Wednesday, May 6, 2015

မန္တလေးမြို့ဝင်ကြေး ကောက်ခံမှု တလ ရပ်ဆိုင်း

မန္တလေး ၊ မေ ၅။        ။ မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ်တွင်းသို့ MDY မဟုတ်သည့် အခြားသော တိုင်း/ပြည်နယ် မှတ်ပုံတင်ယာဉ်များကို မြို့ဝင်ကြေး ကောက်ခံခြင်းကို မေ ၁ရက်က စတင်ခဲ့ပြီး မေ ၄ ရက် မွန်းလွဲ ၁၂နာရီ ခွဲတွင် ကောက်ခံမှုကို ခေတ္တရပ်ဆိုင်းလိုက်သည်ဟု  မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဦးခင်မောင်တင့်က ပြောသည်။

kanyana

မေ ၁ရက်မှ စပြီး မြို့ဝင်ကြေး ကောက်ခံခြင်းကြောင့် MDY မဟုတ်သည့် ယာဉ်ပိုင်ရှင်များက မေ ၅ရက်တွင် ဆန္ဒထုတ်ဖော်မည်ဟု လှုံ့ဆော်မှု တစ်ရပ်ကို လူမှုကွန်ယက် စာမျက်နှာတွင် ပျံ့နှံ့ပြီးနောက်ပြီး ယခုကဲ့သို့ ခေတ္တ ဆိုင်းငံ့လိုက်ခြင်းလည်း ဖြစ်သည်။

“မန္တလေးမှာ အခြားတိုင်းနဲ့ပြည်နယ် ယာဉ်မှတ်ပုံတင်နံပါတ်တွေနဲ့ နေထိုင်သူတွေ အခက်အခဲတွေ တွေ့ကြုံ နေရတယ်ဆိုတာ သိရလို့ ခုလိုလုပ်ဆောင်ခြင်းဖြစ် တယ်။မေလအတွင်းမှာ MDY နံပတ်ပြောင်းဖို့ လုပ်ရမှာဖြစ်ပြီး သက်ဆိုင်တဲ့ ဌာနတွေကလည်း လျှင်မြန်အောင် လုပ်ပေးသွားမှာပါ။မေလ ကုန်ရင်ကြေငြာထား တဲ့အတိုင်းပြန်လည်ကောက်ခံသွားမယ်။” ဟု ဦးခင်မောင်တင့်က ပြောသည်။

အခြား ပြည်နယ်/တိုင်းဒေသကြီး မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များသည် ယခုလအတွင်း မန္တလေးတိုင်းဒေသကြီး ယာဉ်နံပါတ်ဖြစ်သည့် MDY နံပါတ် သို့ ပြောင်းလဲကြရမှာဖြစ်ပြီး ပြည်တွင်းအခွန်ဌာန နှင့် (ကညန)တို့မှ လွယ်ကူလျှင်မြန်သည့် နည်းလမ်းများဖြင့် လုပ်ဆောင်ပေးသွားမည်ဟု မေလ ၄ ရက် ကပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အခွန်ဌာနအနေနဲ့ ခုလို နံပါတ်ပြောင်းနယ်ဝင်ဖို့ လိုအပ်တာတွေကို စာရွက်စာတမ်းပြည့်စုံရင် နေ့ချင်းပြီး လုပ်ပေးသွားမှာပါ။”ဟု တိုင်းဒေသကြီး ပြည်တွင်း အခွန်များဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းဇော်က ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနအနေဖြင့်လည်း နယ်ဝင်နံပါတ်ပြောင်း လုပ်ဆောင်ရာတွင် အမြန်ဆုံး နည်းလမ်းဖြင့် လုပ်ဆောင်ပေးမည်ဟု ဆိုပြီး ထိုသို့ လုပ်ဆောင်ရာတွင် လူကိုယ်တိုင် လာရောက်သင့်ပြီး ပွဲစားဖြင့် မလုပ်ရန်လည်း ကညန တိုင်းဦးစီးမှူး ဦးနေလင်းက ပြောသည်။

မြို့ဝင်ကြေး ကောက်ခံခြင်းသည် ရန်ကုန်တိုင်းဒေသကြီး၌ လုပ်ကိုင်မှုကို နမူနာယူ လုပ်ဆောင်ခြင်း ဖြစ်ကာ မေလကုန်ချိန်တွင် ဆက်လက်ကောက်ခံ သွားမည် ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment