ရန်ကုန် မေ ၅။ ။ အလုပ်ရှင်၊ အလုပ်သမားများကြား အငြင်းပွားနေသည့်
အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အတွက် အခြေခံ အဆောက်အအုံများ
ရရှိရေးသည် အရေးကြီးပြီး ယင်းကို အစိုးရဘက်မှ ဖြေလျှော့ပေးပြီး
ပံ့ပိုးပေးရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ ကုန်သည်စက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး (၁)ဦးအေးလွင်က မေ၄ ရက်ကပြောသည်။

ရွှေပြည်သာမြို့နယ်
အမှတ် ၄ လမ်းမကြီး ဒညှင်းကုန်းလမ်းဆုံအနီးတွင် အလုပ်သမားများ လုပ်ခလစာ
တိုးမြှင့်ရေးအတွက် လမ်းလျှောက်ဆန္ဒပြမှုကို ရဲတပ်ဖွဲ့ ဝန်များက တားဆီးစဉ်
(ဓာတ်ပုံ - ဟိန်းထက်)
အနိမ့်ဆုံးလစာ သတ်မှတ်နိုင်ရေး လေ့လာဆန်းစစ်ချက်များ ပြုလုပ်ရန်အတွက် အလုပ်သမားဝန်ကြီးဌာ နှင့် ကုန်သည်စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အပါအဝင်
အလုပ်သမားဝန်ကြီး ဦးဆောင်သည့် အဖွဲ့က ဧပြီ၂၄ရက်မှ စတင်ကာ ရန်ကုန်တိုင်းနှင့် မြန်မာပြည်အထက်ပိုင်းရှိ လုပ်ငန်းခွင် အချို့ကို သွားရောက်လေ့လာခဲ့ ပြီး အတွေ့အကြုံရှင်းလင်းပွဲကို မေ ၄ရက်က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ယင်းပွဲတွင် ဦးအေးလွင်က
ပြောကြားခဲ့သည်။
"အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ဖို့က လုပ်သားတွေအတွက် အခြေခံအဆောက်အအုံတွေ ပြည့်စုံဖို့လည်းလိုတယ်။ ဥပမာ- လူမှုဖူလုံရေးမှာ ရန်ပုံငွေတွေ ရှိတယ်။ စက်မှုဇုန်တွေမှာ ဆေးရုံတွေဆောက်ပေးမယ်၊ လုပ်သားအိမ်ရာတွေ ဆောက်ပေးမယ်၊ ပြီးမှ လုပ်ငန်းရှင်တွေ ခေါ်ပြီး အပြတ်မရောင်းဘဲ တစ်လ ဘယ်လောက်နှုန်းပေါ့ ငှားတာမျိုး လုပ်ပေးမယ်၊ အခွန်တစ်ချို့ လျှော့တာမျိုး လုပ်ပေးမယ် ဒီလို အစိုးရဘက်က ဖြေလျှော့မှုတွေ လုပ်ပေးမယ်ဆိုရင် လုပ်ငန်း ရှင်တွေရော အလုပ်သမားပါ ပြေလည်ပြီး အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ဖို့မြန်ဆန်မယ်” ဟု ၎င်းက ဆိုသည်။
အနိမ့်ဆုံးလုပ်ခလစာသည် အလုပ်သင်ဝန်ထမ်း၊ အောက်ခြေဝန်ထမ်း အဆင့်ကို သတ်မှတ်ထားခြင်းဖြစ်ပြီး ကျွမ်းကျင်လုပ်သားများမပါဝင်ပေ။ ယင်းအတွက်
တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်နိုင်ရေးသည် မတူညီသည့် လုပ်ငန်းခွင် သဘာဝများ၊ မတူညီသည့် ဒေသစရိတ်များကြောင့် သတ်မှတ်ရန် မလွယ်ကူသေးကြောင်း ဆန်းစစ်တွေ့ရှိရသည်ဟု လည်း ၎င်းကဆိုသည်။
SINMA ပရိဘောဂလုပ်ငန်းမှ ဦးကျော်ကျော်ဝင်းက “အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်တယ်ဆိုတာ လုပ်သားတစ်ယောက် အိမ်ပြန်ရင် သူ့အိတ်ထဲ အသားတင် ပါသွားမယ့် ပိုက်ဆံကို သတ်မှတ်ပေးရမှာလို့ ကျွန်တော်ကပြောချင်တယ်။ ဒီလိုပါသွားဖို့က ခရီးစရိတ်ကင်းလွတ်ရမယ်၊ ကုန်ဈေးနှုန်းကလည်း သူတို့တွက်ချက် ပြီး သုံးစွဲဖို့ တည်ငြိမ်နေရမယ်၊ အိမ်နေဖို့လည်း အဆင်ပြေပြီးသားဖြစ်ရမယ်။ ရတဲ့အထဲက အမြီးနုတ်၊ ခေါင်းနုတ်ဒါဆို ဘာကျန်မလဲ။ ဒါပေမဲ့ အခုဆွေးနွေးနေ တာတွေက ရေရာတဲ့ကိုးကားချက်တွေ ဘာမှမပါဘဲ သက်သက်အချိန်ဖြုန်းနေတာလို့ထင်တယ်” ဟုဆိုသည်။
နိုင်ငံတကာတွင် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပြီးသည့် နိုင်ငံပေါင်းတစ်ရာကျော် ရှိနေသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် စင်ကာပူနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခ လစာမှာ နှစ်မျိုးသတ်မှတ်ထားပြီး၊ အိန္ဒိယတွင်မူ အမျိုးအစားပေါင်း တစ်ထောင်ကျော် သတ်မှတ်ထားသည်။ ထိုင်းနိုင်ငံတွင်မူ အနိမ့်ဆုံးလုပ်ခလစာကို တစ်နေ့ ဘတ်ငွေ၃၀၀ (မြန်မာငွေ ၉၀၀၀) သတ်မှတ်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံတွင်လည်း အနိမ့်ဆုံးလုပ်ခလစာကို တစ်လလျှင် ကန်ဒေါ်လာ ၈၀ (ကျပ် ရှစ်သောင်းကျော်) သတ်မှတ်ထားသည်။
စီးပွားရေးပညာရှင်ဦးလှမောင်က "အနိမ့်ဆုံးလုပ်ခလစာနဲ့ ပတ်သက်ပြီး သူများနိုင်ငံတွေမှာဆို တစ်နှစ်ကနေ သုံးနှစ်အတွင်းတော့ ပြန်ပြင်ပြီးတိုးပေးကြတယ်။ ဒီမှာဆိုလည်း ပြင်ရမှာပဲ။ ပြင်ရမယ့်အတူတူ ပြဿနာတွေမကြာအောင် အများကြီးမစဉ်းစားဘဲ နိုင်ငံ့ဝန်ထမ်းတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်အတိုင်း တစ်နေ့လေးထောင် သတ်မှတ်လိုက်ရင် အဆင်ပြေသွားနိုင်မယ်”ဟု သုံးသပ်သည်။
မြန်မာနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခလစာနှင့် ပတ်သက်သည့် ဥပဒေထွက်ရှိပြီးသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း နည်းဥပဒေကို သတ်မှတ်ခြင်း မရှိသေးပေ။ ယင်းသို့ ကြန့်ကြာနေခြင်းသည် နိုင်ငံအတွက် သိက္ခာကျနိုင်သည့် ကိစ္စတစ်ခုဖြစ်ပြီး စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းမှုတစ်ခုဖြစ်သည် ဟု ဦးလှမောင်က ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment