ယခုအခါ ဘတ်စ်ကားဆရာများ အပြောအဆို ကြမ်းတမ်းခြင်း၊ ကားမောင်းကြမ်းခြင်း၊ ရုံးဝန်ထမ်းများ အကျင့်ပျက်ပြားခြင်း၊ ရပ်ကွက်သူ ရပ်ကွက်သားများ သန့်ရှင်းရေးကို လစ်လျူရှုခြင်း၊ ဈေးသည်များ အတိုင်းအဆ မမှန်ခြင်း၊ ကျောင်းဆရာ ဆရာမများ တာဝန်ပေါ့လျော့ခြင်း၊ လူငယ်များ သောက်စားမူးယစ်မှု ပိုဖြစ်လာခြင်း စသည်စသည် ပြည်သူ့စာမျက်နှာ ဘဝအထွေထွေ အခြေအနေအရပ်ရပ် ယိုယွင်းပျက်စီးလာ နေမှုများကိုသာ တရစပ် ကြားနေရ မြင်နေရ ဖတ်နေကြရပါသည်။
မနေ့တနေ့ကဆိုလျှင် ကားမီးပျက်လမ်းဆုံတွင် ကားများတန်းစီပြီး ရပ်လိုက်သည်နှင့်တပြိုင်နက် ကားတိုင်းလိုလို တံခါးများပွင့်ကာ ကားမောင်းသူတိုင်းလိုလို ကွမ်းတံတွေးကိုယ်စီ ထွေးလိုက်ကြသည်ကို တွေ့လိုက်ကြရပါသည်။ ဘတ်စ်ကားတစ်စီးပေါ်တွင် ကားမောင်းသူ မပြောနှင့် လှုပ်ရှားသွားလာ ပိုက်ဆံသိမ်းနေသူ ကားစပါယ်ယာသည်ပင် ဆေးလိပ်သောက်ရင်း သွားလာနေသည်ကို တွေ့လိုက်ရသည်။
လမ်းထောင့်က ဈေးဆိုင်တစ်ဆိုင်တွင် လွန်ခဲ့သည့် ဆယ်ရက်က တစ်ပြည်လျှင် ၁,၇၀၀ ကျပ်တန် ဆန်ကို တစ်ပတ်အတွင်း ဈေးနှစ်ကြိမ်တိတိ ခုန်တက်ပြီး ရောင်းသည်ကို တွေ့ရသည်။ ပထမအကြိမ်က ၁,၈၀၀ ကျပ်ဖြစ်ပြီး ဒုတိယအကြိမ်တွင်မူ ၂,၀၀၀ ကျပ်အထိ ဖြစ်လာသည်။ ဈေးဆိုင်ပိုင်ရှင်က ၀န်ထမ်းများ လစာတိုးလာသဖြင့် ဈေးတွေ တက်လာခြင်းဖြစ်ကြောင်း ရယ်ရယ်မောမော ပြောဆိုလိုက်သော်ငြားလည်း စားသုံးသူအဖို့မူ မရယ်မောနိုင်ပါ။
ရပ်ကွက်ထဲတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်ခြင်း၊ လမ်းသွားလမ်းလာ မိန်းကလေးကို နေ့ခင်းကြောင်တောင် လူတွေ ဥဒဟို သွားလာနေသည့်ကြားမှာပင် လိုက်လံနှောက်ယှက်၊ မိန်းကလေးမှာ ရှက်ရွံ့ကြောက်လန့်ပြီး နီးရာဈေးဆိုင်ထဲ ဝင်ထိုင်ရသည်အထိ ကြုံရသည်။ မည်သူမျှ ဝင်ရောက်ပြောဆို ရှင်းပြကူညီခြင်း မပြုလုပ်ရဲကြ။
ကျေးလက်များတွင်လည်း လူငယ်များ လေလွင့်ပျက်စီးမှု ပိုမိုများပြားလာနေသည်။ အလုပ်အကိုင် မယ်မယ်ရရ မရှိ၊ ရှာလို့လည်း မရနိုင်၊ လောင်းကစားဝိုင်းများ၊ အရက်ဆိုင်များက ထင်သလို အလျှိုအလျှို ပေါ်လာ၊ လူကြီးသူမများအပေါ် လေးစားခြင်း၊ ရဟန်းသံဃာများအပေါ် ရိုသေခြင်း၊ ရပ်ရေးရွာရေး ကိစ္စများတွင် စေတနာထက်သန်ခြင်း အစရှိသည့် ကျေးလက်၏ တန်ဖိုး မဖြတ်နိုင်သော ရိုးရာအမူအကျင့် ဓလေ့စရိုက် ကောင်းများမှာ ပျောက်ခြင်း မလှ ပျောက်ကုန်ကြရသည်။
သည်ကြားထဲ တချို့သော ကျေးလက်များတွင် ဘာသာရေး အကြောင်းပြကာ လူမျိုးအချင်းချင်း၊ ဘာသာမတူသူအချင်းချင်း စိတ်ဝမ်းကွဲစေသည့် အပြန်အလှန် မယုံသင်္ကာ ဖြစ်စေသည့် သင်တန်းများ စည်းရုံး ဟောပြောမှုများကလည်း လမ်းလွဲစ ပြုနေသည့် လူငယ်များအပေါ် လွှမ်းမိုးသည်ထက် လွှမ်းမိုးလာနေသည်။
မကြာခဏဆိုသလို မွေးကင်းစ ကလေးငယ်များ လာရောက်လွှင့်ပစ်ထားခဲ့သည့် အဖြစ်အပျက်များ၊ သက်ကြီးရွယ်အိုများကို လူသူအသွားအလာ နည်းပါးရာ နေရာများကြား လာရောက် စွန့်ပစ်ထားခဲ့မှု သတင်း များ၊ မြင်ကွင်းများကမူ မိမိတို့ မြန်မာ့လူဘောင်အဖွဲ့အစည်းကို အထင်ရှားဆုံး စိမ်ခေါ်လိုက်သည့် ကိုယ်ကျင့်သိက္ခာ ကျဆုံးမှု သတင်းများပင် ဖြစ်သည်။
လူသားအချင်းချင်း မလွဲမသွေထားရှိအပ်သည့်၊ ပျက်ကွက်ရန် ဘယ်လိုနည်းနှင့်မျှ ခွင့်မပြုနိုင်သည့် လူ့ကိုယ်ကျင့်သိက္ခာတရားမှာ ကျိုးပေါက်လာခဲ့ပြီဟု ဆိုနိုင်ပါသည်။ အင်တာနက် လူမှုကွန်ရက် စာမျက်နှာ ပေါ်တွင် အသင်းအဖွဲ့များ ပျက်စီးရခြင်းတရား ၁၃ ပါးဆိုပြီး တင်သည်ကို တွေ့ရသည်။
လူတွေ သစ္စာမရှိ၊ ကတိမတည်၊ မရိုးသား၊ မေတ္တာတရားခေါင်းပါး၊ တာဝန်မဲ့၊ အစရှိသော မိမိတို့နှင့် လက်တစ်ကမ်းအကွာတွင် ရှိသည့် အားနည်းချက်များကို ထောက်ပြထားသည်ကို ဖတ်ကြရပါသည်။ မှန်တော့မှန်ပါသည်။ ထိုအမှန်တရားမှာ တချို့တဝက်သာ မှန်သောတရား ဖြစ်သည်ဟု မြင်ပါသည်။ ယခုလို လူတွေ စိတ်ဓာတ်ကိုယ်ကျင့်တရား ပြိုကွဲကာ မိမိတို့လူ့အဖွဲ့အစည်း ယိမ်းယိုင်လာနေရခြင်း အဓိက လက်သည် တရားခံမှာ နှစ်ပေါင်းများစွာ မှားယွင်းတည်ရှိလာခဲ့သည့် တိုင်းပြည်အုပ်ချုပ်မှု စီမံခန့်ခွဲမှုစနစ်နှင့် ထိုစနစ်ကို ချမှတ်အကောင်အထည်ဖေါ်သူများသည်သာ အဓိက လက်သည်တရားခံ ဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့ လူ့အဖွဲ့အစည်း၌ ယင်း အထွေထွေ ချွတ်ခြုံကျမှု၊ ယိုယွင်းပျက်ပြားမှုများ ပပျောက်သွားဖို့ဆိုလျှင် စစ်မှန်သော ဗြဟ္မစိုရ်တရားအပေါ် အခြေခံသော ဒီမိုကရေစနစ် တစ်တိုင်းပြည်လုံး ကျင့်သုံးကြပြီး တိုင်းပြည်တာဝန်ရှိသူများသည်လည်း ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ကျင့်ကြံအုပ်ချုပ်မှသာ ယင်းအခြေအနေဆိုးများမှ လွတ်ကင်း လွတ်မြောက်နိုင်ကြမည် ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment