Friday, May 8, 2015

လက်ပံတန်း ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံပြည်သူများအမှုအတွက် ၀န်ကြီးဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ၈၈ မျိုးဆက်ကျောင်းသားများအား သက်သေအဖြစ် ထည့်သွင်းမည်

ရန်ကုန်၊ မေ ၆

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ်မှုကြောင့် မတ်လ ၁၀ ရက်က လက်ပံတန်း မြို့တွင် အကြမ်းဖက် ဖြိုခွင်းခံရကာ တရားစွဲဆိုခံထားရသည့် ကျောင်းသား ကျောင်းသူများနှင့် ၀န်းရံ ပြည်သူ များ၏ အမှုနှင့်ပတ်သက်၍ တရားခံများဘက်မှ တင်သွင်းရန် လျာထားသည့် သက်သေများ စာရင်းတွင် သမ္မတရုံး ၀န်ကြီးများ ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းတို့အပြင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ ပါဝင်ကြောင်း တရားခံများဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မေလ ၅ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံကျောင်းသားနှင့် ၀န်းရံပြည်သူ စုစုပေါင်း ၆၉ ဦးအား လက်ပံတန်းမြို့နယ်ရဲမှူး ဖုန်းမြင့်က တရားလိုပြုလုပ်ကာ ပုဒ်မ ၅ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အမှုနှင့် ပတ်သက်၍ စွဲချက်တင်ခြင်း ပြုလုပ် ပြီးပါက လက်ရှိလျာထားသည့် သက်သေစာရင်းကို တရားရုံးသို့ တင်ပြသွားမည်ဖြစ်သည်။

““ယာယီ လျာထားတာကတော့ ဒေါ်ညိုညိုသင်း၊ ဒေါက်တာသိန်းလွင်၊ (ဦး)မင်းကိုနိုင်၊ (ဦး)ကိုကိုကြီး၊ ဦးမြအေး၊ ဦးဇော်မင်း၊ (မ)နီလာသိန်း၊ မမီးမီး၊ သမ္မတရုံး (၀န်ကြီး) ဦးအောင်မင်း၊ ဦးစိုးသိန်းဆက်နွှယ်ပြီး ၄ပွင့်ဆိုင် ဆွေးနွေးပွဲ က ပါဝင်တဲ့ ပုဂ္ဂိုလ်အားလုံးကို တရားခံပြ သက်သေအဖြစ် ထည့်သွင်းဖို့ ကျွန်တော့် အနေနဲ့ စဉ်းစားထားပါတယ်”” ဟု တရားခံများ၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က မြန်မာသံတော်ဆင့် သို့ ပြောသည်။

အဆိုပါအမှုအတွက် တရားလိုဖြစ်သူ ရဲမှူးဖုန်းမြင့်ဘက်မှ တရားလိုပြသက်သေ ၄၃ ဦး စာရင်းကို တရားစွဲဆိုစဉ် ကတည်းက တင်သွင်းပြီးဖြစ်ကာ ၃၀ ဦးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်သည်။

““တရားလိုစာရင်းကို တရားစွဲဆိုကတည်းက တင်လိုက်တာပါ။ ကျောင်းသားတွေဘက်က စစ်တဲ့အခါ၊ ခံ-ပြ စစ်တဲ့အခါပါလာမယ်။ ကျွန်တော်တို့က တရားစွဲတဲ့အတွက် သက်သေထည့်တာ။ တရားလိုပြစစ် မယ်၊ လျှောက်လဲချက် ပေး မယ်။ နောက်ပိုင်း စွဲချက် တင်သင့်၊ မတင်သင့် လာလိမ့်မယ်။ ကျောင်း သားတွေ ဘက်ကလည်း ဒီဟာနဲ့ ပတ်သက်ပြီး ခံ-ပြ သက်သေတွေ လာလိမ့်မယ်။အဲဒီနှစ်ခုကိုကြည့်ပြီး တရားရုံးက ဆုံးဖြတ်မှာပါ။ ပြဿနာကတော့ ဖြစ်သွားပြီးပြီ။ ပြဿနာ မဖြစ်ခင် ညှိနှိုင်းတာက တောက်လျှောက် ညှိနှိုင်းနေရင်းကနေ ၀ုန်းဝုန်း ဖြစ်ကုန်ကြတာ။ အခုထိတော့ တရားလိုဘက်က သက်သေတွေ လည်းမစစ်သေးဘူး။ အားလုံးကတော့ တရားရုံးကနေပဲ သွားမှာပါ”” ဟုတရားလိုဖြစ်သူ လက်ပံတန်းမြို့နယ် ရဲစခန်းမှ ရဲမှူးဖုန်းမြင့်က မေလ ၅ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခုကဲ့သို့ ကျောင်းသားနှင့် ၀န်းရံပြည်သူများ တရားစွဲဆိုခံရမှုနှင့် ပတ်သက်၍ ရုံးချိန်း ၆ ချိန်း စစ်ဆေးပြီး ဖြစ်ကာ ၇ ကြိမ်မြောက် ရုံးချိန်းကို မေလ ၁၂ ရက်နှင့် ၁၄ ရက်တို့တွင် ဆက်လက် စစ်ဆေးသွားမည် ဖြစ်သည်။

““မေလ ၁၂ ရက်နေ့ ရုံးချိန်းမှာ တရားလို စစ်ဖြစ်မလားတော့ မသိဘူး။ အခု သူတို့က တရားခံပြေးအမှုကို ဆက် ဆောင်ရွက်နေလို့ပါ။ သက်သေအနေနဲ့ NNER အဖွဲ့လည်း ဆောင်ရွက်နေပါတယ်”” ဟု ဖမ်းဆီးခံ ကျောင်း သား ခေါင်းဆောင် ကိုနန္ဒာစစ်အောင်၏ ဖခင်လည်းဖြစ်၊ အမှုကိုလိုက်ပါဆောင် ရွက်နေသူလည်းဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဌေးကဆိုသည်။

တရားခံများဘက်မှ တင်သွင်းရန် ထပ်မံလျာထားသည့် သက်သေများ စာရင်းတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာမ မိချမ်းဝေ အပါအ၀င် အယောက် ၅၀ ခန့် တင်သွင်းရန် စီစဉ်ထားပြီး ယင်းဖြိုခွင်းမှု ဖြစ်စဉ်တွင် မှတ်တမ်းရယူနေသည့် သတင်းမီဒီယာသမား များကိုလည်း သက်သေစာရင်းတွင် ထည့်သွင်းနိုင်ရန် လျာထားသည်။

““မီဒီယာသမား၊ ဓာတ်ပုံရိုက်တဲ့ မီဒီယာသမား အကုန်လုံးကို ထည့်မှာပါ။ မီဒီယာသမားပါမှ ဥပဒေက အမှန်နဲ့ နီးစပ်မှာ။ ဒီလိုအကြမ်းဖက် နှိမ်နင်းမှုနဲ့ ပတ်သက်ရင် သတင်းသမားတွေရဲ့ မျက်မြင်ကိုယ်တွေ့ ထွက်ဆိုခြင်းက အင်မတန်မှ တန်ဖိုးရှိတယ်။ သံဃာတော်တွေကိုလည်း သက်သေအဖြစ် တင်သွင်းဖို့ အစီအစဉ်ရှိပါတယ်””ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားခံများဘက်မှ သက်သေစာရင်း တင်သွင်းရန် လျာထားသည့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှာ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရန်အတွက် ၄ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု မစတင်မီ အကြိုသဘော တူညီချက် ၉ ချက်ကို သဘောတူ လက်ခံခဲ့သူ တစ်ဦးတွင် ပါဝင်သူတစ်ဦးဖြစ်သည်။

ယင်းအကြို သဘောတူညီချက် ၉ ချက်တွင် ကျောင်းသားသပိတ်၌ ပါဝင်သူများနှင့် ၀န်းရံပြည်သူများကို အရေးယူမှု မပြုလုပ်ပါဟူသည့် သဘောတူညီချက်ပါရှိသည်။ ယင်းသဘောတူညီချက်များ ချမှတ်ပြီးမှသာလျှင် ၄ ပွင့်ဆိုင် တွေ့ဆုံမှုများ ဆက်လက် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် လက်ပံတန်းမြို့တွင် သပိတ်တိုက်ပွဲ ဆင်နွှဲနေသည့် ကျောင်းသားများအရေးနှင့် ပတ်သက်၍ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကိုယ်တိုင်က အဆိုပါ ကိစ္စတွင် ကြားဝင် ညှိနှိုင်း ပေးလိုကြောင်း မတ်လ ၈ ရက်က ၀န်ကြီးဦးအောင်မင်း၏ နေအိမ်၌ ၀န်ကြီးအား ပြောကြား ခဲ့ဖူးသော်လည်း မတ်လ ၉ ရက်တွင် ဦးအောင်မင်းဘက်မှ အားလုံးစီစဉ်ပြီးဖြစ်၍ ကြားညပ်လိမ့်မည်ဟု အကြောင်းပြန် ခဲ့ကြောင်း လည်း ယင်းတွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မြန်မာသံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားဖူးသည်။

““ကျောင်းသားသမဂ္ဂအဖွဲ့က ဖြစ်နေတဲ့အတွက် ဥပဒေအရ ကျောင်းသား သမဂ္ဂ အဖွဲ့တွေရဲ့ ဆောင်ရွက်ချက်အတိုင်း ခုခံချေပသွားမှာပါ။ သူတို့ ဆောင်ရွက်စေချင်တဲ့အတိုင်း အကြမ်းဖျင်း ညွှန်ကြား ထားတာတွေ ရှိပါတယ်။ ကျောင်းသားသမိုင်းကို သွားမထိဖို့ လိုပါတယ်။ သတင်းစာ၊ ဂျာနယ်တွေမှာပါတဲ့ အချက်အလက်၊ အကြောင်းအရာတွေကိုလည်း စုဆောင်း ထားပြီးပါပြီ။ ကျောင်းသား တွေက ၄ ပွင့်ဆိုင် တွေ့ဆုံမှုအတိုင်း ကြိုးစားခဲ့တာပါ။ နိုင်ငံတော် အပိုင်းကတော့ မတ် ၁၀ ရက်နေ့ မတိုင်ခင် ကတည်းက အရေးယူဖို့ ဆောင်ရွက်ထားတယ်ဆိုတဲ့ အထောက် အထားတွေလည်း ရှိပါတယ်””ဟု တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောသည်။

သူရိန်ကျော်

● အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ၌ တွေ့ရသည့် ၀န်ကြီးဦးအောင်မင်း။ (Photo by BBC Burmese)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment