ရန်ကုန် (မဇ္ဈိမ) ။ ။ မီဒီယာများတွင် အစိုးရက မတရားအသင်းအဖြစ်
ကြေငြာထားသည့် ကိုးကန့်တပ် - MNDAA သတင်းကို မဖော်ပြရန် နှင့် ဖော်ပြပါက
တည်ဆဲ ဥပဒေအရ အရေးယူသွားမည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (မေ ၃ရက်)တွင် ထုတ်ပြန်လိုက်သည်။
![]() |
(ဓာတ်ပုံ-အီးပီအေ) |
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှတစ်ဆင့် မီဒီယာတိုက်များကို ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပန်ဆန်းမြို့တွင် ပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်နေသည့် ကိုးကန့်အဖွဲ့ (MNDAA)သည် နိုင်ငံတော် အစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ထားသဖြင့် ထိုအစည်းအဝေးတွင် MNDAA၏ ထုတ်ပြန်ကြေငြာချက်များ၊ သတင်းများကို ရုပ်သံထုတ်လွှင့်ခြင်း၊ ပုံနှိပ်ဖော်ပြခြင်း၊ လုံးဝ (လုံးဝ) မပြုစေရန် သတိပေးကြောင်း နှင့် ထုတ်လွှင့် ဖော်ပြခဲ့ပါက တည်ဆဲ ဥပဒေနှင့် အညီ အရေးယူသွားမည်ဟု ညှိနှိုင်းအကြောင်းကြားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သို့သော် တည်ဆဲဥပဒေဆိုရာ၌ မည်သို့သော ဥပဒေ၊ ပုဒ်မ ဖြစ်သည်ကို အတိအကျ အဓိပ္ပာယ်ဖွင့်ဆို မထားပေ။
"ရေးတဲ့သားတဲ့ဟာပေါ်မှာပဲ ကောက်ချက်ချသင့်တယ်။ လုံးဝမရေးသားဖို့သိပ်ပြီး ဘဝင်မကျဘူး၊ လုံးဝမရေးရဘူးဆိုတာက သတင်းလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်ရာ ရောက်သွားနိုင်တယ်။ ဒီသတင်းသမားတွေရဲ့လွတ်လပ်ခွင့်ထက် ပြည်သူလူထုရဲ့ သတင်းသိခွင့်ကို ပိတ်ပင်ရာ ရောက်သွားနိုင်တယ်"ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။
သတင်းသမားများကလည်း ကိုးကန့်တပ် သတင်း အပါအဝင် သတင်းရေးသားမှုများတွင် မျှတမှု၊ တိကျမှု စသည့် သတင်းစံနှုန်းများနှင့်အညီ ရေးသားဖော်ပြရန် လိုအပ်ပြီး တပ်မတော်၊ အစိုးရ နှင့် မီဒီယာ အဖက်ဖက်က အလျော့အတင်းလုပ်ကာ နားလည်မှု တည်ဆောက်ဖို့ လိုသည်ဟု ၎င်းက ပြောသည်။
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ မြန်မာပိုင်း ဗျူရိုတာဝန်ခံ ဦးတိုးဇော်လတ်ကလည်း "သတင်းရယူခွင့် ပဋိပက္ခသတင်း၊ အဲဒီနေရာတွေမှာ ဖြစ်နေတာကို ဘယ်သူက တာဝန်ယူပေးမှာလဲ၊ စစ်တပ်ကပေးရင် တစ်ဖက်ထဲက ဖြစ်မှာပဲ။ ဒီဟာက မဖြစ်သင့်ဘူးလေ၊ တစ်ဖက်ထဲမဟုတ်ဘဲနဲ့ တစ်ခြား source က ဘယ်သူကပေးမလဲပေါ့၊ Right Soruce of Information က ဘယ်ကရမလဲ။ မီဒီယာကို respond လုပ်ရင် မီဒီယာကို အရေးယူမယ်ဆိုရင် ကောင်းတဲ့အလာလားတော့ မဟုတ်ပါဘူး"ဟု မဇ္ဈိမကို ပြောသည်။
တပ်မတော်က သတင်းမီဒီယာများအား သတင်းရေးသားဖော်ပြခွင့် ကန့်သတ်သည့် ယင်းထုတ်ပြန်ချက်ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့၊ နိုင်ငံတကာက စောင့်ကြည့်နေသည့် အချိန်တွင် ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ "နောက်ထပ်ဖမ်းခံရမယ် ဆိုတာကို သွယ်ဝိုက်ပြီး ပြောလိုက်တာပဲလေ။ သွယ်ဝိုက်ပြီး နိုင်ငံတကာစံနှုန်းက သက်သက် မြန်မာပြည်က သူလုပ်ချင်တာကို လုပ်မယ် ဆိုတာမျိုး ရာဇသံပေးနေတာလားမသိပါဘူး"ဟု ၎င်း၏ အမြင်ကို ပြောသည်။
ယခုကဲ့သို့ ထုတ်ပြန်ခြင်းက တပ်မတော်အနေဖြင့် ပထမဆုံးအကြိမ် မီဒီယာကို တရားဝင် ပေးပို့ခြင်းဖြစ်သော်လည်း ကိုးကန့်ပတ်နှင့် ပတ်သက်၍ သတင်းများကို ထိန်းထိန်းသိမ်းသိမ်း ဖော်ပြရန် ဧရာဝတီသတင်းဌာနသို့ ဖုန်းဖြင့် တစ်ကြိမ် အသိပေးဖူးကြောင်း ဧရာဝတီ မြန်မာပိုင်းဌာန အယ်ဒီတာ ဦးရဲနီက မဇ္ဈိမကို ပြောသည်။
"ကျွန်တော်တို့က စာနယ်ဇင်းအလုပ်လုပ်တာပါ။ ပဋိပက္ခ ဖြစ်နေတဲ့အချိန်မှာ နှစ်ဖက်ဖြေရှင်းတဲ့ နေရာမှာ ပြေလည်ဖို့ကို ပြေလည်အောင် နှစ်ဖက်သံကို ထည့်သွင်းဖော်ပြခြင်းက စာနယ်ဇင်း အလုပ်ပါ။ ခုဟာက တစ်ဖက်ကို ပြောရေးဆိုခွင့်ကို ပိတ်ပင်လာတဲ့ သဘောက ကျွန်တော်တို့ရဲ့ စာနယ်ဇင်း လုပ်ငန်းကို ဖိအားပေးလာတဲ့ အခြေအနေလို့ မြင်ပါတယ်။ အခုထုတ်ပြန် ကြေငြာချက်ကြီးက မျက်စိဆံပင်မွှေး ဆုံးတဲ့အထိကိုပဲ ကြည့်ထားသလို ဖြစ်တာပေါ့ဗျာ။ ဆိုတဲ့အခါကျတော့ အခု ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိခိုက်ပြီးတော့ စာနယ်ဇင်းသမားတွေက ကြပ်တည်းလာတဲ့ လှုပ်မရ၊ တိုးမရ အနေအထားမျိုးနဲ့ ကြုံလာရမှာကိုတော့ ကျွန်တော်က စိုးရိမ်နေပါတယ်"ဟု ဦးရဲနီက ပြောသည်။
Eleven သတင်းစာကိုလည်း ကိုးကန့်တိုက်ပွဲ နှင့် ပတ်သက်ပြီး ဖေ့စ်ဘွတ်လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားမှုကို ကိုးကား သတင်းရေးသားမှုအတွက် စစ်တပ်သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့က ယခုရက်ပိုင်းအတွင်း သတိပေးခဲ့ဖူးသည်။
ယခုသတင်းထုတ်ပြန်ချက်ကို တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို လိပ်မူ၍ ပေးပို့ထားခြင်းဖြစ်၍ စာနယ်ဇင်းကောင်စီ အနေဖြင့် မည်ကဲ့သို့ ကိုင်တွယ်မလဲဆိုသည့်အပေါ် သတင်းဌာနများက စိတ်ဝင်စားနေကြသည်။
Credit - Mizzima News
No comments:
Post a Comment