပြီး ထိုနေ့ရက် ကုန်လွန်သောအခါ ၎င်းတို့၏ လက်မှတ်များကို ပြန်လည် ရုပ်သိမ်းသင့်ကြောင်း သာသနာရေးဌာနက ဘယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးဌာနသို့ အကြောင်းကြားခဲ့သည်။
၁၉၆၁ ခုနှစ်တွင်မူ အထက်ဖော်ပြပါ ပုဂ္ဂိုလ် (၅)ဦးတို့အား အခမဲ့ယာဉ်လက်မှတ်များ ပြန်လည်ထုတ်ပေးခြင်း မပြုပါက ဖိနှိပ်သည်ဟု ထင်စရာ အကြောင်းရှိသည်ဟု သာသနာရေးဌာန ၀န်ကြီးကတစ်ဖန် အမိန့် ချမှတ်သဖြင့် ၁၉၆၀ ပြည့်နှစ်က အခမဲ့ယာဉ် လက်မှတ်ရရှိထားသော အစ္စလာမ်ဘာသာဝင် အားလုံးသို့ ၁၉၆၁ ခုနှစ်တွင်လည်း အခမဲ့ယာဉ်လက်မှတ်များ ပြန်လည် ထုတ်ပေးခဲ့သည်။
၁၉၆၂ ခုနှစ်တွင်မူ ဒုတိယချမှတ်သော ““မူ””အရ မော်လနာယာဇီ မိုဟာမက်ဟာရှင်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင် ဘာသာနာရေးအဖွဲ့ချုပ်မှ ပုဂ္ဂိုလ်(၂)ဦးတို့အား အခမဲ့ယာဉ် လက်မှတ်များ ထုတ်ပေးခဲ့သည်။
၁၉၆၃ ခုနှစ်နှင့် ၁၉၆၄ ခုနှစ်များတွင်လည်း ဘာသာခြားများနှင့် ပတ်သက်၍ ၁၉၆၂ ခုနှစ်က အခမဲ့ လက်မှတ် များ ထုတ်ပေးခဲ့သော ပုဂ္ဂိုလ်အရေအတွက် အတိုင်းသာ ထုတ်ပေးရန် တွဲဖက်အတွင်းဝန်က အမိန့်ရှိသဖြင့် အစ္စလာမ်ဘာသာအတွက် အထက်ဖော်ပြပါ ပုဂ္ဂိုလ်(၃)ဦးသာ အခမဲ့ယာဉ်လက်မှတ်များ ရရှိပါတော့သည်။
၆။ အဘိဇေမဟာရဋ္ဌဂုရုနှင့် အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တော်များ ဆက်ကပ်လှူဒါန်းခြင်း
ဤကိစ္စကို သာသနာရေးဌာနက ဆောင်ရွက်ပါသည်။ ပိဋကတော်ပါဠိစာပေ၌ ထူးချွန်နှံ့စပ်၊ သီလ၀န္တသိက္ခာကာ မ ဖြစ်တော်မူသော ရဟန်းတော်များအား ဘွဲ့တံဆိပ်များ လှူဒါန်းရန်အလို့ငှာ ၁၉၅၃-ခုနှစ် တွင် အစိုးရက““ဘွဲ့တံ ဆိပ် စီစဉ်သတ်မှတ်ရေး ကော်မတီ”” တစ်ရပ်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းကော်မတီ ထောက်ခံချက်အရ ထိုက်သင့်သော ဆရာတော်များအား အစိုးရက““အဘိဓဇမဟာရဋ္ဌဂုရု””နှင့် အဂ္ဂမဟာ ပဏ္ဍိတ”” ဘွဲ့များ လှူဒါန်းခဲ့ပါသည်။
● လုပ်ငန်းလုပ်ဟန်
နှစ်စဉ် စက်တင်ဘာလတွင် သာသနာရေးဝန်ကြီးဌာနက တိုင်းမင်းကြီး အားလုံးနှင့် ပြည်နယ်အားလုံးသို့ ၎င်းတို့ တိုင်းနှင့် ပြည်နယ် အသီးသီးမှ သတ်မှတ်ထားသော အင်္ဂါရပ်နှင့် ပြည့်စုံ၍ ဘွဲ့တံဆိပ် လှူဒါန်းသင့်သော ဆရာတော် စာရင်းကို တောင်းယူရပါသည်။ ရသမျှစာရင်းကို စာရင်းပေါင်းချုပ် ပြုလုပ်၍ လူပုဂ္ဂိုလ်(၅)ဦး ပါဝင်သော လျှို့ဝှက်စိစစ် ရွေးချယ်ရေး အဖွဲ့သို့ စိစစ်ရွေးချယ်ရန် တင်သွင်းရခဲ့ပါသည်။ ထိုအဖွဲ့က စိစစ် ပြီးလျှင် ဘွဲ့ပေးလှူသင့်သော ဆရာတော်များ၏ ဘွဲ့တော်များကို ဦးစားပေး အစီအစဉ်ပြုလုပ်ကာ ဤ၀န်ကြီး ဌာနသို့ တင်ပြရပါသည်။ ဤ၀န်ကြီးဌာနက လျှို့ဝှက် စိစစ်ရွေးချယ်ရေးအဖွဲ့၏ ထောက်ခံချက်ကို အစိုးရအဖွဲ့ သို့ တင်သွင်း အတည်ပြုချက်ရယူ၍ ဘွဲ့တံဆိပ်များ လှူဒါန်းသည်။
ဘွဲ့တံဆိပ်များ လှူဒါန်းခြင်းကိစ္စကို ၁၉၅၃ ခုနှစ် မတိုင်မီက ပြည်ထဲရေးက ကိုင်ဆောင်၍ ၁၉၅၃ ခုနှစ်မှစ၍ သာသနာရေး ၀န်ကြီးဌာနက ကိုင်ဆောင်ရသည်။ ၁၉၆၂ ခုနှစ်အထိ ဘွဲ့တံဆိပ်လှူဒါန်းပြီး ဆရာတော် စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ခုနှစ် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာ ပဏ္ဍိတ
၁၉၅၃ ခုနှစ် မတိုင်မီ – ၃၅
၁၉၅၃ခုနှစ် ၃ ၁၅
၁၉၅၄ ခုနှစ် – ၈
၁၉၅၅ ခုနှစ် – ၅
၁၉၅၆ ခုနှစ် ၆ ၂၃
၁၉၅၇ ခုနှစ် – ၃
၁၉၅၈ ခုနှစ် ၁ ၅
၁၉၅၉ ခုနှစ် – ၎
၁၉၆၀ ခုနှစ် – ၎
၁၉၆၁ ခုနှစ် ၁ ၁၂
၁၉၆၂ ခုနှစ် – ၂၈
● ဤကိစ္စနှင့် ပတ်သက်၍ ထူးခြားချက်မှာ –
၁၉၅၆ ခုနှစ်တွင် ဘွဲ့တံဆိပ်(၂)ကြိမ် လှူဒါန်းခဲ့ပါသည်။ ပထမတစ်ကြိမ်မှာ လှူရိုးလှူစဉ်အရ လွတ်လပ်ရေး အောင်ပွဲ အထိမ်းအမှတ်နေ့တွင် လှူခြင်းဖြစ်၍ အရေအတွက်အားဖြင့် အဘိဓဇမဟာရဋ္ဌဂုရု(၅)ပါးနှင့် အဂ္ဂမဟာပဏ္ဍိတ (၁၉)ပါး ဖြစ်ပါသည်။ ဒုတိယအကြိမ် လှူဒါန်းခြင်းကို သာသနာရေးဌာနက ဆောင်ရွက်ခြင်း မပြုခဲ့ရပါ။ ၀န်ကြီးချုပ် ကိုယ်တိုင်က ၎င်း၏ သဘောအရ လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။
၁၉၅၇ ခုနှစ်အတွက် အဂ္ဂမဟာပဏ္ဍိတ (၃)ပါးလှူရာ၌ ဤဌာနက၀န်ကြီးများအဖွဲ့သို့ ထောက်ခံအဆိုပြုစဉ်က (၂)ပါးသာလျှင် ဖြစ်ပါသည်။ ၀န်ကြီးများအဖွဲ့က အမိန့် ထွက်လာသောအခါ ၃ ပါးဖြစ်လာပါသည်။ အပိုတစ်ပါးမှာ ရန်ကုန်မြို့၊ လောင်းဝပ်ခ်ျလမ်း၊ အလယ်တောရစာချ ပါဠိတက္ကသိုလ် ဆရာတော် ဦးသူရိယာဘိဝံသ ဖြစ်ပါသည်။
ထိုဆရာတော်သည် ထိုနှစ်က အဂ္ဂမဟာပဏ္ဍိတပေးရန် ထောက်ခံတင်သွင်းသည့် စာရင်းတွင် ၎င်း၏ ဘွဲ့တော် မပါကြောင်း တစ်နည်းနည်းဖြင့် သိရှိသွား၍ ၀န်ကြီးဟောင်း ဦးကျော်ငြိမ်းထံ ချဉ်းကပ်ပြီးလျှင် ဘွဲ့ရရှိရေး အတွက် ကြိုးပမ်းသည်ဟု ကြားသိရသည်။ ထိုစဉ်က ၀န်ကြီးချုပ်မှာ ဦးဗဆွေကြီးဖြစ်ပါသည်။ ဦးဗဆွေကြီးက လျှို့ဝှက်စိစစ်ရေး ကော်မတီအဖွဲ့ဝင်များအား ဖိတ်ကြားပြီးလျှင် ထိုဆရာတော်အား ၎င်းအနေဖြင့် ဘွဲ့လှူဒါန်းလျှင် ကန့်ကွက်ရန် ရှိ၊ မရှိ မေးမြန်းပါသည်။ အဖွဲ့ဝင်များက ဆရာတော်သည် အရည်အချင်းနှင့် ပြည့်စုံသော်လည်း ၀ါတော်နုသေးသဖြင့် ထောက်ခံခြင်း မပြုသေးဘဲထားခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ၀န်ကြီးချုပ်၏ သဘောအတိုင်း လှူဒါန်းခြင်းကိုမူ မည်သို့မျှ ကန့်ကွက်ရန် မရှိကြောင်း ပြန်ကြားကြသဖြင့် ဘွဲ့တံဆိပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
စိစစ်ရေးအဖွဲ့တွင် ဆာဦးသွင်သည် ဥက္ကဋ္ဌအဖြစ် ပါဝင်ပါသည်။ ထိုအလယ်တောရ ဆရာတော်အား ဂုဏ်ပြုပွဲကို ဆာဦးသွင်၏ ဖလ်ယဉ်ဓမ္မာရုံတွင် ကျင်းပစဉ်က ဆာဦးသွင်အား ဖိတ်ကြားသော်လည်း စိစစ်ရေး ကော်မတီကို လွှမ်းမိုး၍ ဘွဲ့တံဆိပ်လှူဒါန်းခြင်းဖြစ်သဖြင့် မကျေနပ်ခြင်းကြောင့် ချီးကျူးပူဇော်ပွဲသို့ မလာကြောင်း သိရသည်။
၁၉၆၂ ခုနှစ်မူ အဂ္ဂမဟာပဏ္ဍိဘွဲ့တော် ၂ ကြိမ် လှူဒါန်းခဲ့ပါသည်။ ပထမအကြိမ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ၁၇ ပါး လှူဒါန်းခဲ့ပါသည်။ ထို ၁၇ ပါးအနက် လျှို့ဝှက်စိစစ်ရေးအဖွဲ့၏ထောက်ခံသော ဆရာတော်များမှာ ၁၀ ပါးသာလျှင် ဖြစ်ပါသည်။ ကျန်ဆရာတော် ၇ပါးအနက် ၂ ပါးကို သာသနာရေးဝန်ကြီး ဦးဘစော၏ ဖြည့်စွက် ထောက်ခံချက်အရ လှူဒါန်းခဲ့ရ၍ ကျန် ၅ ပါးမှာ အစိုးရအဖွဲ့၏ ဖြည့်စွက် ထောက်ခံချက်အရ လှူဒါန်းခဲ့ပါသည်။
ထို့နောက်ဋီကာ သင်္ဂါယနာတင် အပြီးတွင် ဖေဖော်ဝါရီလအတွင်း၌ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့က ၁၁ ပါး ထပ်မံလှူဒါန်းရန် အဆိုပြုချက်အရ ဘွဲ့တော် လှူဒါန်းရန် ဤ၀န်ကြီးဌာနက ထပ်မံ ဆောင်ရွက်ခဲ့ပါသည်။ ထိုကိစ္စကို ၀န်ကြီးများအဖွဲ့သို့ ဌာနက တင်သွင်းရာတွင် ““အဂ္ဂမဟာပဏ္ဍိတ”” လှူဒါန်းပြီး ဆရာတော်ပေါင်း ၉၄ ပါးရှိပြီ ဖြစ်သဖြင့် နောက်ထပ် နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့၏ အဆိုပြုချက်အတိုင်း ၁၁ ပါးစလုံးကို ဘွဲ့လှူဒါန်း ပါလျှင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တော်ရ ဆရာတော် အရေအတွက် အလွန်ပင် များပြားလာမည်ဖြစ်၍ ဘွဲ့တော်၏ အဆင့်အတန်းကို ထိခိုက်ဖွယ်ရာရှိကြောင်း ““မှတ်ချက်”” တင်ပြခဲ့သော်လည်း ၀န်ကြီးများအဖွဲ့က နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့၏ အဆိုပြုချက်အတိုင်း ၁၁ ပါးစလုံးကိုပင် ဘွဲ့တံဆိပ် လှူဒါန်းရန် ဆုံးဖြတ်ခဲ့ပါသည်။
၁၉၆၂ ခုနှစ်တွင် သက်တော်ထင်ရှားရှိသော ဘွဲ့တံဆိပ်တော်ရ ဆရာတော်ပေါင်း ၉၁ ပါး ရှိပါသည်။
၇။ ၀ိနိစ္ဆယဌာနနှင့် ၀ိနိစ္ဆယခုံ
● အက်ဥပဒေကိစ္စနောက်ကြောင်းရာဇ၀င်
သာသနာတော်တွင်း ဖြစ်ပွားသော ၀ိနည်းဓမ္မကံ မှုခင်းကိစ္စများကို လူတရားရုံးများက လူတို့၏ ဥပဒေဖြင့် စီရင် ဆုံးဖြတ်ခြင်းသည် မလျောက်ပတ် သည်သာမက သာသနာတော်အတွက် ကြည်ညိုဖွယ်လည်း မဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးကိုများစွာ ထိခိုက်စေသည့် ကိစ္စဖြစ်ခြင်းကြောင့် သံဃာအချင်းချင်း ဘုရားရှင်၏ ၀ိနည်း ဒေသနာတော်နှင့်အညီ စီရင်ဆုံးဖြတ်နိုင်စေရန် အလို့ငှာ အင်္ဂလိပ် အစိုးရခေတ်တွင် ဆာဂျေအေ မောင်ကြီးက ““၀ိနယဓရအက်ဥပဒေ””ပြဋ္ဌာန်းရန် စတင်ကြိုးပမ်းခဲ့ပါသည်။ အကြောင်း မညီညွတ်၍ မအောင်မြင်ခဲ့ပါ။
ထို့နောက်တစ်ဖန် ဒေါက်တာဘမော် နန်းရင်းဝန်ဖြစ်စဉ်အခါက စီပီဦးခင်မောင်က ဆက်လက်ကြိုးပမ်း ခဲ့ပြန်သော်လည်း သံဃာ့ထောက်ခံမှုကို မရသဖြင့် မအောင်မြင်ဘဲ ရှိခဲ့ပြန်ပါသည်။
၁၉၄၇ ခုနှစ်တွင်မူ သံဃာတော်များ၏ တောင်းဆိုချက်အရ ဤကိစ္စထပ်မံ ပေါ်ပေါက် လာပြန်ပါသည်။ ဆရာတော်များ၏ လိုလားချက်ကို အမြန်ပြည့်ဝစေရန်အတွက် အစိုးရက ပြည်ထဲရေးဌာန လက်အောက်တွင် သာသနာရေးဌာနစု တစ်စုကိုဖွင့်လှစ်ပြီးလျှင် ၀ိနိစ္ဆယဥပဒေရေးဆွဲရေး လုပ်ငန်းကို အမြန်စတင် စေခဲ့ပါသည်။
ပထမတွင် မဟာသံဃာ့အဖွဲ့ချုပ်မှ ဦးဇာဂရက ခေါင်းဆောင်၍လည်းကောင်း၊ ရဟန်းပျိုအဖွဲ့၏ ထောက်ခံ ချက်အရ ရွှေပိဋကတိုက် ဦးသူရိယာဘိဝံသတို့က ခေါင်းဆောင်၍လည်းကောင်း အက်ဥပဒေ ရေးဆွဲရန် စီစဉ်သည်ကို အချို့သံဃာများက ကန့်ကွက်ကြပါသည်။ ကန့်ကွက်ချက် ပြေငြိမ်းစေရန် ကန့်ကွက်သော ဆရာတော်များအား နိုင်ငံရေး လုပ်နည်းလုပ်ဟန်ဖြင့် နှစ်သိမ့်စေ၍ သိမ်းသွင်းခဲ့ပါသည်။
ယင်းဆရာတော်များရေးဆွဲသော ““၁၃၁၁ခုနှစ် ၀ိနိစ္ဆယဌာနအက်ဥပဒေ””ကို ၁၉၄၉ခုနှစ် ပါလီမန်က အတည်ပြုခဲ့ပါသည်။
ဝိနိစ္ဆယဌာန တည်ထောင်ရာတွင် ရှေးဦးစွာ အက်ဥပဒေ၏ ဒုတိယဇယား ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ အပိုဒ်(၁) အရ သံဃာ့ရွေးကောက်ပွဲများ ကျင်းပရေးအတွက် စီစဉ်ရန်အလို့ငှာ ၀ိနိစ္ဆယဌာန တည်ဆောက်ရေး အမှုဆောင်ဆရတော် ၁ ပါး ခန့်ရပါသည်။ ရန်ကုန်ခရိုင်အတွက် အမှုဆောင် ဆရာတော်မှာ ရန်ကုန်မြို့၊ ထရန်စပို့လမ်း၊ ရွှေပိဋကတိုက်၊ အဂ္ဂမဟာ ပဏ္ဍိတ ဦးသူရိယဖြစ်ပါသည်။ ဦးသူရိယသည် ရွေးကောက်ပွဲ များတွင် မိမိ၏ သြဇာညောင်းမည့် ဆရာတော်များ ၀ိနည်းဓိုရ် သြ၀ါဒါစရိယများ ဖြစ်မြောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့ပါသည်။ သို့ရာတွင် ဗားကရာတောရ အဂ္ဂမဟာပဏ္ဍိတ ဦးနာဂ၀ံသ(၁)ပါးသာလျှင် နိုင်ငံ တော် ၀ိနိစ္ဆယဌာန တာဝန်ခံအဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရပါသည်။
● ၀ိနည်းဓိုရ်ဆရာတော်အချို့ဂတိလိုက်စားပုံ
တာဝန်ခံဆရာတော်များ၏ ရာထူးသက်တမ်းမှာ ၁ နှစ်ဖြစ်ပါသည်။ ရန်ကုန်မြို့၊ နိုင်ငံတော် ၀ိနိစ္ဆယဌာန၏ ပထမနှစ် တာဝန်ခံဆရာတော် ဦးနာဂ၀ံသ၏ ရာထူးသက်တမ်း ကုန်ဆုံးသောအခါ ဒုတိယနှစ်အတွက် ပုဇွန်တောင် ပေတောကုန်းကျောင်း ဘလုတ်ဆရာတော် ဦးဝိလာသသည် တာဝန်ခံ ဆရာတော် ဖြစ်လာပါသည်။
ထိုဆရာတော်၏ လက်ထက်တွင် ရန်ကုန်မြို့၊ သရက်တော ကျောင်းတိုက်၊ မင်္ဂလာသာစည် ကျောင်းမှုကိစ္စ သည် နိုင်ငံတော် ၀ိနိစ္ဆယဌာနသို့ ရောက်ရှိလာပါသည်။ ထိုဆရာတော်သည် တရားစီရင်မည့် ၀ိနည်းဓိုရ် ဆရာတော် (၃)ပါး၏ လက်မှတ်များကို စက္ကူလွတ် တစ်ခုပေါ်တွင် အခြားအကြောင်းကို ပြ၍ရယူပြီးလျှင် ထိုစက္ကူလွတ်ပေါ်၌ မိမိသဘောအလျောက် စီရင်ချက် ရေးသား၍ အမှုသည်တို့အား နိုင်ငံတော် ၀ိနိစ္ဆယဌာန၏ စီရင်ချက်အနေဖြင့် ထုတ်ပြန်ပေးခဲ့ပါသည်။ ထိုအမှုသည် တရားလွှတ်တော်ချုပ်သို့ပင် ရောက်ရှိခဲ့ပါသည်။ တရားလွှတ်တော်ချုပ်က တာဝန်ခံဆရာတော်မှာ ရဟန်းတော် ဖြစ်သည့်အတွက် မည်သို့မျှ အရေးမယူဘဲ အမှုကို ပြန်လည် စစ်ဆေးစေရန် နိုင်ငံတော် ၀ိနိစ္ဆယဌာနသို့ ပေးအပ်လိုက်ပါသည်။
ထိုအချိန်အတွင်း ဦးသူရိယ ခေါင်းဆောင်သော သုဓမ္မာဂိုဏ်းဝင် အချို့နှင့် ဒွါရဂိုဏ်းဝင်အများသည် ရာသက်ပန် ၀ိနည်းဓိုရ် ထားရှိ၍ တရားစီရင်သည့် စနစ်ကို ပယ်ဖျက်ပြီးလျှင် အမှုအခင်း ပေါ်ပေါက်သည့် အခါမှသာ ခုံဖွဲ့၍ တရားစီရင်သည့် စနစ်သမုတိရ ခုံရုံးကို ထားရှိပေးရန် တောင်းဆို လာကြပါသည်။
ဤတောင်းဆိုချက် အားသာလာစေရန် အလို့ငှာ ၁၉၅၅ ခုနှစ်လောက်တွင် ဟင်္သာတမြို့၊ ရတနာဗိမာန် ဆရာတော် ဦးကုဝေရဦးစီး၍ ဟင်္သာတခရိုင် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးတစ်ရပ် ကျင်းပပြီးလျှင် လက်ရှိ ၀ိနိစ္ဆယဌာန အက်ဥပဒေကို ဖျက်သိမ်းပေးရန် တောင်းဆိုပါသည်။ ဦးသူရိယနှင့် ထိုဆရာတော်၏ လှုံ့ဆော်ချက်အရ အခြားခရိုင်နှင့် မြို့နယ်များတွင်လည်း အလားတူသံဃာ့ အစည်းအဝေးပွဲများ ကျင်းပ၍ ဆုံးဖြတ် တောင်းဆို ကြပါသည်။
● အက်ဥပဒေကို ပြင်ဆင်ရန် ကော်မတီ ဖွဲ့စည်းခြင်း
ထိုလှုံ့ဆော် တောင်းဆိုချက်များအရ ဂိုဏ်းကဏ္ဍ အသီးသီးမှ ဆရာတော်(၁၈)ပါးနှင့် လူပုဂ္ဂိုလ် ၇ ဦးပါဝင်သော ၀ိနိစ္ဆယဌာန အက်ဥပဒေ စိစစ်ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းပြီးလျှင် ၁၃၁၁ ခုနှစ် ၀ိနိစ္ဆယဌာန အက်ဥပဒေကို ပြင်ဆင်ပေးခဲ့ရပါသည်။ ထိုအက်ဥပဒေမှာ ၁၃၁၆ ခုနှစ်၊ ၀ိနိစ္စယ(ပြင်ဆင်ချက်) ခုံအက်ဥပဒေ ဖြစ်ပါ သည်။
ထိုပြင်ဆင်ချက် အက်ဥပဒေတွင် အလွန်အရေးကြီးသည့် ချို့ယွင်းချက် တစ်ရပ်ရှိပါသည်။ ၎င်းတို့၏ အမှုများကို ကြားနာ စစ်ဆေးစီရင် ဆုံးဖြတ်ကြရပါသည်။ အမှုသည် အချင်းချင်း ခုံမတင်ကြသော အမှုများကို အစိုးရ ဖွင့်ထားသော ရုံးများကသာ လက်ခံ၍ ကြားနာ စစ်ဆေးစီရင် ဆုံးဖြတ်ကြပါသည်။ ယခုမူအမှုသည် ၂ ဦး သဘောတူညီမှ ၀ိနိစ္ဆယဌာနက အမှုကို လက်ခံစစ်ဆေးနိုင်သဖြင့် ၀ိနိစ္ဆယဌာနသည် စင်စစ်အားဖြင့် အစိုးရ ဖွင့်ထားသော ရုံးဖြစ်ပါလျက် လက်တွေ့မှာ ခုံဖြစ်နေခြင်းကြောင့် ပြောင်းပြန် ဖြစ်နေပါသည်။
ဤအကြောင်းကြောင့် ၀ိနိစ္ဆှယဌာန အက်ဥပဒေ စိစစ်ရေး ကော်မတီတွင် ၀ိနိစ္ဆယဌာန ကိုယ်စားလှယ်အဖြစ် ပါဝင်ကြသော ဆရာတော်များက ဥပဒေကြမ်းကို သဘောမတူဘဲ ပထမတွင် လက်မှတ်ရေးထိုးရန် ငြင်းဆန်ကြ ပါသည်။
သို့ရာတွင် သာသနာရေးဝန်ကြီးဦးဝင်းက အက်ဥပဒေကြမ်းကို တိုင်းပြည်သို့ တင်ပြပြီး ရဟန်းရှင်လူအများ သိရှိသဘောတူပြီးမှ အက်ဥပဒေအဖြစ် ပြဋ္ဌာန်းပါမည်ဟု ကတိပြုသောကြောင့် ဆရာတော်များက လက်မှတ် ထိုးတော်မူကြပါသည်။
ထို့နောက် ပါလီမန်ကျင်းပရန် အချိန်နီးကပ်လာသောအခါ သာသနာရေးဝန်ကြီးက ဆရာတော်များထံ-
““ပါလီမန် စည်းကမ်း ဥပဒေအရဆိုပါလျှင် ဥပဒေကြမ်းကို တင်သွင်းပြီးလျှင် လွှတ်တော် အခွင့်မရဘဲ +ရုပ်သိမ်း၍ မရကြောင်းကို သိရှိရပါသည်။ အစိုးရခန့်ထားသော ကော်မတီက အပြန်ပြန် အလှန်လှန် စဉ်းစား၍ အဖွဲ့ဝင် အားလုံး သဘောတူညီချက် လက်မှတ်ရေးထိုးသော ဥပဒေကြမ်းတစ်ခုကို အချိန်မီ မတင်သွင်း နိုင်ပြန်ပါကလည်း သာသနာရေး ၀န်ကြီးတွင် တာဝန်မကင်း ဖြစ်ပါသည်။ ပါလီမန်ရုံးသို့ တင်သွင်းပြီးကလည်း ပြန်လည် မရုပ်သိမ်းနိုင်ပါ””ဟု လျှောက်ထားပြီးလျှင် ဥပဒေကြမ်းကို ပါလီမန်သို့ တင်သွင်း အတည်ပြုခဲ့သည်။
အက်ဥပဒေ ထွက်လာသောအခါ ဆရာတော်ကြီးများသည် အထူး မကျေမနပ်ဖြစ်ကြ၍ ၀န်ကြီးချုပ်၏ ရှေ့မှောက် တွင် သာသနာရေးဝန်ကြီးအား ရန်ကုန်မြို့၊ ဘုရားကြီးဆရာတော်က (၂)ကြိမ်တိုင် ပြင်းထန်စွာ ပြစ်တင် ရှုတ်ချ ပြော ဆိုခဲ့ပါသည်။
ပြင်ဆင်ချက် အက်ဥပဒေကို အကောင်အထည် ဖော်ရာတွင် ပုဒ်မ(၄၉)(၁)ခုံဝိနည်းဓိုရ် ဆရာတော်များ၏ စာရင်းကို သာသနာ ညွှန်ကြားရေးဝန် ဌာနခွဲက ထုတ်ပြန်ကြေညာရပါသည်။ ညွှန်ကြားရေးဝန်က ခုံဝိနည်း ဓိုရ်များကို ၀ိနိစ္ဆယဌာန ၀ိနည်းဓိုရ်များနှင့် ရှုပ်ထွေးမည်စိုး၍ တစ်ခရိုင်လျှင် အပါး(၂၀) မျှသာ ခန့်ထားပေးရန် စီစဉ်ပါသည်။ သို့ရာတွင် ဆရာတော် ဦးသူရိယနှင့် အပေါင်းပါတို့၏ တိုက်တွန်းမှုအရ အရည်အချင်းကို စစ်ဆေး ခြင်း မပြုနိုင်တော့ဘဲ ၎င်းတို့စုဆောင်း တင်သွင်းလာသမျှ ခုံဝိနည်းဓိုရ် အားလုံးကို ကြေညာ ပေးခဲ့ရပါသည်။ ထိုသို့ ကြေညာ ပေးခဲ့ရသဖြင့် တစ်နိုင်ငံလုံးတွင် ခုံဝိနည်းဓိုရ်ပေါင်း(၂၀၁၂)ပါးပင် ရှိနေခဲ့ပါသည်။
● ၀ိနိစ္ဆယခုံ၏ ချို့ယွင်းချက်များ
လက်ရှိဝိနိစ္ဆယခုံ၏ အခြေအနေမှာ ဘာသာနာတော်ကို ကြည်ညိုသူများ၏ စိတ်နှလုံးကို ထိခိုက်ဖွယ်ရာပင် ဖြစ်နေ ပါသည်။ ဥပမာ အနေဖြင့် ရန်ကုန်မြို့၊ အနောက် ပိန္နဲကုန်းတိုက် ဒေါင်းကျောင်း အမှုကိစ္စကို တင်ပြလို ပါသည်။
ဒေါင်းကျောင်းမြေနှင့် ပတ်သက်၍ ဦးနန္ဒနှင့် ဦးဣန္ဒစာရတို့သည် သူပိုင်ငါပိုင် အချင်းဖြစ်ပွားကြပါသည်။ ထိုအမှုကို နှစ်ဦးသဘောတူ ခုံဖွဲ့၍ အစစ်အဆေး ခံကြပါသည်။ ထိုသို့ အစစ်အဆေး ခံစဉ်အတွင်း ဦးဣန္ဒစာရ က၎င်း၏ တပည့်သံဃာ(၁) ဦးနှင့် နားလည်းမှု ရယူကာ ထိုတပည့်အား တရားခံပြုလျက် အဆိုပါ ဒေါင်းကျောင်း မြေကိုပင် တပည့်နှင့် သူပိုင်ငါပိုင် အငြင်းပွားသည့် အနေဖြင့် သီးခြား ခုံတစ်ခုထပ်မံဖွဲ့ကာ အစစ်အဆေး ခံပါသည်။ ကြိုတင်နားလည်မှု ရယူထားသည့်အတိုင်း ခုံဆရာတော်များက ““တပည့်ဖြစ်သူအား အရှုံးပေးပြီး လျှင် ထိုတပည့်နှင့် ကျောင်းဝင်းနေ ပုဂ္ဂိုလ်အားလုံး ကျောင်းတွင်းမှ ထွက်ခွာသွားစေ”” ဟု စီရင်ဆုံးဖြတ် ကြပါသည်။ ဦးဣန္ဒာစာရက ထိုဆုံးဖြတ်ချက် ၀ါရီမှုပြုလုပ်ပြီးလျှင် ၎င်း၏ တပည့်နှင့်တကွ တရားဖြစ်ဖက် ဦးနန္ဒကိုပါ ကျောင်းတွင်းမှ နှင်ထုတ်ပါတော့သည်။ ချို့ယွင်းချက်များမှာ များပြားလှပါသည်။
ထို့ကြောင့် ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် လက်ရှိဝိနိစ္ဆယ ခုံအက်ဥပဒေများ၏ ချို့ယွင်း ချက်များကို ပြင်ဆင်ရန် အလို့ငှာ ဂိုဏ်းကဏ္ဍ အသီးသီးမှ ဆရာတော်(၁၈)ပါးနှင့် လူပုဂ္ဂိုလ် (၉)ဦးတို့ ပါဝင်သော ““၀ိနိစ္ဆယခုံ ပြင်ဆင်ချက် အက်ဥပဒေ စိစစ်ပြင်ဆင်ရေး ကော်မတီ”” တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ ကော်မတီသည် အက်ဥပဒေကို အကြိမ်ကြိမ် လေ့လာ သုံးသပ်ပြီးလျှင်-
(၁) အဖွဲ့ဝင်အားလုံး သဘောတူကြသည့် အချက်များအပေါ်တွင် ရေးဆွဲထားသော ပြင်ဆင်ချက် အက်ဥပဒေကြမ်းတစ်ခု၊
(၂) အဖွဲ့ဝင်အားလုံး သဘောမတူဘဲ အများက သဘောတူသော အချက်များ အပေါ်တွင် ရေးဆွဲထားသော ပြင်ဆင်ချက် အက်ဥပဒေကြမ်းတစ်ခု၊
(၃) အဖွဲ့ဝင်အချို့က ထောက်ခံပြီး အများက လျစ်လျူရှုသော အချက်များပေါ်တွင် ရေးဆွဲထားသော ပြင်ဆင်ချက် အက်ဥပဒေကြမ်း တစ်ခုပါရှိသည့် အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။
ထိုအစီရင်ခံစာတွင် ဆရာတော် ၁၁ ပါးကသာ လက်မှတ်ထိုး၍ ကျန်အောက်ပါ ဆရာတော် ၇ ပါးက လက်မှတ် မထိုးကြပါ။
(၁) ဆရာတော် ဦးသူရိယ၊ ရွှေပိဋကတိုက်၊ ရန်ကုန်။
(၂) ဆရာတော် ဦးဇာနေယျဗုဒ္ဓိ၊ မဟာဝိသုဒ္ဓါရုံတိုက်၊ မန္တလေး(ရွှေကျင်)။
(၃) ဆရာတော် ဦးပဏ္ဍိတ၊ စစ်ကိုင်း (ရွှေကျင်)
(၄) ဆရာတော် ဦးကုဝေရ၊ ရတနာ့ ဗိမာန်ကျောင်း၊ ဟင်္သာတ(သုဓမ္မာ)။
(၅) ဆရာတော်ဦးကလျာဏ၊ မန္တလေး (ရဟန်းပျို)
(၆) ဆရာတော် ဦးသောဘဏ၊ ဟင်္သာတ(ဒွါရ)။
(၇) ဆရာတော် ဦးကုမုဒ၊ ဓမ္မစကြာ ကျောင်းတိုက်၊ ကြံခင်း။ (ဝေဠုဝန်)
ထိုစဉ်အခါတွင် နိုင်ငံတော်ဘာသာကိစ္စ ပေါ်ပေါက်လာသဖြင့် ဤကိစ္စကို ရပ်ဆိုင်းထားခဲ့ပါသည်။
(၈) သံဃာ့လွှတ်တော် တည်ထောင်ရန်ကိစ္စ
ဤကိစ္စကို သာသနာညွှန်ကြားရေးဝန် (၀န်ကြီးရေးစီမံမှု)ဌာနခွဲက ဆောင်ရွက်ပါသည်။
● သံဃာ့လွှတ်တော် တည်ထောင်ရန်ကိစ္စ ဖြစ်ပေါ်လာပုံ
၁၃၁၈ ခု၊ သာသနာ ၂၅၀၀ ပြည့်နှစ် ကဆုန်လပြည့်နေ့တွင် အပြီးသတ် ကျင်းပအပ်သော ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မ သဘင်ကြီး၌ ဆဋ္ဌသင်္ဂါယနာ သြ၀ါဒါစရိယ ဆရာတော်များ၊ ၀န်ဆောင် သံဃာ့အဖွဲ့ဝင် ဆရာတော် များ အမှူးရှိသော သံယီတိကာရ ၂၅၀၀ ကျော်တို့က ကြွင်းကျန်သော အနာဂတ်သာသနာ ၂၅၀၀ တည်မြဲရေး၊ တိုးတက်ကြီးပွားရေး၊ သန့်ရှင်းရေး၊ ဘုရားအဆုံးအမနှင့်အညီ ကျင့်ကြံရေးတို့ကို ရှေရှု၍ ဆဌသင်္ဂါယနာ ဓမ္မ၀ိနယ အမိန့်တော် ပြန်တမ်းကို ထုတ်ပြန် တော်မူခဲ့ပါသည်။
ဆက်လက်ဖော်ပြပါမည်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment