Friday, May 8, 2015

ကေအိုင်အေ နှင့် အစိုးရတို့ သုံးရက်မြောက် တိုက်ပွဲ ပြင်းထန်နေ

ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တို့အကြား ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း သုံးရက်မြောက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟု KIO က ပြောသည်။

မေ ၈ရက် နံနက် ၄ နာရီ ၁၅ ခန့်မှ ၁၁ နာရီချိန်ထိ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေ မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာအနီး နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားနေပြီး အစိုးရ စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် ပြန်လည် ပစ်ခတ်မည်ဟူသော သတင်းများ ထွက်ပေါ်နေသဖြင့် စောင့်ကြည့်နေသည်ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

“ဒီမနက် ၄ နာရီ ၁၅ မိနစ်ကနေ စဖြစ်တယ်။ ဒီမနက် ကျွန်တော်တို့ နမ်လင်းပါရွာထဲ သွားနေတာကို အစိုးရ စစ်တပ်က အရင် ပစ်ခတ်လို့ အပြန်အလှန် ပစ်ကြတယ်။ အစိုးရစစ်တပ်က နမ်လင်းပါကနေ မော်တာတွေနဲ့ ပစ်တယ်။ လေယာဉ်တော့မလာသေးဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

၎င်းက ဆက်လက်၍ “တိုက်ပွဲက ခုထိ (ညနေ ၅ နာရီ)ချိန်ထိ တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲက ပြင်းထန်တယ်။ ကျွန်တော်တို့ဘက်က နှစ်ယောက် သုံးယောက် ဒဏ်ရာရတယ်၊ အစိုးရဘက်ကတော့ မသိသေးဘူး”ဟု ပြောသည်။

မေလ ၇ ရက် မွန်းလွဲပိုင်းတွင်လည်း အစိုးရ စစ်တပ် တိုက်လေယာဉ် နှစ်စီးဖြင့် နာရီဝက်ခန့်ကြာ ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ကချင်ပြည်နယ် ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ချစ်ဦးကလည်း တိုက်ပွဲ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ မေ ၇ရက် မဇ္ဈိမအား အတည်ပြု ပြောဆိုထားသည်။

မေလ ၆ ရက်က KIA တပ်ရင်း ၁၂ နယ်မြေသို့ အစိုးရ စစ်တပ်ရင်း ၃ ရင်းခန့် ဝင်ရောက်လာသဖြင့် ရင်ဆိုင်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယနေ့ မေလ ၈ ရက် နံနက်ပိုင်းတွင် ဗန်းမော်ဘက်မှ စစ်ကား ၂ စီးဖြင့် အင်အား ထပ်မံ ဖြည့်တင်းမှုများ ရှိနေသဖြင့် လက်ရှိ အဆိုပါ ဒေသအတွင်း အစိုးရ၏ တပ်ရင်း ၇ ရင်းခန့်ဖြင့် ထိုးစစ်ဆင်နေသည်ဟု ဗိုလ်မှူ ဂျွန်းအောင်က ပြောသည်။

ကချင်ပြည်နယ် ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ချစ်ဦးကလည်း မန်စီမြို့၏ အနောက်ဘက် ၃၁မိုင်တွင် အစိုးရ တပ်ရင်း ၁၄၂ နှင့် ကေအိုင်အေ တပ်ရင်း ၁၂တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မဇ္ဈိမကို မေ ၇ရက်က အတည်ပြု ပြောဆိုထားသည်။

တိုက်ပွဲ ဖြစ်ပွားရသည့်အကြောင်းအရင်းကို အစိုးရ ပဋိပက္ခ ညှိနိုင်းဖြေရှင်းရေးအဖွဲ့ထံ မေလ ၆ ရက်က အကြောင်းကြားထားပြီး ဖြစ်သော်လည်း အကြောင်းပြန်ကြားချက် မရသေးဟု ကေအိုင်အေဘက်က ပြောသည်။ KIO နှင့် အစိုးရ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့များသည် လာမည့် ဇွန်လ ပထမပတ်တွင် ပြန်လည် တွေ့ဆုံဆွေးနွေးရန် သဘောတူထားသည်။


Credit - Mizzima News

No comments:

Post a Comment