ရန်ကုန်၊ မေ ၅
လာမည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက် များအား ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ရာတွင် ပြည်သူလူထုသို့ အသိပညာပေးမှု အားနည်းပြီး ရပ်ကွက် အဆင့် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူအချို့သည်လည်း ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များ အပေါ် နားလည် သဘောပေါက်ခြင်း မရှိကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကွန်ရက်အဖွဲ့၊ အထွေထွေအတွင်းရေးမှူး ဒေါ်ဇင်မာဦးက ဧပြီ ၅ ရက်တွင် မြန်မာသံတော်ဆင့်မှတစ်ဆင့် ဝေဖန် ပြောကြား လိုက်သည်။
လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် မဲဆန္ဒရှင် စာရင်းများကို ရန်ကုန်တိုင်း ဒေသကြီး အတွင်း ထုတ်ပြန်ရာတွင် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင် ပြည်သူများထံ အသိပညာပေး မှုများ အားနည်းနေသည့်အပြင် ရပ်ကွက်အဆင့်ရှိ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများမှာ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အလေ့အကျင့်များ အားနည်းနေသည့်အတွက် ယခုကဲ့သို့ ဝေဖန် လိုက်ခြင်းဖြစ်သည်။
““ပြည်သူတွေက ကိုယ်ပေးရမယ့်မဲကို တန်ဖိုးထားတယ်ဆိုရင် အဲဒီမဲပေးမယ့် ကိုယ့်မဲစာရင်းကို သွားကြည့်ရမှာ။ ဘာမှားနေလဲ။ ပါသလား၊ မပါဘူးလား။ ဒီလို အသိကို ပြည်သူတွေ ခေါင်းထဲရောက်အောင် အပြည့် မထည့်နိုင်ဘူး။ တိုင်းအဆင့်၊ ခရိုင်အဆင့်ထိက ရွေးကောက်ပွဲ ကော်မရှင်တွေက အလုပ်လုပ်တယ်။ ပြဿနာ က ပြည်သူနဲ့ အနီးကပ် (train) လေ့ကျင့်နေရတဲ့ ရပ်ကွက်အဆင့်မှာရှိတဲ့ ကော်မရှင်က တာဝန်ရှိသူတွေ ကိုယ်တိုင်က ဒီရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းနဲ့ ပတ်သက်တာရော အကုန်ပေါ့။ ဒါတွေကို ကောင်းကောင်း နားမလည်တာ တွေ့ရတယ်။ သင်တန်းကောင်းကောင်း မရခဲ့တာလား။ သူတို့ကိုယ်တိုင်ကိုက မသိသေး တာလား။ အခုက ပြင်ဆင်နေတယ် ဆိုပေမယ့် ပြည်သူကို တွဲခေါ်ရင်း အသိပေးရမှာ””ဟု ဒေါ်ဇင်မာဦး ကပြောသည်။
ရန်ကုန်မြို့တွင် ပထမအဆင့်အဖြစ် မြို့နယ် ၁၀ မြို့နယ်ရှိ ရပ်ကွက်ကော်မရှင် ရုံးခွဲများတွင် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၂ ရက်ထိ မဲဆန္ဒရှင် စာရင်းများကို ကြေညာခဲ့ရာ ရန်ကုန်တိုင်း ကော်မရှင်ရုံးသို့ မဲစာရင်းပြင်ဆင်သူ စုစုပေါင်းဦးရေ ၈၆၅၀ ခန့်ရှိရာ ပုံစံ(၃)အရ မဲစာရင်းတွင် မိမိအမည် မပါသည့်အတွက် ထည့်သွင်းပေးရန် တောင်းဆို သူဦးရေ ၄၅၀၀ခန့်၊ ပုံစံ(၄)အရ မဲစာရင်းတွင် နာမည်၊ လိပ်စာ၊ အဖအမည်၊ မှတ်ပုံတင်နံပါတ် စသည်တို့ မှားယွင်းသည့်အတွက် ပြင်ဆင်လိုသူဦးရေ ၁၂၅၀ခန့်၊ ပုံစံ(၄/ဂ)အရ မဲစာရင်းတွင် ပါဝင်ပြီး အမည်ကို ပယ်ဖျက်ပေးရန် ကန့်ကွက်သူဦးရေ ၂၉၀၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းများတွင် ဖော်ပြထားသည်။
အဆိုပါ ပထမအဆင့် မဲစာရင်း ပြင်ဆင်လိုသူများနှင့် စပ်လျဉ်း၍ ““ကျွန်တော်တို့ ကော်မရှင်က ကြေညာတဲ့ နေ့ကနေစပြီး နှစ်ပတ်တိတိ ရပ်ကွက်ရုံးတွေမှာ ကပ်ထားတယ်။ ဒါကို မဲဆန္ဒရှင်တွေက သွားကြည့်ရမယ်။ ကိုယ့်နာမည် ပါသလား၊ မှားသလား။ သူတို့က Complain တက်တာတွေကို ကျွန်တော်တို့က ပြန်ပြီး စာရင်း ကောက်ယူတယ်။ သူတို့က ဘာမှားနေလဲ လာမပြောရင် ဘယ်သိမလဲ။ အခုကောက်ယူတဲ့ စာရင်းကိုထပ်ပြီး အချောကပ်ဖို့တော့ မရှိဘူး။ ရွေးကောက်ပွဲ နီးလာရင်တော့ မဲဆန္ဒရှင်စာရင်းဆိုပြီး ကြေညာမှာပါ””ဟု ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့မှ ရုံးတာဝန်ခံ ဦးတင်ဝင်းက မြန်မာသံတော်ဆင့်သို့ပြောသည်။
မဲစာရင်းကြေညာခဲ့ရာတွင် မွေးသက္ကရာဇ်မတူ၊ မွေးနေ့မွေးလတူသည့် လူဦးရေမှာ မြို့နယ် တစ်မြို့နယ်လျှင် ၆၀၀၊ ၇၀၀ ခန့်တွေ့ ရှိခဲ့ရကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့များ၏ စစ်တမ်းများက ဖော်ပြထားသည်။
““အခုက ပြည်သူလူထုကို ပညာပေးဖို့ထက် ရပ်/ကျေးအဆင့် က ကော်မရှင်အဖွဲ့ဝင်တွေကိုပါ ထပ်ပြီး ပညာပေးဖို့လိုနေတာ””ဟု Civil and Political Right Campaign Group (CPRCG) ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေး အဖွဲ့မှ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ခံဦးမင်းသူက မြန်မာသံတော်ဆင့် သို့ ပြောသည်။
ရန်ကုန်တိုင်းအတွင်း ပဏာမအဆင့် မြို့နယ် ၁၀ မြို့နယ်တွင် ပထမအဆင့် မဲစာရင်းကြေညာခဲ့သည့် မြို့နယ် များမှာ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဆိပ်ကြီးခနောင်တို၊ ဆိပ်ကမ်း၊ ဒဂုံ၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်၊ ကမာရွတ်တို့ဖြစ်ပြီး ဒုတိယအဆင့်ကို မေလ ၂၅ ရက်မှစ၍ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ထန်းတပင် စသည့် ၁၄ မြို့နယ်ရှိ ရပ်ကွက်အဆင့် ကော်မရှင်ရုံးခွဲများတွင် ကြေညာသွားမည်ဖြစ်သည်။
ဝတ်ရည်နွေးနွေး
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment