Saturday, May 9, 2015

အောင်ဆန်းကွင်းကြီးရော ရောင်းမယ့်ထဲမှာ ပါလား

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်မှာ နေတဲ့ ဦ6းဟန်ထွန်း ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍက လက်ခံ ရရှိခဲ့ပါတယ်။ သူရေးလိုက်တဲ့ စာထဲမှာပါတဲ့ အကြောင်းအရာကတော့ အောင်ဆန်းအားကစားကွင်းနဲ့ ပတ်သက်ပြီး ရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။

သူဟာ ဌာနဆိုင်ရာ အရာထမ်း တစ်ဦးဖြစ်ပြီး သူ့ရုံးက ရန်ကုန်မြို့ထဲမှာ ရှိလို့ နေ့စဉ် ကားစီးတိုင်း အောင်ဆန်းကွင်းကို ဖြတ်သွားနေရတဲ့အတွက် နေ့စဉ် ဖြတ် သွားတိုင်း ဖြစ်ပေါ်နေရတဲ့ သူ့ရဲ့ ခံစားမှုကို ဖော်ပြချင်လို့ စာရေးလိုက်တာ ပါလို့ ဆိုပါတယ်။

အရင်က ဒဂုံမြို့နယ်ထဲက ၀န်ထမ်းအိမ်ရာတစ်ခုမှာ နေခဲ့ဖူးတဲ့ သူဟာ အိမ်နဲ့နီးတဲ့ အောင်ဆန်း အားကစားကွင်းကို မကြာခဏ ရောက်ပြီး အားကစားလေ့ကျင့် ခန်းတွေလုပ်ခဲ့ဖူးသလို ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့တာကြောင့် အားကစားဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွေ၊ ပြိုင်ပွဲတွေပြုလုပ်ရင် လည်းအောင်ဆန်း ကွင်းမှာ အမြဲရှိနေတတ်တယ်လို့ ပြောပါတယ်။

ဒီလို မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အမှတ်တရ နေရာဟာ သူဖြတ်သွားတိုင်း ဈေးဆိုင်ခန်းတွေ၊ ရုံးခန်းတွေနဲ့ ပတ်ပတ်လည် တစ်ခုလုံး ပြည့်ကျပ်နေတာ မြင်ရတော့ အရင်အချိန်က အောင်ဆန်းအားကစားကွင်းကြီးရဲ့ ပုံရိပ်ကို ပြန်လည်မြင်ယောင်ပြီး စိတ်မကောင်း ဖြစ်မိပါတယ်လို့ ရေးပါတယ်။

သူပြောချင်တာက အခုအခါမှာ ရဲစခန်း၊ ကျောင်းနဲ့ ဌာနဆိုင်ရာ အဆောက်အအုံတွေမှာ အရင် ငှားရမ်း ဖွင့်လှစ်ခဲ့ကြတဲ့ ဈေးဆိုင်ခန်းတွေ၊ ရုံးခန်းတွေကို ဖယ်ရှားနေတာ ပြည်သူတွေ အကုန်လုံး မြင်တွေ့နေကြရတာ ကြောင့် အောင်ဆန်းကွင်းကြီးကိုလည်း ဒီလိုပဲ လုပ်ပေးမယ်လို့ ထင်ထားတာ အခုထိ ဘာမှ လုပ်တာ မတွေ့သေးလို့ သိချင်လို့ စာရေးတာတဲ့။

အထင်ကရဖြစ်ခဲ့ပြီး ကျွန်းဆွယ် အားကစားပွဲကြီးကို ကျင်းပခဲ့ဖူးတဲ့  အားကစားကွင်းကြီးကို အားကစားနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးတဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲစေချင်ပါတယ်။ နေရာ အနေအထားအရ ပြည်သူတွေ သွားလာဖို့ လွယ်ကူတဲ့ အတွက် အောင်ဆန်းအားကစား ကွင်းကြီးကို ရှေ့ပုံစံမပျက် ခေတ်မီ အားကစားကွင်းတစ်ခု ဖြစ်အောင် လုပ်ဆောင်စေချင်ပါတယ်။

အခု သူမြင်နေရတာက အောင်ဆန်းကွင်းကြီး တိုးတက်လာတာ မဟုတ်ဘဲ ဆိုင်ခန်းတွေ တစ်နေ့တစ်ခြား ပိုများလာတာကိုပဲ  မြင်ရတယ်လို့ ပြောပါတယ်။ သမိုင်းဝင် အားကစားကွင်းကြီးကနေ ဈေးဝယ် စင်တာကြီး ဖြစ်လာမှ စိုးရိမ်လို့ ဆိုင်ခန်းတွေ မရှိတဲ့ အားကစားကွင်းကြီး အဖြစ် ပြုလုပ်ပေးဖို့ ပြည်သူတစ်ဦးရဲ့ ခံစားချက်ကို ရေးသားပေးပို့လာတဲ့ စာကိုဖော်ပြလိုက်ရပါတယ်။


Credit - Mizzima News

No comments:

Post a Comment