ပုသိမ် (မဇ္ဈိမ) ။ ။ ပုသိမ်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား အမည်မသိသူအချို့က "ချောင်းသာ၊ သဘော့ကန် မြေကိစ္စများတွင် ငွေ နှင့် ကားတစ်စီး ရယူထားသည်"ဟု စွပ်စွဲကာ မေ ၁ရက်ညက ဓာတ်တိုင်များတွင် စာလိုက်ကပ်ခဲ့သည်။
“ရှင်းတယ်လေ ရွေးကောက်ပွဲနား နီးလာလို့ ကျန်တဲ့ပါတီတွေအတွက် အကျိုးရှိရာရှိကြောင်းလုပ်တဲ့ လုပ်ရပ်ပဲ၊ စွပ်စွဲမှုတွေက မဟုတ်ဘူး။ ကျွန်တော် ရောက်တဲ့ကာလလေးမှာ ဆီဖြည့်ပြီးတော့ သွားရေး လာရေး အဆင်ပြေအောင် ခဏထားတဲ့ဟာ၊ ကျွန်တော့်ဆီမှာတောင် ထားတာမဟုတ်ဘူး”ဟု ကားတစ်စီး လာဘ်စားသည်ဟု စွပ်စွဲခံရမှုအပေါ် ပုသိမ်မြို့ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က မဇ္ဈိမမှတစ်ဆင့် ပြန်လည်ဖြေရှင်းလိုက်သည်။
ပုသိမ်မြို့အတွင်း ဓာတ်တိုင်များ၌ “ချောင်းသာ၊သဘော့ကန်မြေကိစ္စများ နှင့် ငွေသိန်း ၃၀၀၊ ဆပ်ကား ၁စီး ရယူထားသည့် အာဏာရူး ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် အလိုမရှိ” "ပြည်သူကို သံဖိနပ် နှင့် နင်းမယ်ကြံ လူထုအကျိုးမပြုပါတီဖြိုခွဲ၊ ဒေါ်စုပါ အန္တရာယ်ပေးမည့် ပုသိမ်မြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နှင့် အပေါင်းအပါ ဦးမျိုး (တိုင်းဥက္ကဋ္ဌ)၊ ဦးအေးကြူ၊ ဦးကျော်ဟိုး၊ ဦးစိုးမိုး အလိုမရှိ” ဟူသည့် စာများကို လိုက်လံကပ်ခဲ့ခြင်း ဖြစ်သည်။
ရွှေသောင်းယံမြို့ နယ်ခွဲနေ ကားပိုင်ရှင် ဦးဇော်မျိုးဝင်းက “ကျွန်တော် ကားပါ အန်ကယ်ပြန်လာရင် သွားရေးလာရေး အဆင်ပြေအောင် ထားပေးထားတယ်၊ပြီးတော့ အဓိက ကျွန်တော်တို့ ရွှေသောင်ယံကို လာစေချင်လို့ပါ၊ လမ်းက ကြမ်းတော့ ကျွန်တော့်ကားနဲ့ ဆိုတော့ ဘာပဲ ဖြစ်ဖြစ် အကြောင်းမဟုတ်တော့ဘူး။ စာမှာပါတာသလို မဟုတ်ဘူး၊ လွှတ်တော် နားလို့ ပုသိမ်မှာရှိနေရင်သုံးဖို့ ပေးထားတာပါ”ဟု မဇ္ဈိမကို ပြောသည်။
ချောင်းသာ ကျေးရွာမှ မြေသိမ်းခံရမှု နှင့် ပတ်သက်ပြီး "ပိုက်ဆံပေးရတယ်လို့ တခါမှမကြားမိဘူး၊ ရှိလည်း မရှိခဲ့ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မြေသိမ်းခံထားရသူဖြစ်တယ်" ဟု ချောင်းသာကျေးရွာမှာ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။
Credit - Mizzima News
No comments:
Post a Comment