Saturday, May 9, 2015

ဗကသ ၇၉ နှစ်ပြည့်နှင့် လက်ပံတန်းအကြမ်းဖက်ခံရမှု ၂ လပြည့် အခမ်းအနား ပြုလုပ်မည်

 ရန်ကုန်၊ မေ ၆

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ဦးဆောင်ကာ လက်ပံတန်း အကြမ်းဖက်ခံရမှု ၂ လပြည့်နှင့် ဗကသများအဖွဲ့ချုပ် ၇၉ နှစ်ပြည့် အခမ်းအနားကို မေလ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ နာရေးကူညီမှု အသင်းရုံး၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗကသ ဒုတိယဥက္ကဋ္ဌ ကိုလင်းထက်နိုင်က မေလ ၆ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန် အဖွဲ့အစည်း အသီးသီးအား ဖိတ်ကြား သွားမည်ဖြစ်ပြီး ဗကသ သမိုင်းကြောင်းများ ပြန် လည် ဟောပြောခြင်း၊ လက်ပံတန်း ကျောင်းသပိတ် အကြမ်းဖက်ဖြိုခွင်း ခံရသည့် ဓာတ်ပုံမှတ်တမ်းများ၊ ရုပ်သံမှတ်တမ်းများ ပြန်လည်ပြသခြင်း တို့ကို ပြုလုပ်သွားမည်ဖြစ်သည်။

““အဖွဲ့အစည်းတွေအားလုံး ဖိတ်ကြားဖို့ရှိတယ်။ ဦးဆောင်လုပ်မှာကတော့ ဗကသကပဲ ဦးဆောင်ပြုလုပ်မှာ။ ဖမ်းဆီးခံ ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့လည်း လွတ်မြောက်ဖို့ လှုပ်ရှားမှုတွေရှိမှာပါ။ မလုပ်ခင်တော့ ကြိုပြောဖို့ ခက်ပါမယ်။ အဲဒါနဲ့ ပတ်သက်လို့ လုပ်ဆောင်မှုရှိမှာပါ””ဟု ဗကသ ဒုတိယဥက္ကဋ္ဌ ကိုလင်းထက်နိုင်က ပြောသည်။

အစိုးရက ဗကသများအဖွဲ့ချုပ် ဦးဆောင်သော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းအား မတ်လ ၁၀ ရက်က လက်ပံတန်း၌ အကြမ်းဖက် ဖြိုခွင်းခဲ့ပြီးနောက် ဗကသ ကျောင်းသားခေါင်းဆောင် အများစုကိုလည်း ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

““ဗကသများ အဖွဲ့ချုပ်ရဲ့အဓိက ၀ိညာဉ်က ဘာလဲဆိုတော့ ကျောင်းသားထုအရေးကို သေတစ်ပန်သက် တစ်ဆုံး ထမ်းဆောင်ခဲ့တာက ဗကသများအဖွဲ့ချုပ်ရဲ့ ၀ိညာဉ်ပဲ။ တကယ်တမ်းတော့ ဒါတင်မကဘူး။ စစ်အစိုးရ ပေါ်လာရင် စစ်အစိုးရ ဆန့်ကျင်ရေး လုပ်တယ်။ ကျောင်းသားသမဂ္ဂကို ဖြိုဖျက်တယ်၊ ဖိနှိပ်တယ် လုပ်တယ် ဆိုရင် ကျောင်းသားသမဂ္ဂက ရုန်းကန်ကြတယ်။ အခုလိုလုပ်တာ ဗကသများ အဖွဲ့ချုပ်ရဲ့အစဉ်အလာကို ခုလိုထိန်းသိမ်းတာ ၀မ်းသာတယ်””ဟု ၁၉၆၂ ဗကသ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးလှရွှေက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကို ၁၉၃၆ ခု မေလ ၈ ရက်တွင် ဂျူဗလီဟော၌ အမျိုးသားရေးအရ ကျယ်ပြန့်သော လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ရန် စတင်ဖွဲ့စည်းခဲ့ကာ ပထမဆုံးဥက္ကဋ္ဌမှာ ကိုရာရှစ်ဖြစ်ပြီး ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)က ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

ဗကသများအဖွဲ့ချုပ်၏ ၁၉၅၁ ခုနှစ်က ကျင်းပသော နောက်ဆုံးညီလာခံဖြစ်သည့် ၆ ကြိမ်မြောက် ညီလာခံတွင် All Burma Students Union (ABSU) ဟူသော နာမည်ကို ယခုသုံးစွဲနေသော နာမည်ဖြစ်သည့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (All Burma Federation of Students Union ABFSU) ဟု ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ဗကသများ အဖွဲ့ချုပ်သည် ခေတ်အဆက်ဆက်၌ နိုင်ငံရေး နယ်ပယ်တွင် ပါဝင်နေပြီး ကျောင်းသားနှင့် နိုင်ငံရေး ဆက်စပ်နေပုံကို လက်ရှိ ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကိုက ၎င်း၏ “သမဂ္ဂကျောင်းသား ကျော်ကိုကို”စာအုပ်၌ ““နံပါတ် ၁ ရည်ရွယ်ချက်ကတော့ ကျောင်းသား နိုင်ငံရေးရဲ့အမြင့်ဆုံးပုံစံဟာ ကျောင်းသား သမဂ္ဂကလွဲပြီး ဘာမှမရှိဘူးဆိုတာ သိစေချင်တာပါပဲ။ ၂ အချက်ကတော့ ကျောင်းသား သမဂ္ဂရဲ့ အဓိပ္ပာယ် အစစ်အမှန်ကို တိတိကျကျသိပြီး သမဂ္ဂကို ပိုတွက်တာ၊ လျှော့တွက်တာ မဖြစ်စေချင်လို့ပါပဲ။ နောက်ဆုံး အချက်ကတော့ သမဂ္ဂကို နိုင်ငံရေး အရောင်ဆိုးလေ့ရှိတဲ့ စစ်အာဏာရှင်တွေရဲ့ ဗီဇကို ပုံတူမျိုးပွားဖို့ ကြိုးစားနေတဲ့ ဒီနေ့ခေတ် လစ်ဘရယ်ဆိုတဲ့ နိုင်ငံရေး အင်အားစုတွေကို ပြင်းပြင်းထန်ထန် သတိပေးဖို့လည်းဖြစ်ပါတယ်”” ဟု ဖော်ပြ ထားသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment