Saturday, May 9, 2015

သတင်းလွတ်လပ်ခွင့်နှင့် မီဒီယာသမားများ၏ ကျင့်ဝတ်စံ

မြန်မာ့ သတင်းမီဒီယာ အတိုင်းအတာ တစ်ခုထိ လွတ်လပ်ခွင့် ရလာသည့်နောက် အခွင့်အရေးများနှင့် စိမ်ခေါ်မှုများ တွဲလျက်ပင် ပါလာသည်ကို တွေ့ရပေ သည်။

အခွင့်အရေးများသည် မည်သည့် အရာများပေနည်း။ ဆင်ဆာမရှိတော့သဖြင့် ရေးသားဖေါ်ပြလိုသည့် အကြောင်းအရာကို ခွင့်ပြုမည်လား ခွင့်မပြုဘူးလားဆို သည့်အချက်ကို ထည့်သွင်းစဉ်းစားစရာ မလိုဘဲမေးမြန်းသိရှိရသည့် အချက်အလက်များကို ပရိသတ်အား သိရှိရသည့်အတိုင်း တင်ပြနိုင်ခြင်းသည် ယခုနှစ်ပိုင်း ရရှိလာသည့် အခွင့်အရေးတစ်ရပ် ဖြစ်ပေသည်။

တဖန် သတင်းအချက်အလက် ရယူရေး အပိုင်းများတွင် ယခင်တုန်းက ထိတွေ့ခွင့် မရခဲ့သည့် အကြောင်းအရာများကို ယခုအခါ ရေးသားခွင့်ရနေပြီး ယခင် ကမေးမြန်းရန် ခက်ခဲခဲ့သည့် ကိစ္စရပ်များ၊ ပုဂ္ဂိုလ်များကိုလည်း ယခုအခါ မေးမြန်းနိုင်သည့် အခြေအနေမျိုး တိုးတက်လာသည်ကို တွေ့ရပေသည်။

ယင်းသို့သော အခြေအနေများသည် တိုးတက်မှုများဟု ဆိုရပေမည်။ ထိုသို့ဆိုလျှင် ယခုအခါ သတင်းလွတ်လပ်ခွင့်အတွက် ကြိုးပမ်းရန် မလိုတော့ပြီလော ဟု မေးစရာ ရှိပေသည်။

ပြောစရာ မလိုလောက်အောင် လိုအပ်သေးသည်ဟု ဖြေရပေမည်။ လက်ရှိရနေသည့် အချို့သော အခွင့်အရေးများသည် ဥပဒေအရ အာမခံထားသည့် အခွင့် အရေးများမဟုတ်သေးသည့် အဖြစ်၊ ရပိုင်ခွင့်ကိုစာရွက်ပေါ်တွင် အာမပင်ခံငြားသော်လည်း လက်တွေ့နယ်ပယ်တွင် သုံးခွင့်မရသေးသည့် အဖြစ်များကလည်း ကျွန်တော်တို့၏ သတင်း မီဒီယာနယ်ပယ်တွင် အများအပြားရှိနေသေး၍ ဖြစ်ပေသည်။

သက်ဆိုင်ရာဝန်ကြီးဌာနများရှိ သတင်းပြန်ကြားရန် တာဝန်ပေးထားသူများက သတင်းမေးသည့်အခါ ဖုန်းမကိုင်ခြင်း၊ မအားဟု အကြောင်းပြခြင်း ၊ဖြေကြားနိုင် လျက်နှင့် မဖြေကြားနိုင်သေးကြောင်း ငြင်းပယ်ခြင်းများလည်း ယနေ့တိုင် ရှိနေဆဲကြောင့် ဖြစ်ပေသည်။

အထက်တွင် ဖေါ်ပြထားသကဲ့သို့ ရလာသည့် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အသုံးချမည့် ကျွန်တော်တို့ကိုယ်၌က တာဝန်ယူမှုရှိစွာ ရေးသားနိုင်ပေပြီလား။ အကြောင်းအရာများကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာထားကြပါပြီလား။ ကျင့်ဝတ်ဆိုင်ရာ စံချိန်စံညွှန်းများကို ဂဃနဏ သိရှိကျေညက်ကြပါပြီလားဆိုသည် ကိုလည်း သတင်းမီဒီယာသမားများက မေးမြန်းဖြည့်ဆည်းဖို့ လိုအပ်နေပေသည်။

ယခုနောက်ပိုင်း ကျွန်တော်တို့ သတင်းမီဒီယာ သမားများမှာ ယခင်က မကိုင်တွယ်ခဲ့ဖူးသည့် ပဋိပက္ခသတင်းများ၊ စစ်ပွဲသတင်းများ၊ အဓိကရုဏ်း သတင်းများ ကိုဖြစ်ပျက်သည့်နေရာတွင် သော်လည်းကောင်း၊ ဆက်သွယ်မေးမြန်း၍ သော်လည်းကောင်း ရေးသားလျှက် ရှိကြသည်။

လတ်တလော ဖြစ်ပျက်နေသည့် ကိုးကန့်တိုက်ပွဲကို ဥပမာဖြစ် ကြည့်လျှင် မြေပြင်ပေါ်တွင် တိုက်ခိုက်နေကြသည့် စစ်ပွဲအပြင် ယင်းမြေပြင်စစ်ပွဲကို အကျိုး သက်ရောက်စေနိုင်သည့် မီဒီယာပေါ်တွင် တိုက်နေကြသည့် စစ်ပွဲ တနည်းအားဖြင့် ၀ါဒဖြန့်စစ်ပွဲကလည်း အရှိန်ကြီးမားလှသည်ကို တွေ့ရပေမည်။

နှစ်ဘက်စလုံးက ၀ါဒဖြန့်စစ်ပွဲကို ဆင်နွှဲလျက် ရှိနေကြသည်ကိုလည်းတွေ့မြင်နေရသည်။ ပို၍ လုပ်တတ်သူက ပိုပြီး အမှတ်ရနိုင်သဖြင့် ၀ါဒဖြန့်စစ်ပွဲကပြင်းထန် လှသည်။ပြောလိုသည်မှာ ကျွန်တော်တို့ သတင်းမီဒီယာများသည် ယင်းဝါဒဖြန့်ချိရေး စစ်ပွဲအတွင်းအသုံးချမခံရအောင် ကျင့်ဝတ်စံများကို သေချာစွာ နားလည် ပြီး သတိကြီးစွာထား၍လည်း သတင်းဖော်ပြကြဖို့ လိုအပ်ပေသည်။

ဘက်မလိုက်ခြင်း၊ တိကျခြင်း၊ မျှတခြင်း၊ အများ အကျိုးစီးပွားကိုသာ ဦးထိပ်ထားခြင် တို့သည် ကျင့်ဝတ်၏ အရေးကြီးဆုံး စံများဖြစ်ပေသည်။ ဆိုလိုသည်မှာ ရလာသည့် လွတ်လပ်ခွင့်များကို အသုံးချနေစဉ် ရသင့်သည့် အခွင့်အရေးများလည်း ရဖို့ ဆက်လက် တောင်းဆိုသွားဖို့ လိုအပ်သကဲ့သို့ မိမိတို့ဘက်မှလည်း ၀မ်းစာပြည့်အောင်၊ မိမိတို့ အလုပ်၏ စံချိန်စံညွှန်းများ မြင့်မားဖို့ လိုကြောင်း မဇ္ဈိမ က ထောက်ပြရေးသား လိုက်ရပေသည်။


Credit - Mizzima News

No comments:

Post a Comment