Tuesday, May 5, 2015

ကိုးကန့်သတင်း ဖော်ပြပါက အရေးယူမည် ဆိုသည့်အပေါ် သူတို့ ဘယ်လိုမြင်လဲ

ရန်ကုန် (မဇ္ဈိမ)။ ။ ကိုးကန့်တပ် - MNDAA ကို အစိုးရက မတရား အသင်းအဖြစ် ကြေညာထားသည့်အတွက် ပန်ဆန်းမြို့တွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်များ၏ ညီလာခံတွင် တက်ရောက်နေသည့် ကိုးကန့်တပ်၏ သတင်းနှင့် ထုတ်ပြန်ချက်များကို မီဒီယာများက မဖော်ပြရန်နှင့် ဖော်ပြပါက တည်ဆဲ ဥပဒေအရ အရေးယူသွားမည်ဟု တပ်မတော် သတင်းအမှန် ပြန်ကြားရေး အဖွဲ့က မေလ ၃ ရက် (ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့) က ထုတ်ပြန် ကြေညာခဲ့သည့်အပေါ် သတင်းမီဒီယာ အသိုင်းအဝိုင်းတွင် မီဒီယာ လွတ်လပ်မှုကို ထိပါးလာသည့်အပေါ် ဝေဖန်မှု၊ စိုးရိမ်မှုများ၊ မေးခွန်းများ ထွက်ပေါ်နေသည်ကို မဇ္ဈိမက မေးမြန်းကာ စုစည်းတင်ပြလိုက်ပါသည်။


ကိုရဲနည် (ဧရာဝတီသတင်းဌာန၊ မြန်မာပိုင်း တာဝန်ခံ အယ်ဒီတာ)

စာနယ်ဇင်းအလုပ်ကိုပဲ လုပ်တာပါ။  စာနယ်ဇင်းအလုပ် ဆိုတာက ပဋိပက္ခ ဖြစ်နေတဲ့အခါမှာ နှစ်ဘက် ဘယ်လို ဖြေရှင်းနိုင်မလဲ
ဆိုတဲ့ မျှော်လင့်ချက် ရည်ရွယ်ချက် ရှိပါတယ်။ နှစ်ဘက်လုံးကို ဆက်သွယ် မေးမြန်းပြီး ဒီပဋိပက္ခကို ဘယ်လိုဖြေရှင်းနိုင်အောင်
လုပ်မလဲဆိုတဲ့ နှစ်ဘက်အသံတွေကို ထည့်သွင်းဖော်ပြတာက စာနယ်ဇင်းလုပ်ငန်းလည်း ဖြစ်ပါတယ်။ အခုက တစ်ဘက်ကို
ပြောရေးဆိုခွင့် မလုပ်ရဆိုပြီး ပိတ်ပင်လာတဲ့ကိစ္စက စာနယ်ဇင်းလုပ်ငန်းကို တစ်ဘက်သတ် ဖိအားပေးလာတဲ့ အခြေအနေလို့
မြင်ပါတယ်။ နောက်ပြီးတော့ ထုတ်ပြန်ချက်မှာ လိပ်မူတာက မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီကို ပို့တာဆိုတော့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီအနေနဲ့ ဘယ်လို ရပ်တည်ချက်၊ ဘယ်လိုသဘောထား ရှိလဲဆိုတာ ကျွန်တော်တို့ စိတ်ဝင်စားပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့လည်း သမ္မတကြီးကို ဒီကိစ္စ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ဆိုပြီး ပြောလိုက်တဲ့ အခြေအနေလည်း ရှိပါတယ်။ ငြိမ်းချမ်းရေးကလည်း တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲမှုအတွက် ဆန္ဒပြင်းထန်နေတဲ့အချိန် ကိုးကန့်ကိစ္စ တစ်ခုက အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ကို ခလုတ်တံသင်း ဖြစ်နေတာပေါ့။ အစိုးရဘက်ကတော့ ကိုးကန့်ဘက်ကရော ပုဂ္ဂလိက အနေနဲ့ တိုက်တွန်းချင်တာက ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းမှသာလျှင် ရေရှည် ငြိမ်းချမ်းရေး တစ်ခုကို ဟိုဘက်ဒီဘက် ကြားနာ၊ နားလည်ပြီး
ဖြေရှင်းနိုင်ဖို့ပါ။

အခု ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို လာထိခိုက်ပြီးတော့ ကျွန်တော်တို့ စာနယ်ဇင်းသမားတွေက ကျပ်တည်းလာတဲ့ ဆုတ်မရ တိုးမရ ဖြစ်လာတဲ့ အနေအထားကို ကြုံလာရမှာကို စိုးရိမ်နေပါတယ်။

ဦးဇော်သက်ထွေး (မြန်မာနိုင်ငံသတင်းစာ ဆရာများသမဂ္ဂ၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်)

၂၀၁၂ မှာ စာနယ်ဇင်း လွတ်လပ်ခွင့်ရတယ်လို့ သမ္မတကြီးက ပြောခဲ့တယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် ညွန်းကိန်းကလည်း
မြင့်တက်လာတယ်။ ၁၅၉ ကနေ ၁၄၄ ကိုရောက်တယ်။ ၂၀၁၄ ခုနှစ်မှာ အစိုးရက ဖမ်းဆီးပြီး တရားစွဲဆို ထောင်ချတဲ့ သတင်းထောက်တွေ ပိုပိုများပြားလာတယ်။ များပြားလာတဲ့ အခါမှာ အခုထောင်ထဲမှာ သတင်းထောက် ဆယ်ယောက်ကျော် ရှိသေးတယ်။ စာနယ်ဇင်း ကောင်စီက ရေးဆွဲတဲ့ စာနယ်ဇင်း ဥပဒေကလည်း အသက်မဝင်သေးသလို ခံစားရတယ်။ အဲ့ဒီအချိန်မှာပဲ အခု တပ်မတော်က ဒီလို သဘောထား ထုတ်ပြန်လိုက်တာကျတော့ အစိုးရရဲ့ သဘောထားနဲ့ တပ်မတော်ရဲ့သဘောထား တစ်ခုတည်းပဲလား။ ဒါမှမဟုတ် လွှတ်တော်က သီးခြားသဘောထား ရှိနေသလား။ ကျွန်တော်တို့ မေးခွန်းထုတ်စရာတွေ ရှိလာတယ်။

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွှတ်လပ်ခွင့်က လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေအနေနဲ့  သက်ရောက်မှု ဖိအားတွေ
ရှိနေလား။ နိုင်ငံရေး အခြေအနေ ပြောင်းရင် စာနယ်ဇင်း လွတ်လပ်ခွင့် ဆိတ်သုဉ်းမှာလား ဆိုတာ ကျွန်တော်တို့အနေနဲ့
မေးခွန်းထုတ်စရာ ရှိနေတယ်။ ကျွန်တော်တို့အနေနဲ့က  သတင်းရေးရင် နှစ်ဘက်စလုံးက အခြေအနေတွေကို မေးမြန်းရမှာ
ဖြစ်ပေမယ့် အခုလို ကန့်သတ်လိုက်တဲ့ အခါကျတော့ ကျွန်တော်တို့က သတင်းကို တစ်ခြမ်းတည်းပဲ ရေးရတော့မယ့် အနေအထားနဲ့ ရင်ဆိုင်ရတယ်။ အဲ့ဒီတော့ သတင်းလွတ်လပ်ခွင့်အတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပါတယ်။

လွတ်လပ်စွာ စာနယ်ဇင်း ရေးသားခွင့်နဲ့ပတ်သက်ပြီး အဲ့ဒီလို ထုတ်ပြန်ချက်တွေ ခဏခဏ ထုတ်နေရင်တော့ တိုင်းပြည်ပုံရိပ်က ကောင်းဖို့ အလားအလာ မရှိဘူး။ တကယ်လို့ မပေးဘူး ဆိုရင်လည်း မပေးကြောင်း ရှင်းရှင်းလင်းလင်း ကြေညာပေးဖို့ လိုမယ်။ ဒီလိုမျိုး
ရောထွေးနေတာက စာနယ်ဇင်း သမားတွေအတွက် ပိုမိုအန္တရာယ် ဖြစ်စေနိုင်တယ်။

ဦးမြင့်ကျော် ( မြန်မာ ဂျာနယ်လစ်ကွန်ရက်၊ အတွင်းရေးမှူးး)

ဒီဟာက လက်ခံနိုင်စရာ မရှိဘူးပေါ့။  သတင်းမီဒီယာ လွတ်လပ်ခွင့်ကို သွားပြီးတော့ ထိပါးတယ်။ ဒီလိုနည်းမျိုးနဲ့ လုပ်တာ သဘာဝလည်း မကျဘူး။ ဘယ်အဖွဲ့အစည်းတွေကတော့ မတရား အသင်းအဖြစ် ကြေညာထားတယ်။ ဘယ်ဥပဒေနဲ့ ငြိစွန်းတယ်။ အဲ့တာမျိုးလည်း
ရှင်းလင်းဖော်ပြတာ လိုသေးတယ်။ ဒီအတိုင်း တုံးတိကြီး ဒီအကြောင်းကို ရေးရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့
ပြောတာကတော့ တော်တော် ရုပ်ဆိုးတယ်။ ဘာပုဒ်မနဲ့ အရေးယူမှာလဲ အဲ့တာမျိုးလည်း မပါဘူး။

သတင်းမီဒီယာ သမားတွေကတော့ ကိုးကန့်သတင်း ဖော်ပြတာကို လုပ်ချင်မှ လုပ်လိမ့်မယ်။ ဒါပေမယ့် ကျိုးကြောင်းဆီလျော်လို့ လုပ်တာ မဟုတ်ဘူး။ ဒီကိစ္စကို ပြည်ထဲရေးက ပြောရင်တောင် အကျိုးအကြောင်း ဆီလျော်တယ်။  ပြောတဲ့အခါမှာလည်း အချက်အလက်
ပြည့်ပြည့်စုံစုံ ပါဖို့လိုတယ်။

ဦးစည်သူအောင်မြင့် (ဆောင်းပါးရှင်)

ဒီအကြောင်းကြားစာကို အကုန်လုံး ခြုံလိုက်ရင်တော့ ကိုးကန့်က တရားမဝင် အဖွဲ့အစည်း ဖြစ်တာပေါ့။ အဲဒီအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်တွေကို မဖော်ပြဖို့ ဖော်ပြရင်လည်း ဥပဒေ အရ အရေးယူမယ် တရားစွဲမယ် ပြောထားတာပါ။ ရှေ့မှာ တပ်မတော်ဘက်က သုံးခုလောက် ပြောထားတယ်။ ကိုးကန့်ဒေသမှာ စစ်အုပ်ချုပ်ရေး ကြေညာတုန်းက  စစ်အုပ်ချုပ်ရေး အရ သေဒဏ်ပေးနိုင်တဲ့
ပြစ်မှုတွေထဲမှာ သတင်းမီဒီယာ ဥပဒေနဲ့ဆိုင်တဲ့ ပြစ်မှုတွေပါ ထည့်ထားတယ်။

ဒုတိယက သတင်းစာ ရှင်းလင်းပွဲမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ထွန်းဦးက  တရားမဝင် အဖွဲ့အစည်းတွေကို ဆက်သွယ်သတင်းမေးရင် ဒါက သောင်းကျန်းသူအဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ ဥပဒေနဲ့ ငြိစွန်းနိုင်တယ်လို့ ပြောပြီးပြီ။  ပြီးတော့မှ မကြာသေးခင်က eleven သတင်းစာက ကိုးကန့် တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရေးခဲ့တာကို တပ်မတော်က သတင်းအမှန် ပြန်ကြားရေးအဖွဲ့က ပြင်းထန်စွာ ကန့်ကွက်တယ်ဆိုပြီး လုပ်တယ်။ 

နောက်ဆုံးတစ်ဆင့်က ထုတ်ပြန်ကြေညာချက်ကို မရေးဖို့ ပြောတယ်။ ဥပဒေအရ ကြည့်ရင်တော့ ဟုတ်တယ်။  ဒါပေမယ့်လည်း
မရှင်းတာက ကိုးကန့်တိုက်ပွဲ သတင်းတွေ ရေးလို့ မရတော့ဘူးလား။ ပန်ဆန်းမှာ ရှိနေတဲ့ အစည်းအဝေးမှာ ကိုးကန့်အကြောင်းတွေ
ဆွေးနွေးတဲ့ အခါကျတော့ အဲ့ဒီသတင်းတွေကို ဖော်ပြလို့ မရတော့ဘူးလား။  အခုဆိုရင် ပန်ဆန်းမှာ ကြေညာချက် ထုတ်ပြန်ချက်တွေ ထုတ်ကြမယ်။ အဲ့ဒီမှာ ကိုးကန့်အချက်အလက်တွေ ပါလာရင် ရေးလို့ မရဘူးလား ဆိုတဲ့ မေးခွန်းတွေ ဖြစ်စေတာပေါ့။ တပ်မတော်က ဒီထက်ပိုပြီး ထုတ်ပြန်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြသင့်တယ်။ မဟုတ်ရင် သတင်းထောက်တွေက စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်ပေါ်ပြီး သတင်းတွေ မဖော်ပြတာ မရေးတာတွေ ဖြစ်လာလိမ့်မယ်။ အဲ့တာဆိုရင် တပ်မတော်အတွက်ရော ပြည်သူအတွက်ရော မကောင်းဘူးလို့ ထင်တယ်။

Credit - Mizzima News

No comments:

Post a Comment