Sunday, May 3, 2015

ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် ပြန်လည်ဖွဲ့စည်းရန် တောင်းဆို ခံထားရသည့် တောင်ဒဂုံ စက်မှုဇုန် (၃)ဖွံ့ဖြိုးရေး ကော်မတီသစ် ဖွဲ့စည်းရန် ကြီးကြပ်ရေးကော်မတီဖွဲ့စည်း

 ဧပြီ ၂၅၊ ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတောင်ပိုင်းမြို့နယ် အပိုင်း(၃) စက်မှုဇုန်တွင် စက်မှုဇုန် ဂိတ်ဝင်ကြေး ကောက်ခံမှု အပြင် လက်ရှိ ကော်မတီအဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခြင်း မရှိသည့်အတွက် ပြန်လည်ဖွဲ့စည်းရန် လုပ်ငန်းရှင် ၁၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုခံထားရသည့် စက်မှုဇုန် (၃) စီမံခန့်ခွဲရေး ကော်မတီကို ပြန်လည်ဖွဲ့စည်းရန်အတွက် လုပ်ငန်းရှင်များ ပါဝင်သည့် ကြီးကြပ်ရေး ကော်မတီအဖွဲ့ကို ဧပြီ ၂၄ ရက်က ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်းကို လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင် ဦးစံတင်က ဧပြီ ၂၄ ရက်နေ့က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဒဂုံတောင်ပိုင်း စက်မှုဇုန် အပိုင်း (၃)စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီကို ၁၈၊၁၁၊၂၀၀၉ ခုနှစ်မှ စတင်ဖွဲ့စည်း ထားပြီး ၂ နှစ်တစ်ကြိမ် ပြန်လည် ဖွဲ့စည်းရန် သတ်မှတ် ထားသော်လည်း ယခုအချိန်ထိ စက်မှုဇုန် ကော်မတီ တာဝန်ကို ဆောင်ရွက်လျက်ရှိပြီး ကော်မတီအဖွဲ့ဝင် များသည် စက်မှုဇုန်(၃)ရှိ ဂိတ်ဝင်ကြေးကို ပွင့်လင်း မြင်သာမှု မရှိဘဲ ကောက်ခံခြင်း၊ အခန်း၊ မြေကွက် အရောင်းအ၀ယ် ကိစ္စများတွင်လည်း စာရင်းရှင်းလင်းမှုများ မရှိခြင်းကြောင့် စက်မှုလုပ်ငန်းရှင် ၁၂၉ ဦးမှ လက်ရှိ ကော်မတီကို ဖျက်သိမ်းပြီး အသစ် ပြန်လည် ဖွဲ့စည်းရန် အတွက် လက်မှတ်ရေးထိုးကာ တောင်းဆို ခဲ့ကြပြီးနောက် ကော်မတီအသစ် ဖွဲ့စည်းပါက ကြီးကြပ်မည့် အဖွဲ့ကို ဧပြီ ၂၄ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဇုန်ကော်မတီက နှစ်လွန်ဖြစ်နေပြီး ဥပဒေအရ ၂ နှစ်ဘဲ အခုက ၆နှစ် ကျော်နေပြီ။ ဇုန်ထဲမှာ လက်ရှိ အခက်အခဲတွေကို ဖြေရှင်းဖို့ တာဝန်ခံတဲ့သူမရှိဘူး။ နောက်အသစ်ဖွဲ့မယ့် ကော်မတီကို အားကိုးပြီး အမြန်ဆုံး ဆောင်ရွက်မှာပါ။ လက်ရှိ ကော်မတီက ဂိတ်ဝင်ကြေး ကောက်တဲ့ကိစ္စမှာ ပွင့်လင်းမှုမရှိဘူး။ ဒါက အဓိကပေါ့။ အခန်း၊ မြေကွက် အရောင်းအ၀ယ်တွေမှာလည်း စာရင်းရှင်းလင်းမှုတွေ မရှိဘူး။ လုပ်ငန်းရှင်တွေ သဘောမကျ တာတော့ အများကြီးပါ။ လုပ်ငန်းရှင်တွေက ကော်မတီအဖွဲ့ အပြောင်းအလဲမှာ ဂိတ်ကြေးကောက်ခံမှုကို ယာယီ ရပ်ဆိုင်းဖို့ တင်ပြထားကြတယ်””ဟု ကြီးကြပ်ရေးအဖွဲ့ဝင် စက်မှုလုပ်ငန်းရှင် ဦးစံတင်က ဧပြီ ၂၄ ရက်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

စက်မှုကော်မတီသစ် ဖွဲ့စည်းရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ ဂိတ်ဝင်ကြေး ကောက်ခံမှု ယာယီ ရပ်ဆိုင်း ထားခြင်းတို့နှင့် ပတ်သက်၍ ““အခုက ကော်မတီအဖွဲ့ အသစ်ကို ကြီးကြပ်မည့် အဖွဲ့တာပါ။ ဇုန်လူကြီးတော့ မဟုတ်ပါဘူး။ လုပ်ငန်းရှင်တွေက အမှုဆောင်အဖွဲ့ ပြန်ရွေးမှာပါ။ အဲဒါကိုတော့ ၁-၂ ရက် အတွင်းလုပ်မှာပါ။ ဂိတ်ဝင်ကြေး ကောက်ခံမှုကိုတော့ ဖျက်သိမ်းဖို့ မရှိပါဘူး။ ကော်မတီအသစ် ဖွဲ့ပြီးမှ ဆက်လုပ်သင့်၊ မသင့် ကို ဆောင်ရွက်မှာပါ။ စာချုပ် စည်းကမ်းအရတော့ ၁ နှစ် ဆောင်ရွက်မှာပါ။ အခုလက်ရှိ ကော်မတီ က နောက် ကော်မတီ မဖွဲ့မီကာလအထိ တာဝန်ယူထားမှာပါ။ ဒါကို လုပ်ငန်းရှင်တွေက သဘောမပေါက်လို့ပါ””ဟု ဒဂုံမြို့သစ် တောင်ပိုင်း အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ဧပြီ ၂၄ တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဇုန်ကော်မတီသစ် ပြန်လည် ဖွဲ့စည်းရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ လက်ရှိစက်မှုဇုန် ဖွံ့ဖြိုးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းကို ဆက်သွယ်မေးမြန်းရာ““ကျွန်တော်တို့က ဖုန်းနဲ့တော့ မပြောပါဘူး။ ရုံးကိုလာရင်တော့ အကုန်ပြောပြမှာပါ””ဟု ဧပြီ ၂၇ ရက်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

သူရိန်ကျော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment