Sunday, May 3, 2015

တာဝန်သိ သတိပေးတိုင်ကြားသူအား မင်းမဲ့စရိုက်ဆန်ဆန် ၀ိုင်းဝန်းရိုက်နှက်သည့်ကိစ္စ – ပေးစာ

 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၊ (၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနှင့် နယ်ထိန်း အဖွဲ့က ခွင့်ပြု အကာအကွယ် ပေးထားသည့် လောင်းကစားဒိုင်များအနက် ကျွန်တော်နှင့် တစ်လမ်းတည်း နေသူ (၁၁)လမ်း၊ အမှတ်(၁၃၃)နေသူ လောင်းကစား ဒိုင်ချုပ်အဖြစ် နာမည်ကျော်စောနေသည့် စနေ(ခ) ထွန်းထွန်းဦးနှင့် ဇနီးမထွေးထွေး၊ အမှတ်(၁၁၉)နေ မမြင့်မြင့်ဝင်းတို့အား အရေးယူပေးပါရန် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးထံ ကျွန်တော် ဦးမောင်နီနှင့်အတူ (၁၁)ရာအိမ်မှူးဟောင်း ဦးဝင်းမြင့်နှင့် မသန္တာဝင်းတို့ ကိုယ်တိုင် လက်မှတ်ရေးထိုး၍ သတင်းပေး တိုင်ကြားခဲ့ပါသည်။

လောင်းကစားဒိုင် အဖမ်းခံရမှုနှင့် ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ရန်ငြိုးထား၍ ဒုစရိုက်မှုများ ဖော်ထုတ်တိုင်ကြားနေသည့် ဦးဝင်းမြင့်အပေါ် လုပ်ကြံလီဆယ်ကာ ခြေချုပ်ပုဒ်မ ၅-၁(စ)(ဆ)နှင့် အဖမ်းခံရအောင် တိုင်ကြားခဲ့သည့်အပြင် ၈.၄.၂၀၁၅ မနက်တွင် ဘုရားပန်းဝယ်၍ စက်ဘီးနှင့် ကျွန်တော့် နေအိမ် အပြန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ခွင့်ပြု အကာအကွယ် ပေးထားသည့် လောင်းကစား ချဲထီဒိုင် မမြင့်မြင့်ဝင်းပါ (၇)ဦးတို့က ကျွန်တော်ပြန်မည့် လမ်းမှစောင့်၍ ကျွန်တော့်အား ရန်စဆဲဆို ၀ိုင်းဝန်းရိုက်နှက် ခဲ့သည့်ကိစ္စအား အမှုဖွင့် အရေးယူပေးပါရန် ဘိုကလေးမြို့နယ် ရဲစခန်းတွင် သတင်းပေး တိုင်ကြားခဲ့ရာ ဂါတ်စာရေး အောင်မြင့်က ချဲထီဒိုင် မမြင့်မြင့်ဝင်းဘက်မှ အကာအကွယ်ပေး၍ တရားခံ(၄)ဦးအား ဖျောက်ဖျက်ကာ မမြင့်မြင့်ဝင်းပါ တရားခံ(၃)ဦးနှင့်သာ အမှုဖွင့်ပေးခဲ့ပါသည်။ တရားခံဖြစ်သူ မမြင့်မြင့်ဝင်းသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနှင့် ရပ်မိရပ်ဖ၊ ဖွံ့/ထောက် အဖွဲ့များနှင့် ပူးပေါင်းအကြံယူ ၍ ကျွန်တော်က ကတ်ကြေးဖြင့် ထိုးသည်ဆိုကာ လီဆယ်လုပ်ကြံ၍ ရဲစခန်းတွင် စွပ်စွဲတိုင်ကြား သဖြင့် ပြစ်မှု ပုဒ်မ-၃၂၄အရ အမှုဖွင့်ခံခဲ့ရပါသည်။

သို့ပါ၍ ပြည်ထောင်စုမြန်မာ နိုင်ငံတော် သမ္မတကြီးနှင့် ပြည်ထောင်စု ပြည်ထဲရေး ၀န်ကြီးဌာနမှ အတည်ပြု ပြဋ္ဌာန်းထားသည့် ၂၀၁၂ ခုနှစ် ရပ်/ကျေး အုပ်ချုပ်ရေး(နည်းဥပဒေ) အခန်း(၄)၊ အပိုဒ်(၁၅)အရ လိုက်နာ ကျင့်သုံးခြင်း မရှိသည့် အမှတ်(၇) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနှင့် ကျင့်ထုံးဥပဒေပုဒ်မ-၁၅၄နှင့် ရဲလက်စွဲ ဒုတိယတွဲအပိုဒ် ၁၄၁၄ အရ ဥပဒေနှင့်အညီ လိုက်နာခြင်း မရှိသည့် ဘိုကလေးမြို့၊ ရဲစခန်းဂါတ် စာရေး အောင်မြင့်တို့အား ပြည်ထဲရေး ၀န်ကြီးဌာနမှ အရေးယူမှုတစ်ရပ် ဆောင်ရွက်ပေးပါရန် ရိုသေစွာ တင်ပြ တိုင်ကြားအပ်ပါသည်။

ဦးမောင်နီ(ဘ)ဦးသာဂိ

၁၄/ဘကလ(နိုင်)၂၆၅၆၄၈၊ ဘိုကလေးမြို့

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment