Friday, May 8, 2015

အလံဖြုတ်ချမှုဖြင့် ဖမ်းဆီးခံထားရသော မြင်းခြံကျောင်းသားများကို ၅ မိနစ်သာ စစ်ဆေးပြီး ထပ်မံရုံးချိန်းပေး

ရန်ကုန်၊ မေ ၇

မြင်းခြံမြို့၊ မြင်းခြံ ဒီဂရီကောလိပ်တွင် မတ်လ၂၆ ရက်က နိုင်ငံ တော် အလံဖြုတ်ချပြီး ကျောင်းသား သမဂ္ဂအလံ လွှင့်တင်မှုဖြင့် တရားစွဲခံထားရသော ကိုစိုးလှိုင်နှင့် ကိုဇင် ကိုသန့်တို့ ကို မြင်းခြံမြို့နယ်တရားရုံး၌ မေ ၇ ရက်က ရုံးထုတ်ရာတွင် အမှုမစစ်ဆေးဘဲ ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်ကြောင်း ယင်းအမှုကို လိုက်ပါဆောင် ရွက်ပေးနေ သော တရားလွှတ်တော်ရှေ့နေ ဦးချမ်းမြေ့က မေလ ၇ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရန်အတွက် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ဦးဆောင်ချီတက်ခဲ့ သည့် ပင်မ သပိတ် စစ်ကြောင်းမှ ကျောင်းသားများက မတ်၂၆

ရက်တွင် မြင်းခြံဒီဂရီကောလိပ်၌ နိုင်ငံ တော်အလံဖြုတ်ချခဲ့ ရာ ယင်းဖြစ်စဉ် တွင်ပါဝင်သည်ဟုဆိုသည့် ဗကသ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်၊ ကိုမင်းမင်း ဇော်၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီ ၁၅ဦး ကော်မတီဝင် ကိုစိုးလှိုင်၊ ရတနာပုံ တက္ကသိုလ် ကျောင်း သား ကိုဇင်ကိုသန့်၊ ကိုမြတ်မင်းသူ တို့ကို နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ အရ မြင်းခြံဒီဂရီ ကောလိပ် ကျောင်း အုပ်ဒေါက်တာ ကိုကိုမြင့်က တရားလိုပြုလုပ်တရား စွဲဆိုထားခြင်း ဖြစ်သည်။…

““ကိုစိုးလှိုင်၊ ကိုဇင်ကိုသန့် အပါအ၀င် ၅ဦးကို နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ နဲ့ တရားစွဲဆိုထားတာပါ။ လွတ်မြောက်နေတဲ့ ကိုမြတ်မင်းသူနဲ့ အခြားကျောင်းသားတွေ မစုံလင်သေးလို့ အမှုကိုမစစ်ဘဲထပ် မံချိန်းဆို ထားပါတယ်””ဟု တရား လွှတ်တော်ရှေ့နေ ဦးချမ်းမြေ့က မေ ၇ ရက်က မြန်မာသံတော်ဆင့် သို့ပြောသည်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုစိုးလှိုင်ကို စစ်ကိုင်းတိုင်းမုံရွာမြို့ရှိ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကိုဇင်ကိုသန့်ကို မန္တလေးတိုင်းပုသိမ် ကြီးမြို့နယ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ကိုမြတ်မင်းသူ မှာ လွတ်မြောက် နေဆဲဖြစ်သည်။ တရားစွဲဆိုခံထားရသည့် အခြားကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုမင်းသွေးသစ်နှင့် ကိုမင်းမင်းဇော်တို့မှာ လက်ပံတန်းဖြိုခွဲခံရမှုတွင် ဖမ်းဆီးခံခဲ့ရပြီး သာယာဝတီအကျဉ်း ထောင်၌ ထိန်းသိမ်းခံထားရသည်။

““မြင်းခြံဒီဂရီကောလိပ်မှာ အလံဖြုတ်ချခဲ့ပြီး ကျောင်းသား သမဂ္ဂအလံတင်တယ်ဆိုတဲ့ အမှုကိစ္စနဲ့ ကိုစိုးလှိုင်၊ ကိုမင်းသွေးသစ် အပါအ၀င် ၅ ဦးကို တရားစွဲထားတာ။ ကိုစိုးလှိုင်က မြင်းခြံကိစ္စမှာလည်း မပါဝင်ဘူး။ ကိုဇင် ကိုသန့်က လည်း အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခြင်းလည်းမရှိ၊ ဘာမှတ်တမ်းမှ မရှိဘဲဖမ်းသွား တာ။ ကိုဇင်ကိုသန့်ကဆိုရင် ကျောင်းတက်ဖို့ရှိတဲ့အတွက် ကျောင်းသားရဲ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက် နေ တယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကလည်း အရမ်းမြန်တာ၊ ရုံးချိန်းကို ၅ မိနစ်တောင် မကြာဘူး။ ပြန်ခေါ် သွားတယ်””ဟု ၎င်းတို့အမှုကို လိုက်ပါကူညီပေးနေသည့် ရတနာပုံတက္ကသိုလ် ဗကသ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုနိုင်ရဲ ဝေ က ပြောသည်။ ဖမ်းဆီးခံခဲ့ရသော ကိုစိုးလှိုင်၊ ကိုဇင်ကိုသန့်တို့ကို တတိယမြောက် ရုံးချိန်းအဖြစ် မေလ ၂၁ ရက်သို့ ချိန်းဆိုထား သည်။

မန္တလေးရတနာပုံတက္ကသိုလ် ဗကသကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနိုင်ရဲဝေမှာ ကျောင်းသား ၃၆ ယောက်နှင့် အတူ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်း အမျိုးသား ပညာရေး ဥပဒေကြမ်း ပြင် ဆင်ရေးအတွက် ကန့်ကွက်ဆန္ဒပြခဲ့၍ အမရပူရမြို့နယ် စခန်းမှူးဒုရဲမှူး ဦးလှသူက တရားလိုပြုလုပ်ကာ ပုဒ်မ ၁၈ ဖြင့် အမရပူရမြို့နယ်တရား ရုံး၌တရားစွဲဆိုထားပြီး မေလ ၂၀ ရက်ရုံးချိန်းတွင် ပထမဦးဆုံးအကြိမ် စတင် စစ်ဆေးခံရမည်ဖြစ်သည်။

သူရိန်ကျော်

● ဗကသကျောင်းသားများဖြစ်သည့် ကိုစိုးလှိုင်(၀ဲ)နှင့် ကိုဇင်ကိုသန့်(ယာ) တို့အား မြင်းခြံမြို့နယ် တရားရုံး၌ ရုံးထုတ်ချိန်တွင် တွေ့ရစဉ် (Photo by Yeye Win’s Facebook)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment