Wednesday, May 6, 2015

ရွေးကောက်ပွဲတွင် သန့်ရှင်းစွာ အနိုင်ရရန် ကြံ့ခိုင်ရေး အသင့်ပြင်ထားဟု ဦးရွှေမန်းပြော

ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တရားမျှတပြီး သန့်ရှင်းစွာအနိုင်ရန် ကြံ့ခိုင်ရေးပါတီကပြင်ဆင်ထားပြီးဖြစ်သည်ဟု ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန်ရောက်နေစဉ် ပြောဆိုလိုက်သည်။

U-Shweman-Daw-Su
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြံ့ခိုင်ရေး ပါတီခေါင်းဆောင် ဦးရွှေမန်းတို့ကို ၂၀၁၃ ခုနှစ် ဧပြီ ၁၁ ရက်က သင်္ကြန်ပွဲတော်ကာလတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) 



အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ၏ ဖိတ်ကြားမှုဖြင့် အမေရိကန်သို့ ရောက်နေသည့် သူရဦးရွှေမန်းက ဗွီအိုအေ (မြန်မာပိုင်း) နှင့် တွေ့ဆုံမေးမြန်းမှုတွင် ကြံ့ခိုင်ရေးပါတီ၏ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီအနေနဲ့ ထိုက်ထိုက်တန်တန် တရားမျှတစွာ၊ သန့်ရှင်းစွာ အနိုင်ရရှိဖို့ ပြင်ဆင်ထားရှိပြီး ဖြစ်ပါတယ်" ဟု ဦးရွှေမန်းက ပြောသည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲသည် မဲစာရင်းမတိကျမှု၊ ကြိုတင်မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး ကြံ့ခိုင်ရေး ပါတီ အနိုင်ရခဲ့သည်။ ယင်းနောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ လစ်လပ်မဲဆန္ဒနယ် ၄၀ ကျော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အပြတ်အသတ်အနိုင်ရခဲ့သည်။

ထိုအခြေအနေများနှင့် ပတ်သက်၍ သူရဦးရွှေမန်းက ပြောဆိုရာတွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် လွန်ခဲ့သည့်ကာလ
ရွေးကောက်ပွဲရလဒ်များနည်းတူ ထွက်ပေါ်လာရန် မဖြစ်နိုင်တော့ဟု ဆိုသည်။

"၂၀၁၀ ရွေးကောက်ပွဲလိုလည်း ရလဒ်က ဖြစ်လာစရာအကြောင်းမရှိသလို ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲလိုလည်း
ဖြစ်လာစရာအကြောင်း မရှိပါဘူး။ ဒါသည် အခြေအနေကို ပြောတာပါ။ အချိန်အခါကို ပြောတာပါ" ဟု ဦးရွှေမန်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဦးရွှေမန်း ဦးဆောင်သော ကြံ့ခိုင်ရေးပါတီတို့သည် အဓိက ပြိုင်ဘက်ကြီးဟု ဦးရွှေမန်းက ဆိုသော်လည်း ပူးပေါင်းရန် အသင့်ရှိသည်ဟုလည်း ဆိုသည်။

"မိမိတို့ဘက်ကတော့ နိုင်ငံ့အတွက် ကောင်းကျိုးပြုမယ်ဆိုရင် အချိန်မရွေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ အသင့် ရှိပါတယ်။ ဒါကြောင့် အခုနက NLD ပါတီကို ရှေ့က ခေါင်းစဉ်တပ် ပြောသွားတဲ့အတွက် နိုင်ငံနဲ့နိုင်ငံသား အကျိုးစီးပွားအတွက်ဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်" ဟု ပြောဆိုခဲ့သည်။

တပ်မတော်မှ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် အနားယူသွားခဲ့သည့် ဦးရွှေမန်း အတွေးအခေါ်များ များစွာ ပြောင်းလဲကွာခြားသွားပြီဟုလည်း ဆိုခဲ့သည်။ "လွှတ်တော်ဥက္ကဋ္ဌ တယောက်မဖြစ်ခင် မိမိအတွေးအမြင်၊ အတွေ့အကြုံ၊ အရည်အသွေးတွေနဲ့ ဒီနေ့နှိုင်းယှဉ်မယ်ဆိုရင် အများကြီး ကွာခြားသွားပြီ ဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

အလားတူပင် သမ္မတဖြစ်ရန် ရည်မှန်းထားသည့် ဦးရွှေမန်းက သူသည် အတွေ့အကြုံများစွာရှိသူဖြစ်ပြီး လေ့လာမှုများစွာ လုပ်နေခြင်းကြောင့် "မိမိထမ်းဆောင်ရမယ့် မည်သည့်တာဝန်မဆို ပိုပြီးတော့ ကောင်းမွန်စွာဆောင်ရွက်နိုင်မယ်လို့ မိမိက ယုံကြည်ပါတယ်" ဟု ပြောသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့ ရောက်ရှိနေသည့် ဦးရွှေမန်းသည် မေ ၄ ရက်က အမေရိကန်သမ္မတ အိုဘားမား၏ ဒုတိယ အမျိုးသားအကြံပေး Mr.Benjamin J.Rhodes နှင့် တွေ့ဆုံခဲ့သေးသည်။ နေ့လည်ပိုင်းတွင်မူ အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီး Mr.Antony Blinken နှင့်လည်း တွေ့ဆုံခဲ့သည်။ မေ ၅ ရက်တွင်မူ နယူးယောက်မြို့သို့ ရောက်ရှိနေသည်။

Credit - Mizzima News

No comments:

Post a Comment