Sunday, May 3, 2015

ခွပ်ဒေါင်းငှက်တို့ အရှိန်အဟုန်နှင့် ဦးတည်ရာကိုပျံသန်းကြသည့်အခါ – မဟာနွယ်

 ကျောင်းသားထုကြားထဲမှာ အကွဲအပြဲတွေ ရှိလာတဲ့အခါ အာဏာရအစိုးရရဲ့ သပ်လျှိုသွေးခွဲမှုဟာ တိုက်ရိုက် (သို့) သွယ်ဝိုက် ပတ်သက်နေတတ်ပါတယ်။ ဒါဟာ သမိုင်းတစ်လျှောက်လုံးရဲ့ အကွဲအပြဲဆိုင်ရာ မှတ်ချက်ပါ … တချို့အခြေအနေမှာတော့ လူပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့ရဲ့သြဇာ ထူထောင်မှုနဲ့ နှောင်ကြိုးတချို့ကြောင့် ညီညွတ်ရေး ပြိုကွဲရတာမျိုး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

““ငှက်တစ်အုပ် ပျံသန်းတဲ့အခါဦးတည်ရာ တစ်ဖက်တည်းကို ညီညီညာညာ အတွဲလိုက် ပျံသန်းလေ့ရှိကြတယ်။ သာမန်အခြေအနေမှာ ပျံသန်းရာဘက်လည်းတူ ပျံသန်းနေတဲ့ အရှိန်အဟုန်လည်းညီတဲ့ ငှက်အုပ်ကြီးကို ကြောက် လန့်တကြား ဖြစ်အောင် တစ်ခုခု ပစ်ထည့်လိုက်တာမျိုး၊ ကျယ်လောင်တဲ့အသံနဲ့ ခြိမ်းခြောက်လိုက်တာ မျိုးတွေ တစ်စုံတစ်ယောက် လုပ်ခဲ့ရင်တော့ အဲဒီ
ငှက်အုပ်ကြီးဟာ အရှေ့အနောက် တောင်မြောက်ကစဥ့် ကလျားပျံရင်း အုပ်စုကွဲသွားတတ်ကြပါတယ်၊ အခုလည်းကျွန်တော် တို့ ကျောင်းသားတွေကြားမှာ တလုံး တစည်းတဲ့ ခိုင်မာတဲ့ ညီညွတ်ရေးမျိုးမရှိဘဲ ဘက်အသီးသီးမှ မျက်နှာမူ ပျံနေတယ်ဆို တာကို တွေ့မြင်နေရ …””

(ကျော်ကိုကို) ဥက္ကဋ္ဌ၊ ဗ.က.သများအဖွဲ့ချုပ်

ကိုလိုနီခေတ် ကျောင်းသားသမဂ္ဂသမိုင်းတွင် မညီညွတ်မှု၏ အဓိကတရားခံသည် နယ်ချဲ့ကြောင့်ဖြစ်သည်။ နယ်ချဲ့အလိုတော်ရိ ကျောင်းသားများက တကသ၏ အစောပိုင်း သက်တမ်းများတွင် တော်တော်လူတွင် ကျယ် လုပ်ခဲ့ကြသည်။ ယင်းသို့သော အခြေအနေဆိုးအောက်တွင် မျိုးချစ်စိတ်ပြင်းပြပြီး လွတ်လပ်ရေးလိုချင် သည့် ကျောင်းသားများအား အလိုတော်ရိ ကျောင်းသား သမဂ္ဂခေါင်းဆောင်က ပါးရိုက်ခဲ့သည်အထိ စော်ကားခဲ့ သည်။ ယင်းသည် ကျောင်းသားထုအတွင်း မညီညွတ်ခြင်း ၏ ပြယုဂ်ဖြစ်သည်။ ကျောင်းသားညီညွတ်ရေးကို အခိုင်အမာ တည်ဆောက်ဖို့လိုသည်။…

၁၉၃၀ ပြည်နှစ်၊ စက်တင်ဘာ ၂၀တွင် ရန်ကုန်တက္ကသိုလ် အားကစားရုံ၌ ကျင်းပသည့် ကျောင်းသားထုအစည်း အဝေးက တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရန်ဆုံးဖြတ်ပြီး အဖွဲ့ဝင်၁၂ဦးပါဝင် သောသမဂ္ဂ စည်းမျဉ်း ရေး ဆွဲရေး ကော်မတီကို ဖွဲ့စည်းလိုက်သည် ထိုကော်မတီက ရေးဆွဲသည့် သမဂ္ဂစည်းမျဉ်း ဥပဒေကို ၁၉၃၁ ခုနှစ်တွင် ကျင်းပသည့် ကျောင်းသားထု အစည်းအဝေးက လက်ခံအတည်ပြုလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ကိုကျော်ခင်၊ အတွင်းရေး မှူးအဖြစ် ကိုရာရှစ်တို့ ဦးဆောင်သော သမဂ္ဂအမှုဆောင် ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းအားဖြင့် တက္ကသိုလ် ကျောင်း သားများသမဂ္ဂ (တကသ)ဟူ၍ တရားဝင် ပေါ်ပေါက်လာခဲ့သည်။

ဤသည်မှာ ကိုလိုနီခေတ်ကျောင်းသားထု ညီညွတ်ရေး၏ ထင်ရှားသည့် သာဓကများပင်။ တက္ကသိုလ်ကျောင်း သားများသမဂ္ဂ၏ ဥက္ကဋ္ဌနေရာအတွက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ၁၉၃၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည်။ မူလဥက္ကဋ္ဌနေရာအတွက် ကိုဗစိန်က ကိုထွန်းစိန်ကို အဆိုတင်သွင်းခဲ့သည်။ သို့သော်နောက် ပိုင်းတွင် ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဒီဂျေစလော့စ်၏ အလိုတော်ရိများက ကိုထွန်းစိန်နှင့် ယှဉ်ပြိုင်ရန် ကိုအိန်ကို ဥက္ကဋ္ဌ နေရာအတွက် အဆိုထပ်မံ တင်သွင်းခဲ့သည်။ ကိုလိုနီခေတ် ကျောင်းသားသမဂ္ဂ သမိုင်းမှာ မညီညွတ်ခြင်း၏ အဓိကတရားခံသည် နယ်ချဲ့နှင့် သင်းတို့၏ လက်ပါးစေများကြောင့်သာဖြစ်သည်။

တကသတွင် ၁၉၃၅-၃၆ ပညာသင်နှစ်၌ မျိုးချစ်စိတ်ရှိသည့် ကျောင်းသားများက အမှုဆောင်အဖွဲ့ ၀င်ဖြစ်လာ ခဲ့ကြသည်။ ထိုနှစ်တွင် တကသ အမှုဆောင်အဖြစ် ရွေးချယ်ခံရသူများမှာ ဥက္ကဋ္ဌကိုနု၊ ဒုတိယ ဥက္ကဋ္ဌ ဦးရာရှစ်၊ ငွေထိန်းကိုအုန်းနှင့် အမှုဆောင်အဖွဲ့ဝင် ၆ဦးမှာ ကိုအောင်ဆန်း၊ ကိုသီဟန်၊ ကိုထွန်းတင်၊ ကိုဘဆက်၊ ကိုထွန်းအုံနှင့် ကိုသာလှတို့ ဖြစ်ကြသည် တကသ အမှုဆောင်အဖွဲ့ဝင် ကိုအောင်ဆန်းသည် ထိုပညာသင်နှစ် တွင် ပြန်ကြားရေးဌာနတာဝန်ခံနှင့် အိုဝေမဂ္ဂဇင်းတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းပြီးနောက် ၁၉၃၆ ခုနှစ်တွင် ဒုတိယ တက္ကသိုလ်ကျောင်းသား သပိတ် ပေါ်ပေါက်ခဲ့သည်။ မူလအကြောင်းရင်းမှာ ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌကိုနုအား တက္ကသိုလ်အုပ်ချုပ်ပုံ မကောင်းကြောင်း ဝေဖန်မှုဖြင့် ကျောင်းအုပ်ကြီး မစ္စတာစလော့စ်က ကျောင်းမှ နှင်ထုတ်လိုက်သည့် အကြောင်း ကြောင့်ဖြစ်သည်။

၁၉၃၆-၃၇ တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်လာသူမှာ ကိုရာရှစ်ဖြစ်ပြီး အတွင်းရေးမှူးမှာ ကိုညွန့်ဖြစ်သည်။ ကိုရာ ရှစ်သည် အနုနည်းနှင့် တိုက်ပွဲဝင်လိုသူ ဥပဒေဘောင်အတွင်း အလုပ်လုပ်ချင်သူ ဖြစ်သဖြင့် တက်ကြွစွာ လှုပ် ရှားလိုသည့် လူငယ်များက နှစ်သက်ခြင်း မရှိကြ။ ဦးရာရှစ်သည် ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ အသင်း ဥက္ကဋ္ဌအဖြစ်လည်း ရယူထားရာ ကျောင်းသားအများစုက ရာထူးနှစ်ခုစလုံး ရယူထားခြင်းအပေါ်ကျေနပ်မှု မရှိကြ ချေ။

၁၉၃၇ ခုနှစ် တက္ကသိုလ်ကျောင်းများ ပြန်ဖွင့်သည့်အခါကို အောင်ဆန်းသည် ပုသိမ်တွင် ကျင်းပသည့် ကျောင်း သားများ ညီလာခံမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ သို့သော် ကျောင်းသား များထဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနှင့် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ၂ခုစလုံးတွင် တစ်ဦးတည်းက ဥက္ကဋ္ဌလုပ်သင့် မလုပ်သင့်ဆိုသည့် အချက်ကို ထည့်သွင်း စဉ်းစားကာ မလုပ်သင့်ဟု ယူဆ သူတို့က အများစုဖြစ်နေသည်။ ထို့ကြောင့် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနေရာကို အခြားသူတစ်ဦးအား လွှဲပေးရန် ကိုအောင်ဆန်းအား ပြောကြားသည့်အခါ အုပ်စုနှင့် တိုက်သည်ဟု ယူဆကာ ဒေါသူပုန်ထခဲ့ သေး သည်ဟုဆိုသည်။ နောက်ပိုင်းတွင် ကိုအောင်ဆန်းက သဘောပေါက် လက်ခံလိုက်သဖြင့် ကိုဘဂျမ်း ဥက္ကဋ္ဌဖြစ် လာခဲ့သည်။

ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသား သပိတ်မှောက်နေစဉ် ကာလအတွင်း ကျောင်းသားများနှင့် တို့ဗမာ အစည်းအရုံးသည် ပိုမိုရင်းနှီးလာခဲ့သည်။ တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်လာသူမှာ ရန်ကုန်တက္က သိုလ်တွင် ဘာသာပြန်နည်းပြလုပ်နေသည့် ကိုဘသောင်းဖြစ်သည်။ တို့ဗမာအစည်းအရုံး တည်ထောင်သူ သခင်ဘသောင်းနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများဖြစ်သော ကိုလေးမောင်၊ ကိုဗစိန် နှင့်ကိုသိန်းဖေ တို့သည် ခင်မင်းရင်းနှီးခဲ့ကြသည်။ ကိုလေးမောင်နှင့် ကိုဗစိန်တို့သည် ရန်ကုန်တက္ကသိုလ်မှ ထွက်ခဲ့ကြပြီးနောက် တို့ဗမာအစည်းအရုံး၏ ရှေ့တန်းခေါင်းဆောင် များအဖြစ် ဆောင်ရွက်ကြသည် ကိုသိန်းဖေသည်လည်း ရန်ကုန် တက္ကသိုလ်မှ ထွက်လာပြီးနောက် တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦး ဖြစ်လာခဲ့သည်။

သခင်ကိုယ်တော်မှိုင်းအား တက္ကသိုလ်ကျောင်းသားများက တို့ဗမာအစည်းအရုံး ဗဟိုအမှုဆောင်အဖွဲ့၌ တိုက် ရိုက်လက်ခံသည်။ သခင်ဗစိန်တို့က ယင်းသို့ တိုက်ရိုက်လက်ခံသည်ကို မနှစ်သက်ကြချေ၊ သာမန်အမှုဆောင်မှ တစ်ဆင့်သာ ဗဟိုအမှုဆောင်အဖြစ်သို့ ခန့်အပ်လိုကြသည် အထူးသဖြင့် တို့ဗမာအစည်းအရုံးအတွင်း သို့ကိုနု၊ ကိုသိန်းဖေစသော တက္ကသိုလ်မှ နိုင်ငံရေး ကျောင်းသားခေါင်းဆောင် များ ရောက်ရှိလာခြင်းသည် တို့ဗမာ အစည်းရုံး၏ စည်းရုံးရေးပြိုကွဲရန် အစပြုခြင်းဖြစ်သည် ဟုဆိုကြသည်။ တို့ဗမာအစည်းအရုံးစတင် ဖွဲ့စည်းစ ဆင်းရဲပင်ပန်းစွာလုပ် ကိုင်ကြစဉ်က လှည့်၍မျှ မကြည့်ခဲ့သူများက တို့ဗမာ အစည်းအရုံးလူထုအကြား ထဲထဲ ၀င်ဝင်ဖြစ်လာသည့်အခါ နေရာဝင်ယူ သည်ဟု တို့ဗမာ အစည်းအရုံးဝင်အချို့က ယူဆကြသည်။

၁၉၃၈ ခုနှစ် ရန်ကုန်တက္ကသိုလ်အပါအ၀င် မြန်မာနိုင်ငံကျောင်းသားတို့၏ အထွေထွေသပိတ်သည် နိုင်ငံရေး သပိတ် အသွင်ဆောင်ကာ ၁၃၀၀ ပြည့် အရေးတော်ပုံကို အထောက်အကူပြုသည့် ကျောင်းသားတို့၏ အမျိုး သားရေး လှုပ်ရှားမှုကြီးဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် အမျိုးလှုပ်ရှားမှုများ ကြီးမားကျယ်ပြန့်လာစဉ် ဒေါက်တာ ဘမော်ညွန့်ပေါင်းအစိုးရ ဥပဒေပြု လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုတင်သွင်း ခံရပြီး ပြုတ်ကျ ခဲ့သည်။ စစ်ပြီးခေတ် ၁၉၄၅-၁၉၄၉ ခုနှစ် အထိ ၅ နှစ်တာကာလအတွင်း ဗကသဌာနချုပ်တွင် အလုပ်အမှု ဆောင် ၅ ဆက်နှင့် ဥက္ကဋ္ဌ ၆ဦး ရှိခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း တက္ကသိုလ်ကျောင်းသားများ သမဂ္ဂသည် ကျောင်းသားအရေး ပညာရေးနှင့် အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုဘောင်ကို ကျော်လွန်၍ ပါတီနိုင်ငံရေးလှုပ်ရှားမှုအသွင် သို့ ပြောင်းလာခဲ့သည်။ အယူအဆရေးရာ ကွဲပြားမှုကြောင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂအတွင်း အုပ်စုများလည်း ကွဲပြား လာသည်။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂရွေးကောက်ပွဲများမှာလည်း ယခင်ကကဲ့သို့ ပုဂ်္ဂိုလ်ကို မဲပေးရွေး ချယ်ခြင်း မဟုတ်တော့ပေ၊ ပါတီနိုင်ငံရေးဆန့်ကျင်သည် ဆိုသူများက သန့်ရှင်းသော ကျောင်းသားအုပ်စု တိုးတက်သော နိုင်ငံရေးသဘောတရား လက်ခံသည်ဆိုသူများက တိုးတက်သော ကျောင်းသားအင်အားစုဟူ၍ အင်အားစုလိုက် အမည်ခံကာယှဉ်ပြိုင် အရွေးခံကြသည် ထို့ကြောင့် သန့်ရှင်း အုပ်စုပေါ်လာပြီးနောက် ကျောင်း သားအဖွဲ့အစည်းပေါင်း ၂၁ ဖွဲ့ ပေါ်ပေါက်လာခဲ့သည်။

စစ်ကြိုခေတ်တွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌများကို အတိုက်အခံမရှိ အပြိုင်အဆိုင်မရှိ ရွေးချယ် တင်မြှောက်နိုင်ခဲ့ကြသည်က များသည်။ လွတ်လပ်ရေးခေတ်တွင် ကျောင်းသား အဖွဲ့အစည်းများ ပြားလာ သည် နှင့်အမျှ အတိုက်အခံ အပြိုင်အဆိုင်များလာပြီး အယုံအကြည်မရှိအဆို တင်သွင်း၍ ဖြုတ်ချမှုများလည်း အစဉ် အလာတစ်ရပ် ဖြစ်လာသည်။ ကျောင်းသားအဖွဲ့အစည်းများက တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ သည် နိုင်ငံ ရေးပါတီ များက ကြိုးဆွဲရာကရသော ရုပ်သေးရုပ်မဖြစ်စေရဟု ကြေညာချက် ထုတ်ပြန်ကြသော်လည်း ယင်း ခေါင်းဆောင်များသည် နိုင်ငံရေးပါတီများနှင့် အဆက်အသွယ် ရှိကြသည်သာများ၏။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ၁၉၅၅ ခုနှစ်တွင် တောင်းဆိုချက်များ ထုတ်ပြန်ခဲ့သည်။ ယင်း တောင်းဆိုချက်များတွင် ပညာသင်ကြားရေးတောင်းဆိုချက်၊ သက်သာချောင် ချိရေး တောင်း ဆိုချက်၊ ကျောင်းသား အခွင့်အရေး တောင်းဆိုချက်၊ ဆရာများနှင့်ပတ်သက်၍ တောင်းဆို ချက်၊ကစားခုန် စား တောင်းဆိုချက်၊ ကျန်းမာရေး တောင်းဆိုချက်၊ ရန်ကင်း ကျောင်းသားများအတွက် တောင်းဆိုချက်၊ ထီးတန်း ကျောင်းသားများ အတွက် တောင်းဆိုချက် စနစ်ဟောင်း ကျောင်းသားများအတွက် တောင်းဆိုချက်ဟူ၍ အပိုင်းများခွဲကာ တောင်းဆိုခဲ့ကြသည်။

ထိုစဉ်က၀န်ကြီးချုပ်ဦးနုက““ဒီကျောင်းသားတွေရဲ့ စိတ်ကူးထဲမှာ စာသင်ဖို့ထက် ဆူပူဖို့က ပိုများနေပြီ”” ဟု အောက်တိုဘာလ ၁၀ရက်နေ့ မိန့်ခွန်း ပြောကြားခဲ့သည်။

““ကျောင်းသားတွေရဲ့ အရေးကတော့ အတော်ပဲ စိတ်မချမ်းမြေ့စရာ ဖြစ်လာပြီ၊ ပြည်ထောင်စုရဲ့ နောင်ရေး အတွက် စေတနာ ကောင်းရှိတဲ့ လူမှန်သမျှ လက်ပိုက်ပြီးကြည့် မနေနိုင်သည့် အခြေအနေမျိုးကို ရောက်နေပြီး အခြေအနေဟာ အတော်ဆိုးစပြုလာတဲ့အတွက် မနေနိုင်တဲ့ အခြေအနေမျိုးကို လည်းရောက်နေပြီး။ ပြည်သူ လူထုတစ်ရပ်လုံးကတော့ ကျောင်းသားတွေအပေါ်မှာ အမျှော်လင့်ကြီး မျှော်လင့်နေကြတယ်။ ဒီကျောင်း သား တွေကြီးလာရင် ဆရာဝန်ကြီးတွေ ဖြစ်လာမယ်၊ အင်ဂျင်နီယာကြီးတွေ ဖြစ်လာမယ်၊ စက်မှုလက်မှု ပါရဂူကြီး တွေ ဖြစ်လာမယ်၊ အဲဒီလို မျှော်လင့်ချက်မျိုးနဲ့ မျှော်လင့်နေကြတယ်။ ဒါပေမဲ့ ကျောင်း သားတချို့ လှမ်းနေတဲ့ ခြေလှမ်းအတိုင်း မတားဆီးမပြုမပြင်ဘဲ လွှတ်ပေးထားလိုက်မယ် ဆိုရင် ပြည်သူလူထုကြီး မျှော်လင့် ချက်တွေ ဟာ အဟောသိကံ ဖြစ်ကုန်ကြဖို့ ကျွန်တော်မြင်တယ်။

ဒီကျောင်းသားတွေရဲ့ စိတ်ကူးထဲမှာ စာသင်ဖို့ထက် ဆူပူ ဖို့က ပိုပြီးများနေပြီ၊ လူစုလို့ရတာနဲ့ တစ်ပြိုင်နက် ဆရာတွေကို အတိုက်အခံလုပ်၊ ဆရာတွေက အကျိုး အကြောင်းနဲ့ ဖျောင်းဖျပြောဆိုရင် ပြန်ပြီးကလော်ဆဲ၊ အချို့နေရာတွေမှာဆိုရင် အဓမ္မစနစ်များကိုတောင်သုံး လိုက်ကြသေးတယ်။ နောက်မကြာခင် ကျောင်းတွေမှာ ဆရာတွေ ဆရာမတွေ ဆရာကြီးတွေ လုပ်ရဲတဲ့ လူတွေ ကိုတွေ့ဖို့တောင် အတော်ခဲယဉ်းတဲ့ အခြေအနေမျိုး ကိုရောက်သွားမှာ ကျွန်တော့်အနေနဲ့ အတော်ကလေး စိုးရိမ်နေပြီ၊ ဒီလိုပဲ လူစုမိရင်ဥပဒေကို ချိုးဖောက်ချင်တာ၊ အာဏာဖီဆန်ချင်တာ၊ ရမ်းချင်တာ၊ ၀ရုန်းသုန်းကား လုပ်ချင်တာဆိုတဲ့ အဓမ္မစနစ်ဆိုးကြီးဟာ ပြည်ထောင်စု တစ်ခုလုံးမှာ ခပ်မှန်မှန်ကြီးပြန့်နေတယ်။ ဒီအဓမ္မသမားတွေဟာ ပိုပြီးအတင့်ရဲလာပြီး မကြာခင်ပြည်ထောင်စုကြီး အုပ်ချုပ် ထိန်းသိမ်းလို့မရတဲ့ မင်းမဲ့တိုင်းပြည်ကြီးဖြစ်သွားမှာအထိ ကျွန်တော်မြင်တွေ့ ပြီးစိုးရိမ်မ ကင်းဖြစ် နေပြီ”” ဟု ပြောကြားခဲ့ သည်။ ထိုကျောင်းသား လှုပ်ရှားမှုများတွင် နိုင်ငံရေးပယောဂများ ပါဝင်သည်ဟု ဖဆ ပလ ဥက္ကဋ္ဌက ယူဆထားသည်။

““ကျောင်းသားသမဂ္ဂဆိုသည်မှာ ပြည်သူလူထုနှင့် ကျောင်းသားထုဘက်မှာ သာအစဉ်ရပ်တည်ရမည်၊ အစိုးရ နှင့်အဆင်ပြေရေး၊ ညှိနှိုင်းစေ့စပ်ရေးကို လုံးဝလက်မခံဘူး။ ကိုယ့်အခွင့်အရေးအတွက် တိုက်ပွဲဝင် တောင်း ဆို မယ်၊ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်နိုင်ငံရေး အသင်းအဖွဲ့ရဲ့နောက်လိုက် အဖြစ် မခံဘူးဆိုသည့် အယူအဆဖြစ် သည်”” ဟု ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုရဲ့ ရပ်တည်ချက်ကို ဖတ်ရှုရသည်။

““ကျောင်းသားထုကြားထဲမှာ အကွဲအပြဲတွေရှိလာတဲ့အခါ အာဏာရအစိုးရရဲ့ သပ်လျှိုသွေးခွဲမှုဟာ တိုက်ရိုက် (သို့) သွယ်ဝိုက် ပတ်သက်နေတတ်ပါတယ်။ ဒါဟာသမိုင်းတစ်လျှောက်လုံးရဲ့ အကွဲအပြဲဆိုင်ရာ မှတ်ချက်ပါ။ တချို့အခြေအနေမှာတော့ လူပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့ရဲ့ သြဇာထူ ထောင်မှုနဲ့ နှောင်ကြိုးတချို့ကြောင့် ညီညွတ် ရေး ပြိုကွဲရတာမျိုး ရှိတတ်ပါတယ်”” ဆိုသည့် လွတ်လပ်ရေးခေတ် အိုးဝေ မဂ္ဂဇင်းထဲက ဆရာနောင်ကျော်၏ အယူ အဆသည် ယနေ့ထက်တိုင် မှန်ကန်နေဆဲ ဖြစ်နေသည်ကိုတော့ အထူးအလေးထားရ မည်ဖြစ်သည်။

ကိုးကား

(၁) မြန်မာ့နိုင်ငံရေးနှင့် ကျောင်းသား အဖွဲ့အစည်းများ ဒေါက်တာမြင့်သိန်း-(ရန်ကုန်တက္ကသိုလ်)

(၂) သမဂ္ဂကျောင်းသား၊ ကျော်ကိုကို

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment