~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယနေ့သည် …ကမ္ဘာ့ကြက်ခြေနီနေ့ ဖြစ်၏။ မှန်ပါသည်။ မေလ ၈ရက်ကို ကမ္ဘာ့ကြက်ခြေနီနေ့ဟု ကမ္ဘာက သတ်မှတ်ထားသည်။ ကျွန်မတို့တွင် ကြက်ခြေနီ စိတ်ဓာတ်ရှိပါသလား။ မရှိပါဟုပဲ မရှက်မကြောက် ၀န်ခံရပါ မည်။
““မမ … ရှေ့ကိုမကြည့်နဲ့…””
““မမ … ရှေ့ကိုမကြည့်နဲ့…””
ကျွန်မတို့ စာရေးဆရာတစ်စု ဗန်းမောက်မှ မန္တလေးသို့ အပြန်ခရီးတွင်ဖြစ်၏။ အလာတုန်းကလိုပင် ၈ ယောက် စီး အံစာတုံး ပေါင်မုန့်ကားလေးနှင့် အဲယားကွန်း အေးစိမ့်စိမ့်ဖြင့် သာသာယာယာ ဖြစ်ပါသည်။ ကဗျာဆရာလေး ထွဏ်းသွေးအိမ်က ရှေ့ခန်းဒရိုင်ဘာ ဘေးခုံတွင်ထိုင်သည်။ ကျွန်မက ဒုတိယခုံတန်းမှာ။ နှင်းဆီအောင်က တတိယခုံမှာ။ ဦးဘုန်းက နောက်ဆုံးခုံမှာ အသီးသီးနေရာ ယူခဲ့ကြသည်။ နောက်တော့ စကားပြောရ အောင်ဆို ပြီး ဦးဘုန်းက ကျွန်မနံဘေးမှာ လာထိုင်သည်။ အတွေးနှင့် ဒဿနကြွယ်ဝသော သူက စကားထူးထူးဆန်း ဆန်း တွေပြောတတ်သည်။ ထိုအခါ ကျွန်မက နားထောင်သူ။…
ကားသည် တောင်ကုန်းတစ်ခုမှ အဆင်း။
““မမ … ရှေ့ကို မကြည့်နဲ့””ဟု နောက်ခုံရှိ နှင်းဆီအောင်က ကျွန်မကို အော်ပြောခြင်းဖြစ်၏။ မကြည့်နဲ့ဟုဆိုမှ လှမ်းကြည့်မိသည်။
ဦးဘုန်းလည်း စကားပြော ရပ်သွားသည်။ ထွဏ်းသွေးအိမ်က ကားပြတင်းမှ ခေါင်းပြူကြည့်သည်။
ကုန်းအဆင်းမှာ …။
အလာဆိုလျှင် …အတက်မှာ…။
လမ်းလယ်ကောင်၌ ကားကြီး ပက်လက်လန်နေသည်။
လိပ်တစ်ကောင်ကို ပက်လက်လှန်ထားသလို ခြေကားရား လက်ကားယားကားက ဘာအမျိုးအစားမှန်း မပြော တတ် ပါကုန်တင်ကား အကြီးစားဟု အကြမ်းဖျင်း ပြော၍ရသည်။
ကားပေါ်မှ ကျလာသည်ဟု ယူဆရသောဝါးတွေက လမ်းမပေါ်မှာရော၊ လမ်းဘေးမှာပါ၊ အတုံးအရုံး လဲလဲပြိုပြို။ ၀ါး အစည်းပြေသကဲ့သို့ ဟူသော စာဆိုအတိုင်း။
ထိုထက်အလဲလဲ အပြိုပြိုများကား …
လူတွေ …ပါ။
တချို့လဲလျက်၊ တချို့ငုတ်တုတ်၊ တချို့ညည်းညူ၊ အားလုံးဆယ်ယောက် ထက်မနည်းနိုင်ပါ။ ၀ါးတွေအပြည့် အ မောက်တင်လာသော ကားပေါ်၊ ၀ါးတွေ ပေါ်ထိုင်လိုက်လာခဲ့ကြခြင်းဟု မစဉ်းစားပဲ အဖြေရလေသည်။ တောင် ကုန်းအတက် လမ်းမှာ ကားနှင့်ဝါးရောလူပါ တလိမ့် ခေါက်ကွေး ပက်လက်လန်ခဲ့ခြင်း။
လူတစ်ယောက် ကျွန်မတို့ကားဆီ ပြေးလာ၏။
““ဘယ်နှယောက် သေသွားလဲ””
ရင်ဘတ်နှင့် ရှပ်အင်္ကျီမှာ သွေးနီနီများ ပေကျံနေသော လူကိုစိုးရိမ်တကြီး မေးဖြစ်၏။
““တစ်ယောက် …””
““ဘယ်လောက်ကြာပြီလဲ””
““၁၅ မိနစ်လောက်ရှိပြီ””
ရုတ်တရက် ကျွန်မတို့ ဘာမှမကူညီနိုင်ချေ။
ဖုန်းတွေဖွင့်ကြည့်ကြ၏။ လိုင်းပျောက်နေသည်။
တောကြီးတောင်လယ်၊ လူမနီးသူ မနီး၊ ဒီလူတွေကို ဘယ်လိုကယ်ကြမည်လဲ။
ကျွန်မ ပထမဆုံးစဉ်းစားပုံက ဒဏ်ရာရသူတွေကို အနီးဆုံး ဆေးရုံပို့ပေးရန်၊ ကျွန်မတို့ကားပေါ် တင်သွားဖို့ဖြစ် ၏။ သွေးလွန်ပြီးမသေဖို့ အရေးကြီးသည်။ မသေသေးသူများကို မသေအောင်ကူညီရမည်။
သို့သော် ချက်ချင်းပင် ထိုစိတ်ကူးက ပျက်သွား၏။ ဒါကကိုယ့်ကားမှ မဟုတ်ဘဲ။ သူများကားဆိုတော့ ဒါမျိုး လုပ်ဖို့ ကားပိုင်ရှင်က သဘောတူပါ့မလား။ အယူသီးသူများဆိုလျှင် ကားပေါ် သေပြီးသူပဲဖြစ်ဖြစ်၊ သေခါနီး လူပဲဖြစ်ဖြစ် သွေးရဲရဲသံရဲရဲတွေ ဘယ်တင်ပါ့မလဲ။ ကားကို ““ခိုက်”” တတ်သည်ဟုပင် တွေးလိမ့်မည်။
ဟုတ်ပါပြီ။ အကယ်၍ ကျွန်မကိုယ် ပိုင်ကားဆိုရင်ကော။ ကျွန်မကကော … အဲဒီအလောင်းတွေ၊ သေလုမြော ပါးတွေကို ကောက်တင်နိုင်သလား။ ကျွန်မ ဦးနှောက်က နှာစေးနေလေသည်။ သေချာတာက ဤမြင်ကွင်း တစ်ခုလုံးကို ဓာတ်ပုံပင် မရိုက်ရဲခြင်း။
ကျွန်မတို့ ကားမောင်းသူက ပြေးလာသူကို ပြောနေ၏။ ““ကျောက်တန်းရောက်ရင် သတင်းပြောလိုက်မယ်”” ဟူ၍ဖြစ်သည်။ ရှေ့မှာအနီးဆုံးရွာသည် ကျောက်တန်းဖြစ်မည်။ ကားစခန်းချရာ ဖြစ်သည်။ လမ်းဆုံဖြစ်သည်။
““ဟုတ်ကဲ့၊ ပြောပေးပါ။ ရှေ့ကကား တစ်စီးကိုလည်း မှာလိုက်တယ်””
သွေးရဲရဲနှင့်လူက တောင်းပန်စကားပြောပြီး တုံးလုံးပက်လက်လူတွေဆီ ပြန်သွားသည်။ အားလုံးထဲမှာ လမ်း လျှောက် နိုင်သူဆို၍ သူတစ်ယောက်ပဲ ရှိပုံရ၏။
ရဲဆေးတင်ပြီး လူတွေကို လှမ်းကြည့်ရသည်။
““သေသွားတဲ့လူက လမ်းဘေးမှာ။ ခမောက်နဲ့ မျက်နှာကို အုပ်ထားတယ်”” ထွဏ်းသွေးအိမ်က လှည့်ပြီး ပြော ၏။ သူပြောရာသို့ လှမ်းကြည့်ရာ လမ်းဘေး မြက်တောထဲမှာ ပက်လက်လဲနေသူကို မြင်ရသည်။ ခေါင်းပိုင်း ကို ခမောက်နှင့် အုပ်ထားသည်။ တစ်ယောက်တော့ သေရှာပြီပေါ့။
ဝါးတွေနှင့် အရောရော အထွေးထွေး လဲနေသူများလည်း ရုန်းထခြင်း မပြုကြ။ အော်ဟစ်ခြင်း မပြုကြ။ ကိုယ့် ဒုက္ခနှင့်ကိုယ် တင်းခံနေကြဟန် တူသည်။ ဒီလူတွေထဲက နောက်ထပ် ဘယ်နှယောက် သေဦးမည် မသိ။
ကျွန်မတို့ကား ဆရာက ကားစက်နှိုးသည်။ ကျောက်တန်းရောက်မှ သတင်းပေးတော့မည်။ တခြား ဘာမှ အကူအညီမပေးနိုင်။
ထွဏ်းသွေးအိမ်က သူ့ဖုန်းကို လှမ်းပြ၏။ သူလျှပ်တစ်ပြက် ဓာတ်ပုံရိုက်လိုက်သော အလောင်းတစ်လောင်း၏ တစ်ကိုယ် လုံးပုံတည်း။ ကျွန်မတို့က ကြည့်လည်း ကြည့်ချင်သည်။ ကြည့်လည်း မကြည့်ရဲ ကြ။ ဖျတ်ခနဲ အကြည့်မှာပင် မျက်စိထဲ စွဲသွားပြီ။ ဘွတ်ဖိနပ်အတို (တောစီး) ၀တ်ထားသော ခြေထောက်လေးနှစ်ဖက်။ ““ဧကန်္တ …တောတိုးပြီး ၀ါးခုတ်တဲ့လူဖြစ်ရမယ်””
““ဒီတောက ကန့်သတ် ဧရိယာပဲ။ ဘယ်သူမှ သစ်ပင်ဝါးပင်ခုတ်ခွင့် မရှိဘူး””
““ခိုးပြီး ခုတ်ကြတာပေါ့လေ။ မရှိ တော့လည်း လုပ်စားရတာပေါ့””
““ဘယ့်နှယ်ကြောင့်၊ ဒီကားက အိုဗာဝိတ်တင်ရလဲ””
““ရတုန်းလေး ခိုးခုတ်၊ ခိုးသယ်ရတာကိုး။ ကားခကလည်း ဈေးကြီးတော့ စုပြီး ငှားကြတာဖြစ်မယ်။ အုပ်စုလိုက် ခိုးခုတ်ပြီး ကားနဲ့ရသမျှ တင်လာကြတာ။ ၀ါးတော့ အလကားရပါရဲ့။ တကယ့်သက်စွန့် ဆံဖျားကြီး””
““သေသွားတဲ့ လူခမျာ ၀ါးခုတ်ရင်း မိသားစုဝင်ငွေရဖို့ မျှော်လင့်ခဲ့မှာပဲ။ ခုလို … အိမ်ပြန်မရောက်ဘူး ဘယ်ထင်ပါ့ မလဲ””
““အင်း … လူ့အသက်တစ်ချောင်းဟာ ဒီလိုနည်းနဲ့ ဟုတ်ခနဲ ကြွေသွားရပြီ””
ကျွန်မတို့သည် စကားမပြောနိုင်ကြတော့ပေ။ အတွေးကိုယ်စီနှင့် ခရီးဆက်ခဲ့ကြသည်။ မျက်စိထဲတွင် တောင် စောင်းချောက်နက်ထဲမှ ၀ါးရုံများကို မြင်နေသည်။ ၀ါးတွေက သန်ချင်တိုင်းသန်နေကြ၏။ ဒီနေရာမှာ မိုးကောင်း ၍ ဖြစ်နိုင်သည်။ ၀ါးပင်ကလေးများ မဖြစ်မီမျှစ်အဖြစ် ချိုးယူသူမရှိ၍ ဖြစ်ကောင်းဖြစ်မည်။ ၀ါးရုံတိုင်းမှာ ပင်ပျို ပင်ပေါက်များဖြင့် ဝေစည်နေလေသည်။ ၀ါးလားမြောက်ပြီးသော အမျိုးစုံ ၀ါးတွေက ခုတ်ယူချင်စရာချည်းဖြစ် ၏။ ဝေးလံသီခေါင်သဖြင့် ၀င်ခုတ်လျှင်လည်း ဖမ်းမည့်သူ ပေါ်လာဟန်မတူပေ။ တစ်ခုပဲ ခက်ခဲ၏။ ခုတ်ပြီး ၀ါး များကို ရွာအရောက် သယ်ယူရန်ဖြစ်သည်။ ယခု …ဤလမ်းက ကားလမ်းပေါက်ပြီးမို့ ၀ါးတွေခုတ်ပြီး စု၍ ကားငှားသယ်ကြခြင်း။
ကားငှားပြီဆိုတော့လည်း သူ့ဟာပါချင်၊ ငါ့ဟာပါချင်မို့ ကားပေါ်အိုဗာဝိတ် တင်မိကြသည်။ ပြီးတော့လူတွေပါ ၀ါးပေါ် တက်စီးကြမည်။ တောင်အဆင်း၊ တောင်အတက်မှာ အဆင်းကြမ်း၊ အတက်ကြမ်း မှန်းမသိမဟုတ်။ သိကြပါလိမ့်မည်။ သို့သော် ကားကိုယုံကြည်၏။ ကားကို မယုံ၍ လည်းမဖြစ်ပါ။ တခြားရွေးစရာ နည်းလမ်း မရှိ။ ခုတော့ ကုန်းတက်တွင် ကားအကွေ့ တစ်စီးလုံး ပက်လက်လန်ခဲ့ပြီ။
လူတွေက စည်းကမ်း မသိဘူး။
လူတွေက ဥပဒေ မလိုက်နာဘူး။
လူတွေက လောဘကြီးတယ်။
လူတွေက သေမှာမကြောက်ကြဘူး။
အမျိုးမျိုး ဝေဖန်နိုင်ပါသည်။
ဒီနယ်မြေမှာ ရွှေတူးသူတွေ၊ ချမ်းသာသွားကြပြီ။
ဒီနယ်မြေမှာ ယန္တရားကုမ္ပဏီတွေ ဈေးကွက်ရခဲ့ပြီ။
လယ်တွေက ကျင်းဖြစ်။ လယ်လုပ် စရာ သြဇာမရှိ။
သစ်တွေက ပြောင်တလင်းခါ။ ၀ါးတောကို ခိုးဝင်။
သယ်စဉ်မှာ ဘ၀ပျောက်သွားပြီ။
မြို့ရောက်လျှင် ကောက်ညှင်းကျည်တောက် ဖြစ်နိုင်သော၊ ရွာရောက်လျှင် ခြင်းယက်၊ တောင်းယက်၊ တဲဆောက်နိုင်သော ထွားထွားဝေသည့်ဝါးများ … ခုလို ကားနှင့် သယ်ဆဲ… ဘယ်နှစီး မှောက်ခဲ့ ပြီလဲ။
မိသားစုဝမ်းရေး၊ တောစီးဘွတ်ဖိနပ် အတိုလေးစီးကာ ပြန်ရောက်ရင်ဟု အားတင်း၍ ငွေသား မျှော်မှန်းခဲ့သူတွေ … ဘယ်နှယောက် လမ်းဘေးမှာ ခမောက်အုပ်ပြီး မြေမြှုပ်ခဲ့ရပြီလဲ။
သည်လိုဘယ်သူဖြစ်ချင်ပါ့မလဲ။ လူတိုင်းသည်၊ အလုပ်ကိုပုံမှန်လုပ်ချင်သည်။ လုပ်ခကို ၀မ်းစာလောက်ငချင် သည်။ မိသားစု မိုးလုံလေလုံ နေချင်သည်။ လေယာဉ်ပျံကြီးစီးပြီး ဖူးခက်ကမ်းခြေမှာ အပန်းဖြေရန် စိတ်ကူးပင် မရှိပါ။
မိသားစု ထမင်းဝိုင်းကလေးမှာ ငါးပိ ရည်ချိုချိုလေး၊ မှိုနတိုဟင်းချိုနှင့် ငရုတ် သီးကိုက်စားရလျှင် ပျော်ပါသည်။
ကြယ်ငါးပွင့် ဟိုတယ်အကြောင်း မသိပါ။
ရတနာပြပွဲအကြောင်း မကြားဖူးပါ။
လွှတ်တော်ဆိုတာ …ဘာမှန်းမသိပါ။
အစိုးရဆိုတာ …ရဲတွေပဲလေ။
ရဲတွေမမြင်ခင် ၀ါးခိုးခုတ်ကြမယ်။
သစ်တောအုပ်တွေလည်း မမြင်စေနဲ့ ပေါ့။
ရဲနဲ့ သစ်တော၊ အစိုးရမင်းများ ကွယ်ရာမှာ …
ဝါးကားတစ်စီးလွတ်လာရင် ထောင်တန်တွေ ဖွေးခနဲရမှာ သေချာတယ်။
ဒီမျှော်လင့်ချက်၊ ဒီယုံကြည်ချက်။
သို့သော် …
ဘယ်က ရောက်လာမှန်း မသိသော ကြမ္မာဆိုးက တို့ဝါးကားကိုမှောက်ပစ်ခဲ့ပြီ။
တရားခံ ဘယ်သူလဲဟေ့။
စာရေးဆရာများက သူတို့မြင်သမျှ ကြားသမျှကို စာဖတ်သူများထံသို့လည်း ကောင်း၊ အစိုးရ တာဝန်ရှိသူများ ထံသို့လည်းကောင်း တံတားခင်းသည့် သဘောဖြင့် တင်ပြနေကြသည်။
တရားခံက တစ်ဦးတည်းပဲလေ။
အဖြေတစ်ခု ခေါင်းထဲဝင်လာသည်။
““တရားခံအစစ်ဟာ … ဆင်းရဲမွဲတေခြင်းပေါ့””
အစိုးရမင်းများ တရားခံကို ဖမ်းပေးကြပါ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment