Wednesday, May 6, 2015

ဝှိုက်ကတ် ကိုင်ဆောင်သူ ထက်ဝက်ကျော် ကတ်များ ပြန်အပ်နှံ

ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်တွင် ဝှိုက်ကတ်ကိုင်ဆောင်သူ ထက်ဝက်ကျော်ဖြစ်သော ဦးရေ လေးသိန်းနီးပါးသည် ယင်းတို့ကတ်များကို လာရောက် အပ်နှံပြီး ဖြစ်သည် ဟု ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

White-Card
ရခိုင်ပြည်နယ်တွင် ဝှိုက်ကတ် ပြန်လည် အပ်နှံသူများကို ဧပြီ ၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)



ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဝှိုက်ကတ်ကိုင်ဆောင်သူ ခြောက်သိန်းကျော်ရှိပြီး လာရောက်အပ်နှံသူမှာ မေ ၅ ရက် အထိ ၃၉၅,၀၀၀ ကျော် အပ်နှံပြီးဖြစ်သည်ဟု ဦးခင်စိုးက ပြောသည်။

"အားလုံးပြန်အပ်မယ်လို့ ယူဆတယ် ကျန်ရင်လည်း နည်းနည်းပေါ့။ အရမ်းဝေးလံတဲ့ နေရာတွေကပဲ ကျန်မယ်၊ သူတို့ကိုလည်း အလျဉ်းသင့်သလို ပြန်လက်ခံသွားမှာပါ" ဟု ဆိုသည်။

ထိုသို့ အပ်နှံပြီးစီးသူများကို လတ်တလောတွင် ပြေစာများ ထုတ်ပေးထားသော်လည်း ထိုစာရွက်အပြင် အသိအမှတ်ပြုကတ်တစ်ခု ထုတ်ပေးရနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက မဇ္ဈိမကို ပြောသည်။

ဝှိုက်ကတ်များ ပြန်လည် အပ်နှံပြီး နိုင်ငံသား စိစစ်မှု ခံယူရန် လျှောက်ထားသူများကို စိစစ်နေစဉ်ကာလ အတွင်း စိစစ်ဆဲ အသိအမှတ်ပြု ကတ်တစ်ခု ထုတ်ပေးမည် ဟု ဆိုသည်။

"ပြေစာရတဲ့သူနဲ့ ကတ်နဲ့တော့ မတူဘူးပေါ့။ ပြေစာကတော့ ဝှိုက်ကတ် အပ်ထားတဲ့ အဆင့်ပဲ ရှိသေးတယ်။ မလျှောက်ဘူးပေါ့။ ကတ်ကတော့ လျှောက်ထားဆဲဖြစ်သွားပြီ။ အဲဒါမျိုးလုပ်မယ်လို့လည်း သိရတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လေ့လာစိစစ်ရေးအဖွဲ့ကို ဖွဲ့ထားပါပြီ။ ဒါတွေကို ဘယ်လို ကတ်မျိုးထုတ်ပေးရမလဲဆိုတာ ဆွေးနွေးနေတဲ့ အခြေအနေဖြစ်ပါတယ်" ဟု ဦးမောင်မောင်အုန်းက ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝှိုက်ကတ် ကိုင်ဆောင်သူ ခုနှစ်သိန်းကျော်ရှိပြီး ရခိုင်ပြည်နယ်တွင် ခြောက်သိန်း သုံးသောင်းရှိသည်ဟု ပြည်နယ် လ.ဝ.က စာရင်းများ က ဆိုသည်။

"အပ်နှံတဲ့ အဆင့်ပြီးရင် နိုင်ငံသား စိစစ်တဲ့အဆင့်ကို မြန်မြန်သွားဖို့ လိုပါတယ်၊ အပ်နှံတာ၊ လျှောက်ထားတာ၊ စိစစ်တာတွေကို ဘယ်အချိန်မှာ အပြီးဖြတ်မလဲဆိုတာ တိကျဖို့လိုပါတယ်။ အခုကတော့ မအပ်ရင်လည်း အသုံးမဝင်တော့တဲ့အတွက် အပ်လိုက်ရပေမယ့် ဘယ်အချိန်ထိ အထောက်အထားမဲ့ ဖြစ်နေမလဲ၊ ကျွန်တော်တို့ဘက်က စိုးရိမ်နေရတဲ့ အခြေအနေပါ" ဟု ဝှိုက်ကတ်ကိုင်ဆောင်သူ စစ်တွေမြို့မှ  ဦးအောင်ဝင်းက ဆိုသည်။

ပြည်နယ် အစိုးရသည် မေလ ကုန်အထိ ဝှိုက်ကတ် အပ်နှံမှုများကို လက်ခံမည်ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးလုပ်ငန်းကို စတင်ရန် အချိန်ကိုမူ သတ်မှတ်ထားခြင်းမရှိသေးဟု ဆိုသည်။ ဝှိုက်ကတ် ကိုင်ဆောင်သူများမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့များတွင် အများစုနေထိုင်ကြသည်။

Credit - Mizzima News

No comments:

Post a Comment