ရန်ကုန်၊ မေ ၆
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရေးသည် အစည်းအဝေး တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဘုံတူညီချက်အဖြစ် ပန်ဆန်းညီလာခံသို့ တက်ရောက်သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုအားလုံးက သဘောတူညီခဲ့ကြောင်း ညီလာခံသို့ တက်ရောက်ခဲ့သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက မေ ၅ ရက်တွင် မြန်မာသံတော်ဆင့် သို့ အတည်ပြုပြောကြားသည်။
မေလ ၁ ရက်က စတင်ကျင်းပခဲ့သော ပန်ဆန်းညီလာခံကို တိုင်းရင်းသား အဖွဲ့အစည်း ၁၂ ဖွဲ့မှ ထိပ် ပိုင်း ခေါင်းဆောင်များ တက်ရောက် ခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စများ၊ နိုင်ငံရေး ဆွေးနွေးကိစ္စများ ဆွေးနွေး ရာတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ယခုကဲ့သို့ သဘောတူညီ ခဲ့ကြခြင်းဖြစ်သည်။
““ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ တက်ရောက်တဲ့ အဖွဲ့အားလုံး အားလုံးက သဘောတူညီကြတယ်ဗျာ။ ဒါက မှန်ပါတယ်”” ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက မြန်မာ သံတော်ဆင့်သို့ အတည်ပြု ပြောကြားသည်။
ရှမ်းပြည်နယ်“၀”ဒေသ၌ မေလ ၁ ရက်က စတင်ကျင်းပသော တိုင်းရင်းသား ထိပ်သီးခေါင်းဆောင် အစည်းအဝေး ၄ ရက်မြောက်နေ့၌ တိုင်းရင်းသားခေါင်းဆောင် အသီးသီးက ယခုကဲ့သို့ သဘောထား မှတ်ချက် ပေးခဲ့ခြင်းလည်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ အမေရိကန် အခြေစိုက် ဗွီအိုအေ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းစဉ် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ နောက်ဆုံး ကာလအထိ ဖွဲ့စည်းပုံပြင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဖြေကြားထားသည်။
““အာဏာရပါတီ ပြည်ခိုင်ဖြိုးက ပြင်ချင်တယ်ဆိုရင် ၄ နှစ် ၅ နှစ် အချိန်ရတာပဲ။ ၄ နှစ် အချိန်ရပြီပဲ။ ဒါတော့ ပြင်မယ်၊ ဒါတော့ ပြင်မယ်ဆိုရင် ဆွေးနွေးရမယ်။ လွှတ်တော်မှာ မဲခွဲပြီးအနိုင်ရရင် ဆန္ဒခံယူပွဲ လုပ်ရဦးမယ်လေ။ ဖုတ်ပူမီးတိုက် လုပ်ရင်တော့ရတာပေါ့။ တစ်ခုပြင်တယ်၊ နှစ်ခုပြင်တယ် ပြောလို့ရတာပေါ့။ ဒါပေမဲ့ ဒါဟာတကယ် စနစ်ကျတဲ့ ပြင်ဆင်ချက် မဟုတ်ဘူးလို့ ဦးကသတ်မှတ်တယ်။ တကယ်တမ်း စေတနာနဲ့ ပြင်မယ်ဆိုရင် အစ ကတည်းက ပြောရမယ်။ NLD ဆိုတာ ကြားဖြတ်မှာမှ ၀င်လာတာပဲ။ ပြင်မယ်ဆို ပြည်ခိုင်ဖြိုးကပဲ ပြင်ရမှာ။ အခုမှလာပြီး ပြင်မယ်ဆိုရင် သိပ်လေးလေးနက်နက် ရှိတယ်လို့ မယူဆဘူး””ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးဘိုဘိုကျော်ငြိမ်းက သုံးသပ်သည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရန် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment