Monday, May 4, 2015

လူမှုကွန်ရက်ကို ကြည့်ပြီး မှုခင်းတွေဖော်ထုတ်မယ် ဆိုရင်ဖြင့် – အောင်ထွန်းလင်း

အတော်ရယ်စရာကောင်းတဲ့ရဲတွေပဲ။ ငါတို့များ ကျောင်းသားခေါင်းဆောင်တွေတဲ့။ အဲကောင်ေ တွ လို ဆန္ဒမပြချင်လို့ လှုပ်ရှားမှု ပုံစံမတူအောင်လုပ်နေ တာဟ””ဆိုတဲ့စာလေးပါ။ ဖြစ်ရလေခြင်း ရဲတပ်ဖွဲ့ရယ်လို့ပဲ ပြောလိုက်ချင် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(ဖြတ်သန်းခဲ့ရသည့် သတင်းထောက်ဘ၀ အတွေ့အကြုံ)

တိုက်တိုက်ဆိုင်ဆိုင်ပဲလို့တော့ ပြောရမယ်။ လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်က သတင်းတွေကို အစိုးရ ၀န်ကြီးဌာန တွေက လိုက်လုပ်တာနဲ့ ပတ်သက်လို့ မှတ်မှတ်သားသား ရှိနေချိန် ဧပြီလ ၂၃ ရက်ထုတ် သည်ဗွိုက် သတင်းစာကို ဖတ်လိုက်ရတယ်။ သတင်းစာမျက်နှာဖုံးမှာ ““မျက်နှာဖုံးစွပ်
ဆန္ဒထုတ်ဖော်သူအဖွဲ့တွင် ဖမ်းဝရမ်း ထုတ်ထားသည့် ကျောင်း သား ခေါင်ဆောင်များ ပါဝင်ဟုဆို””ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ ဒါနဲ့ စိတ်လည်း စိတ်ဝင်စားမိတာဆိုတော့ သတင်းကို အစအဆုံး ဖတ်ဖြစ်လိုက်တယ်။

သတင်းကို ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ အကြီးတန်းရဲအရာရှိတစ်ဦးရဲ့ ပြောစကားကို တည်ပြီးတော့ သတင်းလုပ်ထားတာပါ။ အဲဒီမှာ အကြီးတန်း ရဲအရာရှိရဲ့ ပြောစကားအပြည့်အစုံက ““မျက်နှာဖုံးစွပ်ပြီး ဆန္ဒဖော် ထုတ်တာကို ရဲတပ်ဖွဲ့အပြင် စရဖနဲ့ အက်စ်ဘီအဖွဲ့တွေ ပူးပေါင်း စုံစမ်းခဲ့တဲ့အခါမှာ ဖမ်းမိထား တဲ့ ကျောင်း သား ခေါင်းဆောင်အချို့ရဲ့ စစ်ဆေးထွက်ဆိုချက်အရ မျက်နှာဖုံးစွပ်အဖွဲ့မှာ ဖမ်းဝရမ်းထုတ်ထား တဲ့ ကျောင်းသားခေါင်းဆောင်တွေ ပါဝင်နေတယ်လို့သိရတယ်။ ခိုင်လုံတဲ့ သက်သေရအောင် ရဲတပ်ဖွဲ့က တည်ဆောက်နေပြီး လွတ်နေတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းမိဖို့စုံစမ်းနေတယ်””လို့ ပါရှိပါတယ်။ အိုကေ ဒီလောက်ထိကတော့ အဆင်ပြေနေသေးတယ်။

နောက်ထပ်သတင်းကို ဆက်ဖတ်ဖြစ်တော့ အရှေ့ပိုင်းခရိုင်အတွင်းရှိ ရဲအရာရှိတစ်ဦးရဲ့ ပြောစကားကို ကိုးကား ထားပြီး ““ကျောင်းသားသပိတ်ကို ဖြိုခွဲခံရပြီး သပိတ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်လိုက်ချိန်မှာ လျှပ်တစ်ပြက် ဆန္ဒထုတ်ဖော်တဲ့ မျက်နှာဖုံးစွပ်အဖွဲ့ ပျောက်သွားသလို သူတို့ဝါဒဖြန့်နေတဲ့ Anonymous Burma အဖွဲ့အမည်နဲ့ ဖေ့စ်ဘုတ်လည်း အလုပ် ဆက်မလုပ်တော့တာကို စစ်ဆေးတွေ့ရှိရတယ်။ ဒီအဖွဲ့ရဲ့ နောက် ကွယ်မှာ နိုင်ငံရေး လှုပ်ရှားသူ ခေါင်းဆောင်ပိုင်းအချို့ ပါဝင်ပတ်သက်နေတာကို သိထားပေမယ့် သက်သေ မခိုင်လုံသေးလို့ သတင်းမထုတ်ပြန်ပေးသေးဘူး””လို့ သည်ဗွိုက်ဂျာနယ်ကို ဖြေထားတာကို ထည့်ထားပါတယ်။ နည်းနည်းတော့ သံသယ ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ လူမှုကွန်ရက်ပေါ်က စာမျက်နှာ Page တစ်ခု ဘယ်ပို့စ်မှ မတက်တော့တာကိုကြည့်ပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသား သပိတ် ခေါင်းဆောင်တွေဟာ မျက်နှာဖုံးစွပ်တွေ၊ ကျောင်းသား လှုပ်ရှားသူတွေလို့ ကောက်ချက်ချတာကတော့ အဆန်းပါပဲ။

အချိန်သိပ်မဆိုင်းလိုက်ပါဘူး။ အဲဒီသတင်းကို ဧပြီလ ၂၃ ရက်က ဖော်ပြအပြီး Anonymous Burma ရဲ့ ဖေ့စ်ဘုတ်မှာ စာလေးတစ်ကြောင်း တက်လာတယ်။

““အတော်ရယ်စရာကောင်းတဲ့ ရဲတွေပဲ။ ငါတို့များ ကျောင်းသား ခေါင်းဆောင်တွေတဲ့။ အဲကောင်တွေလို ဆန္ဒမပြချင်လို့ လှုပ်ရှားမှုပုံစံမတူအောင် လုပ်နေတာဟ””ဆိုတဲ့စာလေးပါ။

ဖြစ်ရဖြစ်ရလေခြင်း ရဲတပ်ဖွဲ့ရယ်လို့ပဲ ပြောလိုက်ချင်တယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဒီဖေ့စ်ဘုတ်ပေါ်က သတင်းအချက်အလက်တွေကိုပဲ ကြည့်ပြီး မှုခင်းဖော်ထုတ် ခဲ့ရတဲ့ဖြစ်ရပ်တွေလည်း ရှိဖူးတယ် မဟုတ်ပါလား။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ထဲမှာ တရားမ၀င် လေသေနတ်တွေ ရောင်းဝယ်နေတာ ရှိတယ်ဆိုပြီး ဓာတ်ပုံနဲ့ တကွ ဖေ့စ်ဘုတ်ပေါ် တက်လာပြီးမှ ရဲတပ်ဖွဲ့က ၀င်ရောက် စစ်ဆေးပြီး ဖမ်းဆီးခဲ့ရဖူးပါတယ်။ ဒါတင်လား မဟုတ်။ အမြန်လမ်းပေါ်က လုယက်မှု သတင်းတွေ ဆိုရင်လည်း ပြည်သူတွေက ဖေ့စ်ဘုတ်ပေါ်မှာ ရေးကြ၊ ပြောကြ၊ ရှယ်ကြမှ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ် ဟန့်တားနိုင်ခဲ့တာ မဟုတ်ပါလား။

ဒီနေရာမှာ ပြောချင်တာတစ်ခုကတော့ ရဲတပ်ဖွဲ့က ဖေ့စ်ဘုတ်ပေါ်က အချက် အလက်တွေကို မှီခိုနေရတယ် ဆိုတဲ့ သရုပ်သကန် ပေါ်သွားတာကိုပါ။ ဖေ့စ်ဘုတ်ဆိုတာ မိတ်ဆွေအချင်းချင်း ဆက်သွယ်ဖို့နဲ့ သတင်းအချက် အလက်တွေကို ပြန်လည်မျှဝေရာ အဖြစ် မြန်မာပြည်မှာ အသုံးများတာ မှန်ပါတယ်။ ဒါပေမဲ့လည်း မှုခင်းတွေနဲ့ ပတ်သက်ပြီး အစိုးရကို တာဝန်ခံဖြေရှင်းပေးရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့လူမှု ကွန်ရက်ဖေ့စ်ဘုတ်ပေါ်မှာ သတင်းဖြစ်ရပ် တက်လာပြီးမှ လိုက်လံဖမ်းဆီးရတာမျိုး၊ ဖော်ထုတ် ဖမ်းဆီးရတာမျိုး ကတော့ မဖြစ်သင့်တဲ့ ကိစ္စရပ်တစ်ခုပါ။ အချက်အလက် ရှာဖွေတာ၊ ဖော်ထုတ်ဖမ်းဆီး အရေးယူတာမျိုးကတော့ မိမိရဲ့ရဲ လုပ်ငန်းစဉ် အရ လုပ်ကိုင်လို့ရပေမယ့် အချက်အလက် မခိုင်မာတဲ့၊ မသေချာမရေရာတဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ် က ဖြစ်ပျက်မှုကို ကြည့်ပြီးအထက်မှာ ဖော်ပြသလို အရှေ့ပိုင်းခရိုင်အတွင်းရှိ ရဲအရာရှိတစ်ဦးက သုံးသပ် ကောက် ချက်ချတာမျိုးကတော့ မဖြစ်သင့်တဲ့ကိစ္စရပ်ပါ။

မှုခင်းဖော်ထုတ်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ စစ်အစိုးရခေတ်က နယ်မြို့တစ်မြို့မှာ ရဲစခန်းမှူးအဖြစ် လုပ်ဆောင်ခဲ့ဖူးသူရဲ့ သားဖြစ်သူက ရဲတပ်ဖွဲ့နဲ့စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်း ကွဲခြားပုံကို ဗဟုသုတသဖွယ် ပြောပြဖူးပါတယ်။ အဲဒါကတော့ မှုခင်းတစ်ခု ဖြစ်လာပြီဆိုရင် ရဲတပ်ဖွဲ့ဝင်တွေဟာ တရားခံလို့ သိထားသူကို ချက်ချင်း ဖမ်းလေ့မရှိသလို မသေချာတဲ့ အချက်အလက်တွေကို ခိုင်မာအောင် အရင်လုပ်ရ ပါတယ်။ ထို့နည်းတူ တရားခံကို ဖမ်းဆီးသေးခြင်းမရှိဘဲ သူနဲ့နောက်ဆက်တွဲ ပါဝင်နိုင်သူတွေ ရှိ၊ မရှိကို ဆက်လက် စုံစမ်း ဖော်ထုတ်ပြီးမှသာလျှင် အမှုနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ လုပ်တာ၊ မီဒီယာကို ထုတ်ပြောတာ လုပ်လေ့ရှိပါတယ်တဲ့။ အရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ပိုင်ပြီဆိုမှ ချတာမျိုးပါ။

ရဲတပ်ဖွဲ့နဲ့ ပြောင်းပြန် စစ်တပ်ကတော့ တရားခံလို့ သံသယရှိတာနဲ့ ဖမ်းဆီးအရေး ယူတာမျိုး လုပ်တတ် ပါတယ်တဲ့။ သူနဲ့ဆက်စပ်တဲ့သူရှိ၊ မရှိထက်လက်ရှိ တွေ့ထားတဲ့ တရားခံကို ဖမ်းဆီး အရေးယူတာမျိုးပါတဲ့။ အရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ တရားခံဆိုတာနဲ့ဖမ်းကွာ၊ ချကွာပဲပေါ့။

ပြောချင်တဲ့ အကြောင်းအရာကတော့ မှုခင်းတစ်ခုဖြစ်လာပြီဆိုရင် ရဲတပ်ဖွဲ့ဝင်တွေက ဘယ်လို လုပ်ခဲ့ကြသလဲ ဆိုတာကို ပြောပြချင်တာပါ။ အခုက မှုခင်းတစ်ခုဖြစ်ပြီဆိုရင် လူမှုကွန်ရက်ဖေ့စ်ဘုတ်ရဲ့ ပျံ့နှံ့မှုအားကြောင့် သတင်းအချက်လက်စီးဆင်းမှု မြန်တယ်ဆိုပေမယ့်လို့ ဒီအပေါ်က အချက်အလက် စီးဆင်းမှုကို ကြည့်ပြီး ကောက် ချက်ချတာ၊ မှုခင်းအတွက် အကိုးအကားယူတယ် ဆိုတာကတော့ မဖြစ်သင့်၊ မဖြစ်အပ်တဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ပါ။

တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးကို အဓိကထား တာဝန်ယူ ဖြေရှင်းပေးရမယ့် ရဲတပ်ဖွဲ့ဝင်များက လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်မှာ တက်လာပြီးမှ ရှာဖွေဖော်ထုတ် ဖမ်းဆီးမယ်၊ ဒါမှမဟုတ် လူမှုကွန်ရက်ဖေ့စ် ဘုတ်ပေါ်က အချက်အလက်ကိုကြည့်ပြီး မှုခင်းတစ်ရပ်အတွက် ကောက်ချက်ချ ဆန်းစစ်မှုတွေ လုပ်နေမယ် ဆိုရင်ဖြင့် အရင်စစ်အစိုးရလက်ထက် ပြည်သူတွေအပေါ် နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ခဲ့တဲ့ စစ်ခေါင်းဆောင် တွေရဲ့ အကြောင်းတွေလည်း ဖော်ထုတ်ရေးသား ထားကြတာ အပြည့်ရှိပါတယ်လို့။ သူတို့ရဲ့လုပ်ရပ်တွေအတွက် ပြည်သူ့ အစေခံဖြစ်တဲ့ ရဲတပ်ဖွဲ့အနေနဲ့ ဖော်ထုတ်ပေးပါ၊ အရေးယူပေးပါ။

နောက်မို့ဆိုရင် အရင်စစ်အစိုးရ ခေတ်ကလို အီးမေးလ်တစ်စောင်၊ စာတစ်ရွက်နဲ့ အမှုဆင်ဖမ်းခဲ့သလိုမျိုး အခုအစိုးရခေတ်မှာ ဖေ့စ်ဘုတ်ပေါ်က အချက်အလက်ကို ကြည့်ပြီး ကောက်ချက်ချ၊ အမှုအတွက် အချက်အလက်နဲ့ ထည့်သွင်းစဉ်းစားတာမျိုး ဖြစ်လာမှာ စိုးရိမ်တာကြောင့်ပါ။ တကယ်လို့များ အခုလိုမျိုး ဖေ့စ်ဘုတ်ပေါ်က အချက်အလက်တွေကိုကြည့်ပြီး ကောက်ချက်ချ၊ အမှုအတွက် ထည့်သွင်း စဉ်းစားမယ် ဆိုရင်ဖြင့် အထက်ကပြောခဲ့သလို အရင်စစ်အစိုးရ လက်ထက်က ပြည်သူအပေါ် နည်းအမျိုးမျိုးနဲ့ ဖိနှိပ် ချုပ်ချယ်ပြီး တိုင်းပြည် ဘဏ္ဍာ ထုတ်ယူ သုံးစွဲသူတွေကိုလည်း ချန်မထားပါနဲ့လို့ တိုက်တွန်းရင်း။

အောင်ထွန်းလင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment