Monday, May 4, 2015

အမုန်းစကားတွေနဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ပါ – ကျော်ကျော်မင်း

 သောက်သောက်လဲချုပ်ဆိုထားတဲ့ အပစ်ရပ်စာချုပ်တွေ၊ ငြိမ်းချမ်းရေးစာချုပ်တွေဟာ တစ်ချို့ဆိုရင် ရက်ပိုင်းမျှလောက် နဲ့ ပြန်ချိုးဖောက်ခံထားရတာတွေ တွေ့ရပါတယ် . . .

ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုတာ ပြောထားသလိုပဲ ဇာစ်မြစ်(အရင်းအမြစ်)ကို ရှာဖွေဖော် ထုတ် ဖြေရှင်းခြင်း ပါ။ နိုင်ငံရေးကစားရာမှာသုံးတဲ့ ၀ှက်ဖဲတစ်ချပ် မဟုတ် ပါဘူး။ နိုင်ငံတကာ အမြင်ကောင်းရုံလောက် လက်မှတ်ရေးထိုးတာဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခြေခံ အုတ်မြစ်ကောင်း တစ်ခုလို့ ယုံကြည်ချင်စရာ မရှိတာကတော့ အမှန်ပါပဲ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၇)ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အလောတကြီး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့မှုတွေ ပေါ်ပေါက် လာပြီးနောက် လက်ရှိငြိမ်းချမ်းရေး အခြေအနေကို စိစစ်ဝေဖန်သံတွေ သောသောညံနေပါတယ်။

အစိုးရက တကယ့်ကို စေတနာကောင်းနဲ့ သဘောတူညီမှုတွေ လုပ်ခဲ့တာလား။ ဒါမှမဟုတ် ဘာကိုလိုချင်လို့ ဒီလိုလုပ်ခဲ့တာလဲ ဆိုတဲ့မေးခွန်းတွေက ကျယ်ကျယ်လောင်လောင် ပေါ်ထွက်နေခဲ့ပါတယ်။

ပေါ်ထွက်လာရခြင်း အကြောင်းကလည်း အများကြီး ရှိနေပါတယ်။ လက်မှတ်တွေ ထိုးခဲ့ကြပေမယ့် တိုက်ပွဲသံတွေ မတိတ်သေးဘူး။

ကချင်မှာ၊ ရှမ်းမှာ တိုက်ပွဲတွေ ဆက်တိုက်ကို ဖြစ်နေသလို ရခိုင်မှာ အခြေစိုက်ဖို့ ကြိုးစားလာတဲ့ ရခိုင့်တပ်မတော် နဲ့လည်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဒါ့အပြင် လက်မှတ်ထိုးပြီး နောက်ပိုင်းပြောတဲ့ အစိုးရရဲ့ ခေါင်းဆောင်ပိုင်းက ပြောတဲ့ စကားလုံးတွေလည်း မူမမှန်ပါဘူး။ ငြိမ်းချမ်းရေး ဆိုတာထက် အမုန်းတရားဘက်ကို ရှေးရှုနေသလားလို့တောင် ထင်ရပါတယ်။

ဥပမာ – ဦးအောင်မင်းက ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးမှုမှာ အဓိက ပါဝင်တဲ့အဖွဲ့တွေကိုပဲ အာမခံ တယ်။ ဆွေးနွေးဖက်တွေကိုပဲ အာမခံတယ်ဆိုတော့ ဆွေးနွေးဖက် မဟုတ်သည့်တိုင် အဲဒီအဖွဲ့တွေနဲ့ ချိတ်ဆက် ထားတဲ့ အဖွဲ့တွေကြားမှာ ဂယက်ရိုက်ခတ် ကုန်ပါတယ်။ လက်မှတ်ရေးထိုးရေးကို ပူးပေါင်းပါဝင် ဖို့ စောင့်ကြည့် လေ့လာတဲ့ လက်နက်ကိုင် အဖွဲ့တွေလည်း ခေါင်းခဲကုန်ပါတယ်။

မြန်မာနိုင်ငံမှာ အန်စီစီတီမှာပါတဲ့ လက်နက်ကိုင် ၁၆ ဖွဲ့တည်း ရှိတာမဟုတ်ပါဘူး။ အင်အား အနည်းငယ်မှ အင်အားကြီးအထိ စုစုပေါင်း အဖွဲ့ရာကျော် ရှိနေပါတယ်။ ပြည်သူ့စစ်တွေ ၄-၅ ယောက် လောက်ပဲရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ ခွဲထွက်အဖွဲ့တွေ အားလုံး စာရင်းကောက်ကြည့်ရင် ထောင်ဂဏန်းကျော်ကျော် လောက် ရှိပါတယ်။

ဒါတွေအတွက် ဘယ်လို ဆက်စဉ်းစားထားပါသလဲ။ လက်မှတ်ထိုးရုံနဲ့ မပြီးပါဘူး။ နယ်မြေက အမှန်တကယ်ကို ငြိမ်းချမ်းနေမှရမှာပါ။ တစ်ဖွဲ့နဲ့ လက်မှတ်ထိုး၊ တစ်ဖွဲ့က ပစ်ဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းရေးကို ချဉ်းကပ်နိုင်မှာ မဟုတ်ပါဘူး။

တစ်ဖက်မှာလည်း ပန်ဆန်းတိုင်းရင်းသား ညီလာခံကို အန်စီစီတီမှာ မပါတဲ့ “၀”က လုပ်နေပြီဆိုတော့ အစိုးရက လက်ရှိ တိုက်ခိုက်နေတဲ့ ရခိုင့်တပ်မတော်၊ တအားဝ် အမျိုးသားတပ်မတော် စတဲ့အဖွဲ့တွေကို မဖိတ်ခေါ်ဖို့ တားမြစ်တယ်ဆိုတော့ အစိုးရရဲ့ သဘောထားကြီးမှု၊ မကြီးမှုက ထင်းထင်းကြီး ပေါ်နေပြန်ပါတယ်။ “၀”ရဲ့ စိုးရိမ်ကြောင့်ကြမှုကိုလည်း မြင်တွေ့နိုင်ပါတယ်။

ကိုးကန့်ကိစ္စမှာ ဆိုရင်လည်း ဆွေးနွေးမှုဆိုတာ မပြောနဲ့ လက်နက်ချရင်တောင် စဉ်းစားရဦးမယ်ဆိုတဲ့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ စကားက သမ္မတကိုသာ ကိုယ်စားပြု ပြောတာဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် ရင်လေးစရာပါပဲ။

ဒီအသံတွေကြားရတော့ ငြိမ်းချမ်းရေးဆိုတာကို စစ်အာဏာရှင် အရေခွံချွတ်ထားတဲ့ စစ်ခေါင်းဆောင်တွေ တကယ်ရော ငြိမ်းချမ်းရေးကို သဘောပေါက်ရဲ့လား။ တကယ်ရော ငြိမ်းချမ်းလိုစိတ် ရှိရဲ့လားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာပါတော့တယ်။

ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုသည်မှာ ဇာစ်မြစ်ကို ရှာဖွေ ဖော်ထုတ်ခြင်းဖြစ်တယ်။ တရားမျှတမှု ကို မြှင့်တင်ခြင်းဖြစ်တယ်။ အဓိပ္ပာယ်လည်း ကျယ်ပြန့်တယ်။ နောက်တစ်ခုက တရားမျှတသော ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး အတိုင်းအတာက တရားမျှတမှုကို တိုင်းတာတာပဲ ဖြစ်ပါတယ်။ ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ခြင်း ဖြစ်တယ်။ ငြိမ်းချမ်းရေးဆိုတာက ဖြစ်စဉ်ဖြစ်ပါတယ်။ ဖြစ်ရပ်တစ်ခု မဟုတ်ပါဘူး။

ငြိမ်းချမ်းရေးဆိုတာ ဖြစ်ရပ် တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။ ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံကြည့်ရှု ဆုံးဖြတ်ရတာပါ။

ဆိုလိုတာက လက်မှတ်ရေးထိုးနိုင်ရုံ တစ်ခုတည်းနဲ့ ငြိမ်းချမ်းရေးရတာ မဟုတ်ပါဘူး။ သမိုင်းကြောင်း တစ်ခုလုံးနဲ့ ဖြစ်နေဆဲ အကြောင်းအရာတွေ၊ ဖြစ်နိုင်ခြေတွေ အားလုံးကို ခြုံငုံတွက်ဆရတဲ့ အခြေအနေပါ။

ဆိုခဲ့ပါအတိုင်း တွက်ဆကြည့်ပြန်ရင်လည်း သမိုင်းကြောင်း နမူနာတွေကလည်း တစ်ခုမှ မကောင်းခဲ့ပါဘူး။

ပြည်တွင်းစစ် သမိုင်းကြောင်း တစ်လျှောက် သောက်သောက်လဲ ချုပ်ဆိုထားတဲ့ အပစ်ရပ်စာချုပ်တွေ၊ ငြိမ်းချမ်းရေး စာချုပ်တွေဟာ တချို့ဆိုရင် ရက်ပိုင်းမျှလောက်နဲ့ ပြန်ချိုးဖောက် ခံထားရတာတွေ တွေ့ရပါ တယ်။ အစိုးရ တစ်ဖက်တည်းကမှ မဟုတ်ပါဘူး။ နှစ်ဖက်စလုံးပါပဲ။ အစိုးရကတော့ ရာခိုင်နှုန်းအားဖြင့် ပိုများပါတယ်။ ၇၀း၃၀ အချိုးလောက် ရှိနေတယ်။

ငြိမ်းချမ်းရေး တည်ဆောက်ခြင်းလို့ပြောတဲ့ အခု ဖြစ်စဉ်ကြီးထဲက အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ယုံကြည်မှု တည်ဆောက်ခြင်းမှာ ဆိုရင်ပဲ သိသာထင်ရှား တာကတော့ ယုံကြည်မှု တည်ဆောက်နေတာထက် အင်အား ချိန်ခွင်လျှာကြောင့် အပြန်အလှန် အလျှော့ပေး ချုပ်ဆိုနေကြတဲ့ အခြေအနေကို မြင်တွေ့နေရတယ်။

နိုင်ငံရေးဆွေးနွေးပွဲမှာ အင်အားချိန်ခွင်လျှာ အစွန်းထွက်ရေး အားသာရေးကိုလည်း အပစ်ရပ်စာချုပ်မှာ ကတည်းက ထင်းထင်းကြီး ထည့်သွင်းနိုင်ဖို့ စီမံနေပြီး တစ်ဖက်နဲ့တစ်ဖက် အင်အား ညှိနေရတာကို လည်း တွေ့ရပါ တယ်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဆိုပြီး ဆွေးနွေးပွဲအတွက် ခုံနေရာ ၃ ခု ရယူဖို့ ကြိုးစားတာကိုက အတော် ထင်ရှားတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။

သေချာတဲ့ အချက်အလက်တစ်ခုက အစိုးရရဲ့ငြိမ်းချမ်းရေး စာချုပ်တွေက နိုင်ငံတကာ ဖိအားအတိုးအလျှော့ အတွက် ကစားတဲ့ နယ်ရုပ်တစ်ရုပ်လို အသုံးချတာကတော့ ဒီ(၇)ကြိမ်မြောက် လက်မှတ်ရေးထိုးပွဲမှာ ပေါ်လွင် သွားတဲ့ အချက်ပါပဲ။

ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုတာ ပြောထားသလိုပဲ ဇာစ်မြစ်(အရင်းအမြစ်)ကို ရှာဖွေဖော်ထုတ် ဖြေရှင်း ခြင်း ပါ။ နိုင်ငံရေး ကစားရာမှာသုံးတဲ့ ၀ှက်ဖဲတစ်ချပ် မဟုတ်ပါဘူး။ နိုင်ငံတကာ အမြင်ကောင်းရုံလောက် လက်မှတ်ရေးထိုးတာဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခြေခံ အုတ်မြစ်ကောင်း တစ်ခုလို့ ယုံကြည်ချင်စရာ မရှိတာကတော့ အမှန်ပါပဲ။

ဥပမာ – အရင်းအမြစ်တစ်ခုကို ရှာဖွေ ဖော်ထုတ် ကြည့်မယ်ဆိုရင်၊ ကချင်ကိစ္စကို ကြည့်မယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးကာလ ၁၇ နှစ် ရှိခဲ့တယ်။ ကာလအကြာကြီး သေနတ်သံတွေ တိတ်ခဲ့တယ်။ ဒါပေမဲ့ ဇာစ်မြစ်၊ အရင်းအမြစ် ဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးမှု မလုပ်တဲ့အခါကျတော့ နောက်ဆုံးမှာပြန်ပြီး လဲပြိုသွားတယ်။ နှစ်ဖက် စလုံးမှာ လက်နက်တွေလည်း ဒီတိုင်းပဲ ရှိနေတယ်။ ဒီကြားထဲမှာ သူတို့လည်း အင်အားတိုးချဲ့တာေ တွ ဖြည့်တင်းတာတွေ လုပ်လာကြတယ်။ အဆုံးသတ်ကျတော့ တိုက်ပွဲတွေဆီကိုပဲ ပြန်ဦးတည် သွားခဲ့တယ်။ သူတို့ပြောတဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆီ မရောက်သေးတဲ့ အခါကျတော့ ဘယ်လိုမှ ပဋိပက္ခပြေလည်သွားစရာ အကြောင်း မရှိခဲ့ပါဘူး။

နိုင်ငံရေးပြဿနာကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေက နိုင်ငံရေး ဆွေးနွေးမှုကို ဖြတ်သန်းပြီး မှပဲ ဒီပြဿနာဟာ ပြေလည်မှာ ဖြစ်တယ်။

အရင်းအမြစ်ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးမှုဆီကို မသွားဘဲ ဘယ်လိုမှ မဖြစ်ဘူး။

အဲဒီတော့ ဦးဇော်ဌေးလိုသာ ဆွေးနွေးမှုတွေကို လှေနံဓားထစ် ပယ်ချင်တဲ့သူတွေသာ အစိုးရအဖွဲ့မှာ များနေရင်တော့ ငြိမ်းချမ်းရေးက ဟန်ပြငြိမ်းချမ်းရေးပဲ ဖြစ်နေမှာပါပဲ။

ငြိမ်းချမ်းရေး လှေကားထစ်ကို တက်လှမ်းတဲ့ နေရာမှာဆိုရင် မြန်မာနိုင်ငံ လက်ရှိအခြေအနေက အပစ်အခတ် ရပ်စဲရေးအဆင့်မှာ မရောက်တရောက်အဆင့်ပဲ ရှိသေးတယ်။ အဲဒီအဆင့်ကို မကျော်သေးဘူး၊ ခြေတောင် မချရသေးဘူးလို့ ပြောရမယ့် အခြေအနေမှာပါ။

ဒီလို အခြေအနေမှာတောင် လက်မှတ်ထိုးပြီးလို့ ကျောခိုင်းရုံရှိသေး အမုန်းစကားတွေ လွင့်ပျံနေရင် ဘယ်လို ဘယ်လိုမှ ငြိမ်းချမ်းရေးဆီ ဆက်ခြေလှမ်းနိုင်မှာ မဟုတ်ပါဘူး။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က နောက်ထပ် အဆင့်ကြီး ၄ ဆင့် ကျန်ရှိနေပါသေးတယ်။ ပိုပြီးခက်ခဲမယ့် အဆင့်တွေချည်းပါပဲ။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးပြီ ဆိုရင်တောင်မှ နိုင်ငံရေးဆွေးနွေးပွဲက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆွေးနွေးသွားဖို့ စဉ်းစားထားကြတဲ့အတွက် ဒီကိစ္စဟာလည်း အင်မတန်အချိန် ယူနိုင်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာဆိုရင် ဦးအောင်မင်းက အာမမခံတဲ့ အဖွဲ့တွေကို ဘယ်သူက အာမခံပြီး ဒီဆွေးနွေးပွဲကို ခေါ်ဆောင်မှာလဲ။ သူတို့မပါရင် တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးမဟုတ် တော့ပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာလည်း ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ဒါဟာ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးနောက် သေချာပေါက် တစ်ဆို့သွားမယ့် အချက် တစ်ချက် ဖြစ်လာပါပြီ။

ကြားကာလအစီအစဉ်ဖြစ်တဲ့ အပစ်ရပ်လက်မှတ်ထိုးပြီး ဘယ်လိုနေ၊ ဘယ်လိုထိုင်ကြမလဲဆိုတဲ့ အပိုင်းမှာ လည်း ခုလိုပဲ အပေါ်က လက်မှတ်ထိုး၊ အောက်ခြေမှာ တိုက်ပွဲဖြစ်ဆိုရင် ငြိမ်းချမ်းရေး ဘယ်လိုမှ မရနိုင်ပါဘူး။

အဲဒီနောက်က ဖြစ်လာမယ့် နိုင်ငံရေးဆွေးနွေးမှု ကာလဟာ ၃ နှစ်လည်း ကြာနိုင်တယ်၊ ၅ နှစ်လည်း ကြာနိုင် တယ်၊ ၁၀ နှစ်လည်း ကြာနိုင်တယ်။ တစ်ဖက်သက် ရလဒ်တွေပဲ ထွက်လာခဲ့တဲ့ အမျိုးသား ညီလာခံတောင် ၁၆ နှစ်ကြာခဲ့ တယ်ဆိုရင် တရားမျှတမှု တည်ဆောက်မယ့်၊ တရားမျှတတဲ့ ငြိမ်းချမ်းရေးရဖို့ တည်ဆောက်မယ့် နိုင်ငံေ ရး ဆွေးနွေး ပွဲက ကာလတွေကြာဦးမှာပါ။

ဆွေးနွေးတဲ့ လူတွေကလည်း အများအားလုံး ကောင်းတဲ့အဖြေတွေကို လိုချင်မှဖြစ်မယ်။ ဒါမှမဟုတ်ရင် ကိုယ်လိုချင်တာကို ဖက်တွယ်ပြီး ဆွေးနွေးကြမယ် ဆိုရင်တော့ အဲဒီပေါ်မှာ မူတည်ပြီးတော့ ဒီကာလက ရှည်ကြာမှာ ဖြစ်ပါတယ်။

နောက်ဆုံးအဆင့်က ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ပါ။ အခက်ခဲဆုံးအပိုင်းပါ။ တိုင်းရင်းသား လူမျိုးစုတွေကြားက အမုန်းတရားတွေကို အနုစိတ်ဖယ်ရှားရမယ့် အပိုင်းပါ။ အရင်လိုသာ ဒီနေ့လက်မှတ်ထိုး နောက်နေ့ ပြန် ချိုး ဖောက်ရင်တော့ ဒုံရင်းဒုံရင်း ပြန်ဆိုက်မယ့် ကိန်းပါပဲ။

အဲဒီလောက် ကာလအရှည်ကြီး လျှောက်လှမ်းရမယ့် ငြိမ်းချမ်းရေးခရီးရှည်ကြီးရဲ့ အစပိုင်းမှာတင် အမုန်း စကားတွေနဲ့သာ စပြီး တည်ဆောက်နေတယ် ဆိုရင်တော့ ငြိမ်းချမ်းရေးခရီးက ပို၍ပို၍သာ ရှည်လျားသွားဖို့ ရှိနေပါလိမ့်မယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment