Friday, May 8, 2015

သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အမှုပြင်ဆင်မှုရ၍ မေ ၂၇ တွင် ပြန်လည်ကြားနာမည်

 ရန်ကုန်၊ မေ ၉

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အမှုအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ပြင်ဆင်မှုရရှိ၍ မေလ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် ၎င်းအမှုကို ပြန်လည် ကြားနာမည်ဖြစ်သဖြင့် ဦးဆန်းဆင့်အမှုမှ လွတ်မြောက် ရန် ကြိုးစားသွားမည်ဟု မေလ ၄ ရက်တွင် ဦးဆန်းဆင့်၏ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ဒက္ခိဏခရိုင် တရားရုံးက ၀န်ကြီးဟောင်း ဦးဆန်းဆင့်အား နိုင်ငံပိုင်ဘဏ္ဍာငွေ၊ ၀န်ကြီးဌာန ဘဏ္ဍာငွေ အလွဲသုံးစားပြုမှု ပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် (၃)နှစ်ကိုလည်းကောင်း၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ထောင်ဒဏ်(၁၃)နှစ်နှင့် ဒဏ်ငွေတစ်သိန်းကိုလည်းကောင်း အသီးသီး ပြစ်ဒဏ် ချမှတ်ခဲ့ပြီးနောက် ယင်းပြစ်ဒဏ်ချမှတ်မှုကို ပြန်လည်စိစစ်ပေးရန် ဦးဆန်းဆင့်ဘက်မှ
မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် သို့ အယူခံဝင်ခဲ့သော်လည်း ယင်းအမှုကို အဆုံးထိကြားနာခြင်းမပြုဘဲ အကျဉ်းနည်းဖြင့် ပလပ်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှု ထပ်မံတင်သွင်းခဲ့ရာ ယင်းအမှုကို ပြည်ထောင်စု လွှတ်တော်ချုပ်က လက်ခံခဲ့သည့်အတွက် ၂၀၁၅ ခုနှစ် မေလ ၂၇ ရက် ဗုဒ္ဓဟူးနေ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ယင်းအမှုကို ပြန်လည်ကြားနာ စစ်ဆေးမည်ဖြစ်သည်။

““ကျွန်တော်တို့က အမှုစရင်ဆိုင်ကတည်းက ပြင်ဆင်ထားပြီးသား။ ကျွန်တော်ရော၊ ဦးဆန်းဆင့်ရော အသနားခံဖို့ ပြစ်ဒဏ်က လျှော့ပေါ့ဖို့ မတောင်းဘူး။ အပြစ်ကနေ လွှတ်ပေးဖို့ပဲတောင်းမယ်။ လွှတ်ပေးဖို့တောင်း တာကလည်း ပေးနိုင်တဲ့သူဆီမှာ လွှတ်ပေးနိုင်လောက်တဲ့ အခွင့်အရေးရှိလို့ တောင်းတာ။ ၀န်ကြီးဌာန ငွေအလွဲသုံးစား လုပ်တဲ့ကိစ္စကို ပြည်ထောင်စု စာရင်းစစ်ချုပ်က စစ်တော့လည်း သာသနာရေး ၀န်ကြီးတစ်ဦး သုံးပိုင်ခွင့်ရှိတဲ့ ၀၅၀၈ ခေါင်းစဉ်အောက်က သုံးတာဖြစ်တဲ့အတွက် ကန့်ကွက်စရာ မရှိပါဘူးလို့ မှတ်ချက်ပြုပြီးသား။ ဒါကြောင့် ဒီအမှုကို လုံးဝလွတ်အောင် အစွမ်းကုန် ကြိုးစားမှာပါ””ဟု တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းက ပြောသည်။

ဦးဆန်းဆင့်အား စစ်ဆေးခဲ့သည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ မိတ္တူစာရရှိရန်အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက် (ကွယ်လွန်)ရှိစဉ်က ဦးဆန်းဆင့်၏ဇနီး ကိုယ်တိုင် သွားရောက်ခဲ့သော်လည်း မရရှိခဲ့ကြောင်း ဦးဆန်းဆင့်၏ဇနီး ဒေါ်ခင်မလေး က မြန်မာသံတော်ဆင့် သို့ ပြောကြားသည်။

အယူခံဝင်ခြင်း ဆိုသည်မှာ အမှုအကြောင်းအရာ အချက်အလက်များနှင့် ဥပဒေ အချက်အလက်များကို တင်ပြ ပြောဆိုပိုင်ခွင့်ရှိပြီး ပြင်ဆင်မှုသည် ဥပဒေအချက် အလက်ကိုသာ အဓိကထားတင်ပြ ပြောဆိုရခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။

ဝတ်ရည်နွေးနွေး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment