လာမည့် ၂၀၁၅ ရွေးကောက်ပွဲကာလ သတင်းရယူရာတွင် မီဒီယာသမားများ လိုက်နာသင့်သည့် ဆောင်ရန် ရှောင်ရန်များ ပါဝင်သော ရွေးကောက်ပွဲ ဆိုင်ရာ လမ်းညွှန်ချက်များ (Guide Book) အတည်ပြု ထုတ်ပြန်သည့် အခမ်းအနားကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)က ဦးဆောင်လျက် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ဖြစ်သည့် မေလ ၃ ရက်တွင် ရန်ကုန်မြို့ NOVOTEL YANGON MAX ၌ ပြုလုပ်ခဲ့သည်။
မြန်မာသတင်း မီဒီယာသမားများအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်များ ရရှိရန်အတွက် အပြည်ပြည်ဆိုင်ရာ မီဒီယာထောက်ပံ့ရေးအဖွဲ့ IMS (Internation Media Support)
၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ဦးဆောင်၍ ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ရန်ကုန်၊ မော်လမြိုင်နှင့် မန္တလေး မြို့များတွင် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး နောက်ရရှိလာသည့် အချက်အလက်များအပေါ် အခြေခံ၍ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်အဖြစ် ထုတ်ပြန်ခြင်းဖြစ်သည်။
ယင်းလုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ခြင်းနှင့် ပတ်သက်၍ ““Freedom Day မှာ ကျွန်တော်တို့က စာနယ်ဇင်း သမားတွေ လိုက်နာရမယ့် အခြေခံကျင့်ဝတ် ၂၇ ချက်ကို စာအုပ်လေးလုပ်ပြီး မီဒီယာသမားတွေ လိုက်နာဖို့။ အဲဒါက IMS နဲ့တွဲပြီး လုပ်တာပါ။ ဒီနှစ်ကျတော့ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ ရွေးကောက်ပွဲလုပ်တဲ့နှစ် ဖြစ်နေတယ်။ ရွေးကောက်ပွဲမှာလည်း သတင်းယူတဲ့ သတင်းသမားတွေကို နောက်ဆုံး ထောင်ချောက် ထဲ ရောက်ပြီး အမှုတွေနဲ့ တရားစွဲခံနေရတာကို ကျွန်တော်တို့ စိုးရိမ်ပူပန်နေတာရှိတယ်။ သတင်းသမားတွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲရုံတွေမှာ သတင်းသွားယူတဲ့အခါ သတင်းသမားတွေက ဘယ်လိုအချက် အလက်တွေ ရှောင်ရှားရမယ်ဆိုတာ သိစေချင်တယ်”” ဟု မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ(ခေတ်+မိုး)က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရက်တစ် ရွေးကောက်ပွဲများနှင့် ဝေးကွာနေသည့်အတွက် ပြည်သူများကို ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ပေးနိုင် ရန်မှာ မီဒီယာများ၏ တာဝန်ဖြစ်ကြောင်း၊ ဒီမိုကရက်တစ် ရွေးကောက်ပွဲ များမှာ နိုင်ငံအတွက် အရေးပါသည့်အတွက် ယင်းတာဝန်များ ကို မြန်မာသတင်းမီဒီယာများနှင့် မြန်မာ ပြည်သူများ အနေဖြင့် ယင်းအရေးပါမှုကို အလေးထား အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ယင်းနောက် ရွေးကောက်ပွဲကာလအတွင်း သတင်းမီဒီယာသမားများ၏ အခန်းကဏ္ဍကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်၊ ဦးသီဟစောနှင့် International Media Support (IMS) မှ Mr.Glen Swan Son တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကာလအတွင်း စိန်ခေါ်ချက်နှင့် အခွင့်အလမ်းများဆိုင်ရာ အကြောင်းအရာများကို Myanmar Media Lawyer Network မှ ဥက္ကဋ္ဌ ဦးအောင်စိုးဦး၊ မော်ကွန်း မဂ္ဂဇင်းအယ်ဒီတာ ဦးဇေယျာလှိုင်၊ New Myanmar Foundation မှ အကြံပေးအရာရှိ ဒေါ်မြနန္ဒာတို့က ဦးဆောင်ဆွေးနွေးခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်အတည်ပြုချက် ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင် သွားမည့် လုပ်ငန်းစဉ်များကို ““လောလောဆယ် ရွေးကောက်ပွဲ သတင်းရေးသားနည်းဆိုင်ရာ လမ်း ညွှန်လက်စွဲ ပြုစုတဲ့ဟာ။ နောက်လုပ်မယ့်တစ်ခုက သတင်းသမားများ အန္တရာယ် ကင်းရှင်းရေးကို လာမယ့် လပိုင်း လောက်မှာ လုပ်မယ်။ အခု ဒုတိယက ရွေးကောက်ပွဲသတင်း ရေးသားနည်း၊ တတိယ သတင်းသမား အန္တရာယ် ကင်းရှင်းရေးတွေကို လုပ်သွားမယ်။ ကောင်စီက အားလုံးလုပ်အား ကူညီမယ်။ ကုန်ကျစရိတ်၊ စီမံချက်နဲ့ ပတ်သက်တာ IMS အဖွဲ့က ပံ့ပိုးပေးတယ်””ဟုမြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးမြင့်ကျော် က မြန်မာသံတော်ဆင့်သို့ ပြောသည်။
MH-0030
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment