Saturday, May 9, 2015

“ ၀ ဒေသ ပြည်နယ် အဆင့် သတ်မှတ်သင့်သလား”

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၀ ဒေသ ပန်ဆန်း(ပန်ခမ်း)မှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် (၁၂) ဖွဲ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးပွဲကြီး တစ်ခု ပြီးဆုံးသွားပါပြီ။ အဲဒီ အစည်းအဝေးပွဲရဲ့ ထူးခြားချက် တစ်ခုကတော့ ၀ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေက သူတို့ ၀ ဒေသ ကိုပြည်နယ် အဆင့် သတ်မှတ်ပေးဖို့ တောင်းဆိုထားတာကို ၀ိုင်းဝန်းထောက်ခံပေးဖို့ အဆိုပြုခဲ့တာပဲ ဖြစ်ပါတယ်။

 အစည်းအဝေးပွဲ အပြီး ကြေညာချက် ထုတ်ပြန်ရာမှာလည်း “ ဤထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာကြသော၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အများစုက ၀ အမျိုးသား ပြည်နယ်အဆင့် တောင်းဆိုခြင်း အပေါ် နားလည် ထောက်ခံကြပါသည်” ဆိုတဲ့ အချက် တစ်ချက် ထည့်သွင်း ဖော်ပြခဲ့တာ တွေ့ရပါတယ်။

အဖွဲ့အစည်းအားလုံးက မထောက်ခံနိုင်သေးတဲ့တိုင် အဖွဲ့အများစုက နားလည် ထောက်ခံကြတယ် ဆိုတဲ့ သဘောပါ။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားတဲ့ ၀ ဒေသ ကို ပြည်နယ် အဆင့် သတ်မှတ် သင့်သလား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

မှီငြမ်းကိုးကား အားကိုးအားထား ပြုနိုင်လောက်တဲ့ မြန်မာ့စွယ်စုံကျမ်း ဖော်ပြချက်အရ ၀ လူမျိုးတွေဟာ မွန်-ခမာ အုပ်စုမှာ ၀ - ပလောင် အုပ်စုခွဲမှာ ၀၊ လ၊ လ၀၊ ခမူ၊ တိုင်းလွီ၊ အန်၊ ယန်းလမ်၊ ပလောင်၊ ပလေး၊ ဓနော လူမျိုးတွေနဲ့ အတူ ပါဝင်တယ်လို့ ဆိုပါတယ်။ ၀ လူမျိုးတွေဟာ မြန်မာနိုင်ငံနဲ့ တရုတ် ယူနန် နယ်စပ် အကြားက တောင်တန်းဒေသတွေမှာ အခြေစိုက် နေထိုင်ကြပါတယ်။

ယူနန် နယ်စပ်ကနေ သံလွင်မြစ် အရှေ့ဘက်ကမ်း တိုင်အောင် အနှံ့အပြား နေထိုင်ကြပါတယ်။ စွယ်စုံကျမ်း ဖော်ပြချက်အရ ၁၉၇၀ ရှေ့ပိုင်း မြန်မာနိုင်ငံထဲက ၀ ဒေသ အကျယ်အ၀န်းဟာ ဧရိယာ စတုရန်းမိုင် ၂,၅၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ တကယ်တော့ ၀ ဒေသဟာ မြန်မာဘက်ကရော၊ တရုတ်ဘက်ခြမ်းကပါ လူသူ အရောက်အပေါက် နည်းတဲ့ ဒေသပါ။

မြန်မာ ပဒေသရာဇ်တွေ လက်ထက်ကဆို ၀ နယ်ကို ပေါက်ရောက်မှု မရှိသလောက်ပါပဲ။ နယ်ချဲ့အင်္ဂလိပ် အုပ်စိုးစဉ်ကာလမှာတော့ ၀ နယ်ကို ချီတက်တိုင်း ခုခံ တိုက်ခိုက်မှုတွေနဲ့ ကြုံရတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ အလားတူ ၁၉၃၅ ခုနှစ် ကုန်လောက်မှာ အင်အား ၁,၄၀၀ ရှိတဲ့ တရုတ်တပ်ဖွဲ့ တစ်ဖွဲ့ ၀င်ရောက်ရာမှာလည်း ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်တာ ခံရပြီး နှစ်ဘက် အသေအပျောက် ၆၀ လောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဝ လူမျိုးတွေဟာ ပြင်ပက လူတွေ သူတို့ဒေသထဲ အရောက်လာဖို့ မပြောနဲ့၊ သူတို့ လူမျိုးစုတွေ အချင်းချင်း တစ်ရွာနဲ့ တစ်ရွာတောင် အ၀င်ခံကြတာမျိုး မဟုတ် ပါဘူး။ တစ်ရွာနဲ့ တစ်ရွာ၊ လူမျိုးစု တစ်စုနဲ့ တစ်စု အုပ်စုဖွဲ့ တိုက်ခိုက်မှုမျိုးတွေ အမြဲတမ်း ရှိခဲ့သလို ခြံစည်းရိုးတွေ အခိုင်အမာပြုပြီး တသီးတသန့်နေထိုင်ကြတဲ့ လူမျိုးတွေ ဖြစ်ကြပါတယ်။

၁၉၆၈ မတိုင်ခင်အထိ လူခေါင်းဖြတ်ပြီး ယဇ်ပူဇော်တဲ့ ဓလေ့ ရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။ ၁၉၆၈ ဇန်န၀ါရီ ၁ ရက် ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ အလံထောင် ထားတဲ့ တရုတ်ဗော်လံတီယာ တပ်တွေ နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာတဲ့အခါ ကျမှသာ ၀ နယ်ရဲ့ အခြေအနေ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

ဗကပ တွေဟာ ၀ နယ်ကို တိုက်ခိုက်သိမ်းပိုက် စည်းရုံးပြီး ခေတ်သစ် လူ့အဖွဲ့အစည်းထဲကို သွတ်သွင်းခဲ့ပါတယ်။ နောက်ပိုင်း ဗကပ တပ်ထဲမှာ ၀ လူမျိုး တပ်မှူး တပ်သားတွေက အများဆုံး ဖြစ်ခဲ့ပါတယ်။

၁၉၈၉ ဧပြီမှာတော့ ဗကပ ခေါင်းဆောင်မှုကို ပုန်ကန်ပြီး ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီ နဲ့ တပ်မတော် အဖြစ် ပြန်လည် ဖွဲ့စည်းရပ်တည်တာ ဒီကနေ့ အထိပါပဲ။ လက်ရှိ အခြေအနေ ၀ လူမျိုးတွေရဲ့ နယ်မြေ လေးပိုင်းလောက် ကွဲပြားနေပါတယ်။ လက်ရှိ ၀ တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ဒေသမှာ အစိုးရ သတ်မှတ် ချက်အရ မြို့နယ် လေးခု ပါဝင်ပါတယ်။ အခြား တစ်ဘက်ခြမ်း တရုတ်နိုင်ငံ ယူနန် ပြည်နယ်ထဲမှာလည်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခု ရှိပါတယ်။

နောက်တစ်ခုက လက်ရှိအစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပြီး မြို့နယ်နှစ်ခု ပါဝင်ပါတယ်။ ကျန်တစ်ခုကတော့မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်နယ် လွယ်လန်း၊ မုံးထော် မုံးထဒေသဖြစ်ပါတယ်။ အဲဒီဒေသမှာ ၀ လက်နက်ကိုင်တွေ အခြေချတာတော့သိပ်မကြာသေးပါဘူး။ ၁၉၉၄ ခုနှစ် မြန်မာ- ထိုင်း နယ်စပ်ပြဿနာပေါ် တဲ့ အချိန်တုန်းက အဲဒီ နယ်စပ်တွေမှာ မြန်မာ့တပ်မတော်က နေရာယူထားတာ ပြန့်ကျဲနေလို့ ၀ တပ်ဖွဲ့ နေရာယူနိုင်အောင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ကိုယ်တိုင်ရဲ့ ညွှန်ကြားချက်နဲ့ ရွှေ့ပြောင်း၊ နေရာချထားပေးခဲ့တာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ မှာဖော်ပြထားပါတယ်။

ဝ တပ်ဖွဲ့ဟာ အဲဒီ ဒေသက စစ်ရေးအရ အရေးကြီးတဲ့ တောင်ကုန်းတွေကို လွယ်လွယ်ကူကူ ရခဲ့တာတော့ မဟုတ်ပါဘူး။ အင်အားကောင်းတဲ့ တောင်ကုန်းတွေ ကို စိုးမိုးထားတဲ့ ဘိန်းဘုရင် ခွန်ဆာ ရဲ့ တပ်တွေကို အသက်သွေးချွေးတွေ အများကြီး စတေးပြီးမှ ခက်ခက်ခဲခဲ တိုက်ယူထားရတာပါ။ ဒါကြောင့် အခုနောက် ပိုင်း ၀ တပ်တွေ အဲဒီဒေသကနေ ပြန်ထွက်ခွာဖို့ အစိုးရဘက်က ဖိအားပေးတာကို လုံးဝ လက်သင့်မခံခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခြေအနေအောက်မှာ ၀ လက်နက်ကိုင် ခေါင်းဆောင်တွေက သူတို့ ၀ လူမျိုးတွေ နေထိုင်ရာ ဒေသကို ပြည်နယ် အဆင့်ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒ ၂၀၀၈ ထဲမှာတော့ မြန်မာနိုင်ငံကို တိုင်း (၇) ခု၊ ပြည်နယ် (၇) ခု၊ ပြည်ထောင်စု နယ်မြေတွေနဲ့ ဖွဲ့စည်းတယ် လို့ဖော်ပြထား ပါတယ်။ ဒါဟာအရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်က သတ်မှတ်ထားတဲ့ သတ်မှတ်ချက် အတိုင်းဖြစ်ပြီး လက်နက်ကိုင် တိုင်းရင်းသား အားလုံးက လက်ခံထားသေးတာတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ကတောင်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ UNFC ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ ကတောင် “ အမျိုးသားပြည်နယ်များအား အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်” ဆိုတဲ့ သန္နိဋ္ဌာန် ကြေညာချက် တစ်ခု ထုတ်ဖို့ အစိုးရဆီ ကမ်းလှမ်းခဲ့ဖူး ပါသေးတယ်။ ဒါကို ၈ ပြည်နယ်မူလို့ ခေါ်လေ့ရှိပါတယ်။

လက်ရှိ ၀ ဒေသနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် ပထမ ဦးဆုံး လုပ်ဖို့ လိုအပ်တာက လက်ရှိ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ၀ ဒေသ နယ်မြေ နိုင်ငံ့အချုပ်အခြာ လက်အောက် ရောက်လာဖို့၊ ပီပီပြင်ပြင် ရှိဖို့ အရေးအကြီးဆုံး ဖြစ်ပါတယ်။

( ၀ လက်နက်ကိုင် ခေါင်းဆောင်တွေက ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ပါဘူးလို့ ပြောထားလေတော့ နည်းနည်းတော့ စိတ်အေးရပါတယ်) ဒုတိယ ကတော့ လက်ရှိ တည်မြဲနေပြီးသား အပစ်ရပ်စဲရေး ကနေ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားကြဖို့ပါ။

နောက်ဆုံး အဆင့်ရောက်မှ ၀ လူမျိုးတွေ နေထိုင်ရာအားလုံးကို ၀ ဒေသအဖြစ် သတ်မှတ်၊ ပြည်နယ်အဆင့် ပေးဖို့ မပေးဖို့ ကိစ္စ၊ ၀ လူမျိုးတွေ ကိုယ်တိုင် ပါဝင် ပြီး ပြည်ထောင်စုသား တိုင်းရင်းသား ကိုယ်စားလှယ်များက ဆုံးဖြတ်ရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

စည်သူအောင်မြင့်

Credit - Mizzima News

Si-Thu-Aung-Myint

No comments:

Post a Comment