Monday, May 4, 2015

အိုးဝေဦးညိုမြ အတွေးနှင့်အရေး – မြတ်ဆွေ

ရုံးတင် စစ်ဆေးနေစဉ် သတင်းထောက်ကလေးတစ်ဦးက ဆရာစံ ရရန်ရှိသော ကျမ်းစာအုပ်ကလေးမှ စာမူခကို အလှူခံသည် … ခေတ်မီစာကြည့်တိုက် ထူထောင်ရန် ရည်ရွယ်သည်။ ဆရာစံက စာမူခငွေ ၃၀၀ ကျပ်ကို ထုတ်ယူခွင့် ပေးလှူလိုက်၏။ အလှူခံသော သတင်းထောက်မှာ နောင်အခါဝန်ကြီး၊ ထွန်းနေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဖြစ်လာမည့် ဦးထွန်းဖေ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မိတ်ဆွေဂျာနယ် အယ်ဒီတာတစ်ဦး၏ တိုက်တွန်းမှုအရ ကျွန်တော်သည် သိမီသမျှ သတင်းစာဆရာကြီး အချို့ အကြောင်း မကြာမီက ဆက်တိုက်လိုပင် ရေးဖြစ်ခဲ့သည်။

သတင်းစာဆရာကြီး မိုးကြိုးဦးအုန်းခင်၊ ကြေးမုံဦးသောင်းခေါ် အောင်ဗလ၊ ဆရာစိန်ခင်မောင်ရီ၊ ဆရာဇ၀န၊ ဆရာလူထုဦးလှတို့၏ ရုပ်ပုံလွှာကို ကျွန်တော် ရေးမိခဲ့သည်။ သူတို့၏အတ္ထုပ္ပတ္တိမဟုတ်၊ ကျွန်တော် ရှုမြင်မိသမျှ ပုံဖော်ခြင်းဖြစ်လေသည်။ ကျွန်တော်ရေးရန် ကျန်ရှိနေသဖြင့် သူ့အကြောင်း ဘယ်လို ရေးရပါ့မလဲဟု တွေးနေ ရသော ပုဂ္ဂိုလ်ကြီး တစ်ဦးရှိသည်။ သူကားအိုးဝေ ဦးညိုမြဖြစ်လေသည်။ ဆရာ ဇ၀နတို့၊ ဆရာစိန်ခင်မောင်ရီ တို့လို နီးနီးကပ်ကပ် မနေဖူးပေ။

သို့သော် သူနှင့်တွေ့ထိသမျှ ထူးခြားသော ခံစားမှု ပုံသဏ္ဌာန် ကျန်ရစ်ခဲ့သည်ကတော့ အမှန်ပင်။

ကျွန်တော်သည် အိုးဝေ သတင်းစာခေတ်ကို ကောင်းစွာမမီ၊ အိုးဝေဂျာနယ် ခေတ်ကိုတော့ အထိအတွေ့ များခဲ့သည်။ အိုးဝေဂျာနယ်သို့ သတင်း ဆောင်းပါးများ သွားပို့စဉ်က တစ်ခါတစ်ရံ အတွင်းဘက် ကုလားထိုင် တစ်လုံးနှင့်ထိုင်ပြီး ဆေးလိပ်ဖွာနေတတ်သော အ၀တ်အစား ဖြစ်ကတတ်ဆန်းနှင့် လူကြီးတစ်ဦးကို တွေ့ရသည်။

အိုးဝေဦးညိုမြမှန်း ကျွန်တော်ကတော့ သိပါသည်။ တစ်ခါကတိုက်ထိုင် အယ်ဒီတာ မအူပင်လွင်ဦး၊ တက္ကသိုလ် စိန်တင်တို့နှင့် မတွေ့ရလို့ သူ့ကို မေးကြည့်မိသည်။

“ဆရာ သူတို့ ဘယ်တော့လာမှာလဲ” ဟုမေးမိသည်။ ဆရာဦးညိုမြက လေးလေး ပင်ပင် လေသံနှင့် ပြန်ဖြေ လေ သည်။

“မသိဘူး၊ တွေ့ချင်ရင်စောင့်…”တဲ့။

ထို့နောက် ဗိုလ်ချုပ်ကြီးနေ၀င်း၏ တော်လှန်ရေး အစိုးရခေတ် ဂျာနယ်များ မုန်တိုင်းမိသောအခါ …အိုးဝေတိုက် သို့ မသွားဖြစ်တော့ပေ။

အိုးဝေဂျာနယ် ရပ်နားသွားပြီး ဆရာဦးညိုမြကို မြေနီကုန်းတစ်နေရာ မှာ တွေ့မိပြန်သည်။ ကျွန်တော်တို့သည် မြေနီ ကုန်း သခင်အောင်ဖေ၏ မိုးဂျာနယ်၌ စုဝေးမိပြန်သည်။ မိုးဂျာနယ်နှင့် မနီးမဝေး ဈေးနားတွင်နေသော ဆရာတိုက်စိုးနှင့် ဆရာမ တက္ကသိုလ်မြစိမ်းတို့အိမ်သို့ ညနေပိုင်းများတွင် ဆရာဦးညိုမြ လာတတ်သည်။

သူသည် သံဈေးက ၀ယ်လာသော စစ်အင်္ကျီတစ်ထည်ကို အလျှော်အဖွပ်မရှိ၊ နေ့စဉ်လိုလို ၀တ်နေပုံရသည်။ ထိုအင်္ကျီကိုဝတ်ပြီး အိတ်အမည်းတစ်လုံးဆွဲကာ ဆရာတိုက်စိုးတို့အိမ်သို့ ရောက်လာတတ်သည်။ အိတ်ထဲ၌ ပုလင်းတစ်လုံး ပါလာသည်။ ဈေးနားက အရက်ဖြူဆိုင်သို့ သွားဝယ်ပြီး ထိုင်သောက်လေသည်။

စကားမပြော၊ မေးမှဖြေသည်။ ဆေးလိပ်ဖွာနေတတ်သည်။ သူ့ကိစ္စပြီးလျှင် ဘယ်သူ့မှ နှုတ်ဆက်မနေ၊ ထပြန် သွားလေသည်။ ကျွန်တော်သည် မြေနီကုန်းဈေးနားမှာ ဆရာဦးညိုမြကိုတွေ့၍ နှုတ်ဆက်လျှင် … “အင်း အဲ-ပြန်မယ်”ဟုသာ အဖြေရလေသည်။

ယခုအချိန်အထိ မိုးတဖွဲဖွဲ၌ ထီးမပါဘဲ အိတ်တစ်လုံးနှင့် သွားနေသော ဆရာဦးညိုမြပုံရိပ်ကို မြင်ယောင်မိ တော့၏။

တစ်နေ့က လူငယ် စာပေသမားကလေးတစ်ဦးက ဦးညိုမြ၏ နာမည်ကြီး “ငရဲခွေးကြီး လွတ်နေသည်” ဆောင်းပါးအကြောင်း မေးသည်။

သခင်အောင်ဆန်း အယ်ဒီတာလုပ်သော အိုးဝေမဂ္ဂဇင်းတွင် ဆောင်းပါးများ ထည့်သွင်းရာ ဦးညိုမြက စာညွန့် သဖွယ် ဆောင်းပါးတို တစ်ပုဒ် ရေးပေးလိုက်သည်။

ငရဲပြည်၌ ခွေးဆိုးကြီး တစ်ကောင် ရောက်ရှိနေသည်။ ထိုခွေးကြီးသည် ဘယ်ကဘယ်လို လွတ်လာမှန်းမသိ။ လူ့ပြည်သို့ ရောက်လာပြီး တက္ကသိုလ် ပရ၀ဏ်အတွင်း သောင်းကျန်းနေတော့သည်ဟု အဓိပ္ပာယ် ရသော စာတစ်ပုဒ် ရေးသားလိုက်သည်။ တက္ကသိုလ် အသိုင်းအ၀ိုင်းရှိ မျက်နှာဖြူအချို့ အထိနာကာ တရားခံ ရှာကြသည်။

စာရေးသူကို ဖော်ထုတ်မပေးသော အယ်ဒီတာ ကိုအောင်ဆန်းကို ကျောင်းထုတ်သည်။ ဤသည်မှအစ …ကိုလိုနီ ပညာရေးစနစ် တော်လှန်မှု အစပျိုးလာသည်ဟု ဆိုနိုင်သည်။

ဆရာဦးညိုမြကား ဖြစ်သလိုနေသည်။ စာအုပ်စာပေများကိုလည်း စုဆောင်း ထိန်းသိမ်းမှုမရှိ။ ဦးညိုမြကို ဦးလှနှင့် ဒေါ်အမာတို့က ထွက်သမျှ စာအုပ်များ အမှတ်တရပေးသည်။ သို့သော် သူ့အိမ်မှာ တစ်အုပ်မှ မရှိသဖြင့် “ဦးညိုမြအိမ်က သာလာယံဇရပ်နဲ့တူတယ်”ဟု လူထုဒေါ်အမာက ကရုဏာဒေါသောနှင့် ပြောဖူး သည်။

ကျွန်တော်သည် ဆရာဦးညိုမြအား မြေနီကုန်းတစ်ဝိုက်၌ တွေ့ဆုံရာ စားသောက်ဆိုင်မှာ တစ်ခါလောက် ကျွေးမွေးပြုစုရန် စိတ်ကူးထားသည်။

သို့သော်သူက စကားတစ်လုံးနှစ်လုံးနှင့် ငြင်းဆိုသည်။ သူသည် “ကုန်းဘောင်ရှာပုံတော်”ဟူသော စာအုပ်ကြီး တစ်အုပ်ကို ရေးသား သွားသည်။ အချက်အလက် ပြည့်စုံ၍ ထူထဲသော စာအုပ်ကြီးကို ဘယ်အချိန်မှာ ရေးသလဲဟု တွေးဆစရာ ဖြစ်သည်။ အိုးဝေဂျာနယ်၌ မောင်သုမန အမည်ဖြင့် အပတ်စဉ်ဆောင်းပါး များ ရေးသည်။ နိုင်ငံတကာအရေး၊ ပြည်တွင်းရေး၊ စာအုပ်စာပေ ကိစ္စကအစ အစုံရေးသည်။ သို့သော် ထိုဆောင်းပါးများကား စာအုပ်အဖြစ်သို့ ရောက်မလာခဲ့ပေ။

မကြာခဏ ကျွန်တော်သည် လက်ထဲ ကျန်ရှိသော အိုးဝေဂျာနယ် အချို့က မောင်သုမနကို ဖတ်မိသည်။ ၁၉၇၁ လောက် က ရေးသော ဆောင်းပါး တစ်ပုဒ်မှာ “ဆရာစံသည် ကွန်မြူနစ်လော”ဟူ၍ ဖြစ်သည်။

၁၉၃၀ ပြည့်ဝန်းကျင်က လယ်သမား ခေါင်းဆောင်ကြီး ဆရာစံသည် သာယာဝတီနယ် အလံတောင်တွင် အင်အား ၃၀၀၀ ကျော်ရှိသော လယ်သမားတပ်ကြီးဖြင့် နယ်ချဲ့အစိုးရကို တော်လှန်တိုက်ခိုက်သည်။

တိုက်ပွဲအစက လယ်သမားတို့ အင်အားကြောင့် နယ်ချဲ့အစိုးရတပ်များ အထိနာသော်လည်း လက်နက် အင်အားမမျှ၍ လယ်သမားသူပုန်တို့ ရှုံးနိမ့်ကြရသည်။ ဆရာစံသည် ရှမ်းပြည်နယ် နောင်ချိုဘက်တွင် အဖမ်းဆီးခံလိုက်ရ၏။

၎င်းအား ရုံးတင် စစ်ဆေးနေစဉ် သတင်းထောက်ကလေးတစ်ဦးက ဆရာစံရရန်ရှိသော ကျမ်းစာအုပ်ကလေးမှ စာမူခကို အလှူခံသည်။ ခေတ်မီစာကြည့်တိုက် ထူထောင်ရန် ရည်ရွယ်သည်။ ဆရာစံက စာမူခငွေ ၃၀၀ ကျပ် ကို ထုတ်ယူခွင့်ပေးလှူလိုက်၏။ အလှူခံသော သတင်းထောက်မှာ နောင်အခါဝန်ကြီး၊ ထွန်းနေ့စဉ် သတင်းစာ အယ်ဒီတာချုပ် ဖြစ်လာမည့် ဦးထွန်းဖေ ဖြစ်သည်။

သူသည် ဆရာစံထံမှ ရရှိငွေဖြင့် ထိုစဉ်က နာမည်ကြီးသော လက်ဝဲစာအုပ်များကိုဝယ်ပြီး စာကြည့်တိုက် ထူထောင်ရန် ကြိုးစားသည်။

သို့သော် ထိုစာအုပ်များကို သခင်လူငယ်များက ၀ိုင်းဝန်းတောင်းယူ ဖတ်ရှုကြသည်နှင့် ပြီးသွားသည်။ ဆရာစံက ဦးထွန်းဖေ လုပ်ဆောင်ချက်များကို ဘာမျှမပြော၍ လက်ခံရာရောက်နေ၏။ ထို့ကြောင့် “ဆရာစံ ကွန်မြူနစ်လော” ဟု မောင်သုမနက မေးခွန်းထုတ်ခြင်းဖြစ်သည်။

ကျွန်တော်သည် မောင်သုမနရေးသည့် ဆရာစံအကြောင်း ဆောင်းပါးကို ဖတ်ရင်း ပြက္ခဒိန်ကို လှမ်းကြည့်မိ သည်။

“မတ်လ ၂ ရက် တောင်သူလယ်သမားနေ့”ဟု တွေ့ရသည်။ ဆရာစံနှင့်များ မည်သို့ ပတ်သက်လေသနည်း။ မပတ်သက်ပါ။ မတ်လ ၂ ရက်နေ့က ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းသောနေ့ဖြစ်သည် မဟုတ်ပါလော။ ဘာကြောင့် တောင်သူလယ်သမားနေ့ ဖြစ်ရသနည်း။

အမှန်တော့ အာဏာသိမ်း တော်လှန်ရေးကောင်စီ သည် တောင်သူလယ်သမား အကျိုးလုပ်မည်ဟု သံယောင်ပြု လိုက်ခြင်း ဖြစ်သည်။ တောင်သူလယ်သမား အစည်းအဝေးတွေ လုပ်ပြသည်။ တောင်သူလယ်သမားဘ၀ တိုးတက်မလာပါ။ အသုံးချခံ လိုက်ရခြင်းသာ ဖြစ်လေသည်။

ဆရာစံနှင့် ပတ်သက်သော နေ့တစ်နေ့သည်သာ တောင်သူလယ်သမားနေ့ မဖြစ်သင့်ပါသလော။ ကျွန်တော် သည် မောင်သုမန ဆောင်းပါးကိုဖတ်ပြီး အတွေးဝေဖြာမိခြင်း ဖြစ်လေသည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment