နေပြည်တော်၊ ပျဉ်းမနားမြို့မှာနေတဲ့ ဦးဝင်းဇော်က မဇ္ဈိမစာဖတ်သူ ကဏ္ဍကို မေးလ်တစ်စောင် ပေးပို့လာပါတယ်။
သူက တက္ကသိုလ်က ဘွဲ့တစ်ခု ရခဲ့ပေမယ့် ဝန်ထမ်းမလုပ်ဘဲ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး စာဖတ်ဝါသနာပါလို့ သတင်းစာနဲ့ ဂျာနယ်တွေကို နေ့တိုင်းဖတ်တဲ့ အထဲမှာ မကြာသေးခင်ကမှ ပုံနှိပ်သတင်းစာကနေ ဒီဂျစ်တယ် သတင်းစာကို ကူးပြောင်းခဲ့တဲ့ မဇ္ဈိမ ဒီဂျစ်တယ် သတင်းစာလည်းပါတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်က မဇ္ဈိမမှာ ဖတ်လိုက်ရတဲ့ “မြေယာအမှု တိုင်တန်းရာတွင် ပြည်ထောင်စုဝန်ကြီးဟု သုံးစွဲခြင်း မလျော်သြဇာလွှမ်းမိုးနိုင်သဖြင့် တရားပြိုင်ကန့်ကွက် ” ဆိုတဲ့ ခေါင်းစဉ်ပါ သတင်းကို ဖတ်ပြီး ပြောချင်လို့ ရေးလိုက်တဲ့ စာပါလို့ ဆိုပါတယ်။
သူဟာ နေပြည်တော်လို့ မသတ်မှတ်ခင်ကတည်းက ဒီဒေသမှာ မွေးဖွားခဲ့သူဖြစ်တဲ့ အပြင် သူ့စီးပွားရေးအရ ငယ်စဉ်ကတည်းက ဒီဒေသရဲ့ ပတ်ဝန်းကျင်ရွာ မှန်သမျှကိုလည်း ရောက်ဖူးခဲ့သူဖြစ်တယ်လို့ ပြောပါတယ်။
ဒီဒေသမှာ နေထိုင်သူ အားလုံးနီးပါးဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုပြီး ချမ်းသာဖို့ မဟုတ်ဘဲ တစ်ပတ်လုံး စားဖို့အတွက် ပင်ပန်းစွာနဲ့ လုံ့လပြုလို့ လုပ်ကိုင်စားသောက် နေထိုင်ခဲ့ ကြရတာကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ပါပဲ လို့ဆိုပါတယ်။
အခု ဒေသခံတောင်သူကို တရားစွဲထားတဲ့ ပြည်ထောင်စုဝန်ကြီးကို သူ့အနေနဲ့ ဒီဒေသခံအဖြစ် မသိထားသလို ဒီဒေသမှာ လယ်ယာစိုက်ပျိုးတာလည်း တစ်ခါမှ မတွေ့ဖူးဘူးလို့ အုပ်ချုပ်ရေးမှူးတစ်ယောက်ကို မေးကြည့်တော့မှ မြေလွတ် မြေရိုင်း စီမံခန့်ခွဲမှု ကော်မတီက ဒီနေရာတွေကို မြေလွတ်၊ မြေရိုင်းတွေ ဆိုပြီး နေရာချထားပေးခဲ့တာကို ပြောတယ်လို့ ရေးပါတယ်။
သတင်းရေးသွား ဖော်ပြသူက ဒီသတင်းနဲ့ပတ်သက်ပြီး တရားပြိုင်ရဲ့ ရှေ့နေကို မေးမြန်းထားတာကို ဖတ်ရတာ အမှုနဲ့ ပတ်သက်ပြီး ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ မီးမောင်း ထိုးပြထားသလို ရှင်းလင်းနေတာ လည်း ရေးတဲ့သူကို ချီးမွမ်းမိပါတယ်လို့ ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေက ဒီလိုတရားမမှု ဖြစ်ရခြင်းဟာ သက်ဆိုင်ရာမြေလွတ်၊ မြေရိုင်း စီမံခန့်ခွဲမှု ကော်မတီက ဝန်ကြီးအား မြေချမပေးမီ မဖြစ်မနေ ဆောင်ရွက်ရမယ့် ကွင်းဆင်းစစ်ဆေးမှုတွေ မလုပ်ခဲ့ဘဲ ဒီမြေပေါ်မှာ လက်ရှိနေထိုင် စိုက်ပျိုးသူများရှိ၊ မရှိနဲ့ ရှိပါက ကန့်ကွက်လိုသူ ရှိ၊ မရှိစတဲ့ မြေသိမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို မဆောင်ရွက်ခဲ့လို့ ဒီလိုဖြစ်ရတာလို့ ပြောခဲ့ပါတယ်။
သူပြောသလို ကွင်းဆင်းစစ်လို့ လက်ရှိနေထိုင်လုပ်ကိုင်သူတွေမှာ တရားဝင် ချထားပေးတဲ့ စာရွက်စာတမ်း ကတော့ရှိချင်မှ ရှိနိုင်မယ်။ သူတို့အနေနဲ့ ဒီဒေသမှာ ဘိုးစဉ်ဘောင်ဆက် နေလာခဲ့ပြီးလို့ သူတို့ ပိုင်တယ်လို့ လည်း ယူဆနိုင်ကြပါတယ်။ ဒါက ဖယ်ရှားခိုင်းတယ်ဆိုရင် ရွှေ့ပြောင်းဖို့နေရာကို ကြိုတင် အကွက်ချ စီစဉ်ပြီးမှ သူတို့ကို ရွှေ့ပြောင်းခိုင်းရင် ဒီလိုပြဿနာတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီလို နေရာချထားပေးခဲ့ရင်တောင်မှ သူတို့က စိုက်ပျိုးရေးနဲ့ပဲ လုပ်စားနေရတဲ့ သူတွေကို ဝိနည်းလွတ် ရန်ကုန်မြို့မမြို့သစ်တွေမှာလို ပေ ၂၀ လောက်ကို တစ်အိမ်ထောင် မြေပေးရင် သူတို့ ဘယ်လိုလုပ်စားကြမလဲ။ အခုဖြစ်နေတာတွေကို မြင်ရတာက တာဝန်ရှိသူတွေက ဖယ်ခိုင်းလို့ နှစ်ပေါင်းများစွာ နေလာတဲ့ အိမ်တွေ၊ သစ်ပင်တွေကို ထားခဲ့ရပြီး လွတ်နေတဲ့ နေရာတွေ၊ နေလို့ရနိုင်မယ့် နေရာတွေမှာ ဖြစ်သလို တဲထိုးနေကြရတယ်။
ဒီအခါမှာ ကြုံတွေ့ရတဲ့ ဆင်းရဲသား လယ်ယာလုပ်သူတွေရဲ့ လူမှုရေး၊ ကျန်းမာရေးက ရေနဲ့ အိမ်သာသုံးစွဲရမှုကို တွေးကြည့်စေချင်တယ်။ အလုပ်အကိုင်ကျတော့ ကြုံရာကျပန်း လုပ်ကြရပြီး နဂိုကတည်းက ဆင်းရဲလို့ ပညာမသင်ခဲ့ရတော့ မစဉ်းစားနိုင်ဘဲ လူအချို့ရဲ့ တစ်ခါတစ်ရံမှာ ဆင်းရဲတာကို ထွက်ပေါက်ရှာမှုတွေကြောင့် မှုခင်းတွေ ဖြစ်ပေါ်တာကို မမြင်ချင်၊ မကြားချင်ဘဲနဲ့ ကြားနေ၊ မြင်နေရပါတယ်လို့ ရေးပါတယ်။
သူနားမလည်တာက ဒီလိုလူကြီးတွေကို မြေကွက်တွေ ချပေးနေတာက မှာ နေစရာ၊ စားစရာ အဆင်မပြေလို့ ဒီလိုလုပ်တာလားလို့ သိချင်ပါတယ်။ သူသိသလောက်တော့ အခုအမှုကို တရားစွဲတဲ့ ဝန်ကြီးလည်း ချမ်းသာပြီး လုပ်ငန်းတွေရှိတာပဲ၊ ဒီမြေချထားပေး မခံရလည်း သူ့အတွက်ဘာမှ ဖြစ်ပွားမှာ မဟုတ်ဘဲ တရားစွဲခံရတဲ့ သူသာရှိနေတဲ့ နေရာကို လက်လွှတ်ဆုံးရှုံးပြီး လုပ်စားစရာ ဆုံးရှုံးရမယ့်အပြင် အဆင်မသင့်ရင် ထောင်အကျခံရနိုင်တာမို့ ဆင်းရဲမှု ပပျောက်အောင် လုပ်နေတဲ့ လူကြီးတွေအနေနဲ့ ပြည်သူတွေရဲ့ ကြုံတွေရမယ့် အခက်အခဲနဲ့ ခံစားချက်ကို စာနာ နားလည်သင့်တယ်လို့ သူထင်ပါတယ်လို့ ပြောပါတယ်။
ထောင်ကျမယ်ဆိုမှ သူပြောချင်တာတစ်ခုလည်း ရှိပါသေးတယ်တဲ့။ စည်ပင် ဥပဒေမှာ ဒီလိုမျိုး အမှုတွေအတွက် ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ်ဆိုပြီး ရှိတာကို အခုနေပြည်တော် ကောင်စီမှုဖြစ်တဲ့ ဒီလိုအမှုတွေ မှန်သမျှ ထောင်ဒဏ်ချည်းပဲ ချနေတာကတော့ မဖြစ်သင့်ပါဘူးတဲ့၊ အထူးသဖြင့် သမ္မတ တိုက်ရိုက် အုပ်ချုပ်တဲ့ နေပြည်တော်မှာ ဒီလိုအဖြစ်မျိုးတွေ ရှိနေတာကတော့ အရပ်ရပ် နေပြည်တော်ကြားလို့မှ မတော်ဘူးလို့ ဇာတ်ထဲက မင်းသား ပြောသလို ဖြစ်နေတာမို့ တာဝန်ရှိအုပ်ချုပ်သူ လူကြီးမင်းများအနေနဲ့ ပြောင်းလဲ စဉ်းစားပေးဖို့ ပြည်သူ တစ်ဦးအနေနဲ့ တောင်းဆိုချင်တာကြောင့် ရေးလိုက်ပါတယ်ဆိုတဲ့ စာကို ဖော်ပြလိုက်ပါတယ်။
Credit - Mizzima News
No comments:
Post a Comment