Thursday, May 7, 2015

မြန်မာနိုင်ငံ အလယ်ပိုင်း မြို့နယ် ငါးခုတွင် အပူချိန် မြင့်မားဒေသခံများ သောက်သုံးရေ ပြဿနာ ရှိနေ

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ ဖြစ်သည့် မန္တလေးတိုင်း  မြင်းခြံမြို့နယ်၊ မကွေးတိုင်း မကွေးမြို့နယ်၊ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်နှင့် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တို့တွင် အပူချိန် မြင့်မားလျက်ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးလှထွန်းက မဇ္ဈိကို ပြောသည်။

Water-Rare

အပူချိန်များမှာ  မြင်းခြံမြို့နယ်၊ ချောက်မြို့နယ်နှင့် မကွေးမြို့နယ်များတွင် ၄၄ ဒီဂရီစင်တီဂရိတ်နှင့် မုံရွာနှင့် မင်းဘူးမြို့နယ်များတွင် ၄၃ ဒီဂရီစင်တီဂရိတ် ရှိနေသည်ဟု မေလ ၆ ရက် တွင် ထုတ်ပြန်ထားသော မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန စာရင်းဇယားများအရ သိရသည်။

ဦးလှထွန်းက “ဒေသတစ်ခုရဲ့ ပုံမှန်အပူချိန်ထက် နှစ်စဉ်အပူချိန်တွေ မြင့်လာတာက ဆယ်စုနှစ် တစ်ခုရှိနေပြီ။ ဒါပေမယ့် ဒီနှစ်က စံချိန်တင် အပူချိန်တော့ မဟုတ်သေးပါဘူး။ ပူတာနဲ့အတူ ခရမ်းလွန်ရောင်ခြည် အန္တရာယ်လည်း ရှိလာတာပေါ့” ဟု ပြောသည်။

ဒေသ တစ်ခု၏ ပုံမှန်ပျမ်းမျှအပူချိန်မှာ ၁၉၆၁ ခုနှစ်မှ ၁၉၉၀ အထိ မှတ်တမ်းတင်ထားသည့် အပူချိန်များကို ပျမ်းမျှတွက်၍ သတ်မှတ်ထားခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် မတ်လအတွင်း မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်နှင့် ပဲခူးတိုင်းအနောက်ပိုင်း ကြို့ပင်ကောက် မြို့နယ်တွင် စံချိန်တင်အပူချိန်ကို ကျော်လွန်ခဲ့သော်လည်း ဧပြီလနှင့် မေလအတွင်း စံချိန်တင် အပူချိန်ကို ရောက်ရှိသည့်မြို့နယ် မရှိသေးဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

မကွေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး မကွေးမြို့နယ်ဒေသခံ  ကိုနေမျိုးကျော်က  ရာသီဥတု ပူပြင်းမှုကြောင့် မကွေးတိုင်းဒေကြီးအတွင်းရှိ ပြည်သူလူထုများမှာ သောက်သုံးရေနှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လျက်ရှိသည်ဟု ပြောသည်။

ကိုနေမျိုးကျော်က “ နေ့လယ်ဆိုရင် အပင်ရိပ်အောက်မှာပဲ နေနေရတယ်။ လျှပ်စစ်မီး အခက်အခဲနဲ့လည်း ကြုံတွေ့နေရတယ်” ဟု ပြောသည်။

မကွေးတိုင်းဒေသကြီး ခရိုင် ငါးမြို့နယ်တွင် ဂန့်ဂေါခရိုင်မှ လွဲ၍ မင်းဘူးခရိုင်၊ မကွေးခရိုင်၊ သရက်ခရိုင်နှင့် ပခုက္ကူခရိုင်များတွင်
သောက်သုံးရေရှားပါးခြင်း၊ ရေတွင်းများ ခန်းခြောက်ခြင်း၊ စိမ့်စမ်းရေများ နည်းပါးလာခြင်း၊ ချောင်းရေခန်းခြောက်ခြင်း၊
မြေအောက်ရေ နည်းပါးလာခြင်းတို့ ဖြစ်ပေါ်နေသည်ဟု ကိုနေမျိုးကျော်က ဆက်လက်ပြောသည်။

ကိုနေမျိုးကျော်က “မြေအောက်ရေကလည်း နည်းလာတဲ့အတွက် ရေတင်ရတာ  အခက်အခဲ ဖြစ်လာတယ်။ ရေတင်လို့ မရတော့ဘူး။ မီးအားနည်းတာနဲ့ တိုးတော့ ပိုဆိုးတယ်။ မြို့နယ်အချို့က လက်ယက်တွင်းတွေလည်း ခန်းခြောက်လာတာတွေ ရှိတယ်" ဟု ပြောသည်။

ရာသီဥတု ပူပြင်းလာမှုကြောင့် အရေပြားရောဂါ၊ ရေဓာတ်ခန်းခြောက်ခြင်းတို့ ဖြစ်ပွားလာ နိုင်ပြီး  သွေးတိုး ဆီးချို၊ နှလုံးရောဂါရှိသည့် သက်ကြီးရွယ်အိုများ အထူးသတိထားသင့်သည်ဟု ရန်ကုန်မြို့ရှိ၊ ပုဂ္ဂလိက ဆေးရုံ တစ်ရုံမှ ဒေါက်တာ မင်းသက်နိုင်က မဇ္ဈိမကို ပြောသည်။

ဒေါက်တာ မင်းသက်နိုင်က “ရာသီဥတု ပူပြင်းလာတော့ ချွေးထွက်များတာကြောင့် ရေဓာတ်၊ ဆားဓာတ် ဆုံးရှုံးပြီး မူးဝေတာ၊ လူနုန်းတာ မောတာမျိုးတွေ ဖြစ်တတ်တယ်။ ပြီးတော့ ခရမ်းလွန်ရောင်ခြည်အန္တရာယ် လည်း ရှိတယ်။ ခရမ်းလွန်ရောင်ခြည်ကို ထိတာများရင် ကင်ဆာရောဂါတွေပါ ဖြစ်နိုင်တော့ သတိထားရမယ်။ အထူးသဖြင့် အသားဖြူတဲ့ လူတွေမှာ ပိုဆိုးတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည် အညွန်းကိန်း တိုင်းတာသည့် စက်ပစ္စည်းကိရိယာများ မရှိသေးဟု မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။ ယင်းအတွက် ၂၀၁၆ ခုနှစ်အတွင်း မြို့ကြီးအချို့တွင် ခရမ်းလွန်ရောင်ခြည် အညွန်းကိန်း တိုင်းတာသည့် စက်များထားရှိရန် စီစဉ်နေသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်ကလည်း သူ၏  လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၆ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် နေ့အပူချိန် 43- 44 °C ခန့်အထိ မြင့်တက်လာနိုင်သည်ဟု ရေးသားဖော်ပြထားသည့်အပြင် ခရမ်းလွန်ရောင်ခြည် အညွန်းကိန်း အခြေအနေမှာ တစ်ပြည်လုံးတွင် လွန်ကဲအခြေအနေ ရှိနိုင်သည်ဟု ရေးသားဖော်ပြထားသည်။

Credit - Mizzima News

No comments:

Post a Comment