Monday, May 4, 2015

နိုင်ငံရေး သွင်ကူးပြောင်းမှု လုပ်ဆောင်ရာတွင် ရွေးကောက်ပွဲမျှတမှု ရှိစေရန်သာမက အရပ်ဘက် လူမှုအဖွဲ့အစည်းများ အားကောင်းမှုရှိရန် မြှင့်တင်ပေးရန်လည်း အရေးကြီးသည်ဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏  နိုင်ငံရေးအသွင် ကူးပြောင်းမှု လုပ်ဆောင်ရာတွင် ရွေးကောက်ပွဲ မျှတမှု ရှိစေရန်သာမက အရပ်ဘက် လူမှုအဖွဲ့အစည်းများ အားကောင်းမှုရှိရန် မြှင့်တင်ပေးရန်လည်း အရေးကြီးသည်ဟု  စတန်းဖိုဒ့်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ ပါမောက္ခ ပရော်ဖက်ဆာ ဖီးလစ်စီရှမစ်က မေ ၂ ရက်က ပြောလိုက်သည်။

မေ ၂ ရက်က  ရန်ကုန်မြို့ park royal ဟိုတယ်တွင် ‘အသွင်ကူးပြောင်းမှုပုံစံအမျိုးမျိုးနှင့် ၎င်းတို့၏ ပြဿနာများ ‘အမည်ရှိ ဟောပြောပွဲကို
ပြုလုပ်ခဲ့ပြီး ယင်းပွဲတွင် ပရော်ဖက်ဆာ ဖီးလစ်စီရှမစ်က ပြောခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲကို တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့နှင့်
မြန်မာ့ရေးရာ လေ့လာမှုစင်တာ (ရန်ကုန်) တို့က ပူးပေါင်းပြုလုပ်ခြင်း ဖြစ်သည်။

ပရော်ဖက်ဆာ ဖီးလစ်စီရှမစ်က "နိုင်ငံအသွင်ကူးပြောင်းရေး လုပ်ဆောင်ရာမှာ ရွေးကောက်ပွဲက မပါမဖြစ် အမြဲပါတယ်။ ဒါကြောင့်
ရွေးကောက်ပွဲတွေက တရားမျှတဖို့ တကယ်ပဲအရေးကြီးတယ်” ဟု ဆိုသည်။ ရွေးကောက်ပွဲကို တရားမျှတစွာ မကျင်းပဘဲ
အစိုးရ အနေဖြင့် ယင်းတို့ လိုချင်သည့် ရလဒ်ကိုသာ ရရှိစေရန် ထိန်းချုပ်လုပ်ဆောင်မှုများ ဆောင်ရွက်ပါက ရွေးကောက်ပွဲ
အပေါ် မျှော်လင့်နေသည့် ပြည်သူများအနေဖြင့် ကျေနပ်မှုရှိမည် မဟုတ်ဘဲ ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာနိုင်ကာ၊ နိုင်ငံတကာမှ
ရောက်ရှိနေသည့် စောင့်ကြည့်လေ့လာသူများ အနေဖြင့်လည်း ပါဝင်ထောက်ပြ ပြောဆိုမှု များရှိလာပြီး ပြည်သူလူထုဘက်မှ အစိုးရအပေါ် အရေးယူပေးရန် တောင်းဆိုမှုများဖြင့် ကြုံတွေ့လာရနိုင်သည် ဟုဆိုသည်။

နိုင်ငံရေး လှုပ်ရှားတက်ကြွသူ တစ်ဦးဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုကိုကြီးက “ရွေးကောက်ပွဲရလဒ်ကို ပြည်သူလေးစား လက်ခံလာအောင် အရင်လုပ်ရမှာပါ။ ပြီးတော့ လူထုကို စည်းရုံးတဲ့အဆင့် အဲဒီကနေမှ လူထုကို အကျိုးပြုတဲ့အဆင့်အထိ တစ်ဆင့်စီ သွားရမှာပါ။ ဒီလိုသွားရာမှာ ခေါင်းဆောင်ပိုင်းက ဘယ်လောက် ချောချောမွေ့မွေ့ သယ်ဆောင်သွားနိုင်သလဲနဲ့ လူထုထောက်ခံမှု ဘယ်လောက်ရလဲ ဆိုတာကို ဆပ်စပ်သွားနိုင်ဖို့ အရေးကြီးတယ်” ဟု ဆိုသည်။

အရပ်ဘက်လူမှု အဖွဲ့အစည်း (CSO) များ အားကောင်းမှုရှိရန်နှင့် ပတ်သက်ပြီး ပရော်ဖက်ဆာ ဖီးလစ်စီရှမစ်က နိုင်ငံအသွင်
ကူးပြောင်းရေး လုပ်ဆောင်ရာတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုရုံးရန်လိုအပ်သည်။ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အားကောင်းမောင်းသန် ဖြစ်လာပါက အသွင်ကူးပြောင်းရေးကို ထိန်းချုပ်ထားသည့် အစိုးရအတွင်းရှိ *သဘောထား
ပျော့ပြောင်းသူနှင့် တင်းမာသူများကြား ၀ိရောဓိဖြစ်စေသည့် ထောက်ပြမှုများ ရှိလာမည်ဖြစ်ကာ* အစိုးရအဖွဲ့အတွင်း
ပြန်လည်ဆန်းစစ်မှုများ ရှိလာမည်ဖြစ်ပြီး အားကောင်းလာသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ တွန်းအားဖြင့်
ပြည်သူလူထု လိုအပ်သည့် တောင်းဆိုချက်များအတွက် ကတိကဝတ်များ ပေးလာမည်ဟု ၎င်းက ဆိုသည်။

“နိုင်ငံရေး ပါတီတွေကလည်း ရွေးကောက်ပွဲ ရလဒ်ကိုပဲ စိတ်ဝင်စားတယ်။ ဒီတော့ နိုင်ငံရေး ပါတီတွေကို အစိုးရက နှိပ်ကွပ်ရတာ အရမ်းလွယ်တယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကတော့ ပြည်သူကို အခြေခံတဲ့အတွက် အသွင်ကူးပြောင်းရာမှာ CSO တွေကို အားကောင်းစေဖို့က အရေးပါတယ်” ဟု ဆိုသည်။

ယင်းကိစ္စအပေါ် တကောင်း နိုင်ငံရေး လေ့လာမှုအဖွဲ့မှ ဘုတ်အဖွဲ့ဝင် ဦးစိုင်းရဲကျော်စွာက နိုင်ငံရေးပါတီမဟုတ်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ အားကောင်းပါမှ  ဒီမိုကရေစီ ပိုမိုအားကောင်းလာမည်ဖြစ်ပြီး၊ လက်ရှိမြန်မာနိုင်ငံတွင်  အာဏာရှိသူက ဦးဆောင်ကာ အသွင်ကူးပြောင်းမှုလုပ်နေသည့် အနေအထားသာဖြစ်နေပြီး စစ်မှန်သည့် ဒီမိုကရေစီရရှိရန် အချိုးအကွေ့များ လိုအပ်နေသည်ဟု သုံးသပ်ပြောကြားသည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုကိုကြီးက “ CSO တွေ အားကောင်းဖို့ လိုသလို CSO နဲ့ နိုင်ငံရေး အင်အားစုတွေကြား နားလည်မှု ဟန်ချက်ညီဖို့ လိုတယ်။ CSO တွေ အားကောင်းဖို့က နိုင်ငံရေး အခြေခံပဲ” ဟု ဆိုသည်။


Credit - Mizzima News

No comments:

Post a Comment