Friday, May 8, 2015

မီဒီယာဥပဒေများ ထိရောက်စွာ အကောင်အထည်ဖော်ရေးမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၏ တာဝန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ မေ ၎

မြန်မာနိုင်ငံတွင် မီဒီယာနှင့် ပတ်သက်သည့် ဥပဒေများ ပေါ်ထွက်ရေးကို ဥပဒေပြုရေးမဏ္ဍိုင်က ကြိုးစား သွားမည်ဖြစ်သော်လည်း ယင်းဥပဒေများကို ထိရောက်စွာ အကောင်အထည်ဖော်ရေးမှာ အုပ်ချုပ်ရေး မဏ္ဍိုင်၏ တာဝန်သာ ဖြစ်ကြောင်း မေလ(၃)ရက်က ရန်ကုန်မြို့ NOVOTEL YANGON MAX တွင် ပြုလုပ်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား၌ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားလိုက်သည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် UNESCO တို့ ပူးပေါင်းပြုလုပ်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို အစီအစဉ် (၈)ခု ဖြင့်ပြုလုပ်ခဲ့ရာ အစီအစဉ်(၃)အရ World Press Freedom နေ့အတွက် တက်ရောက် စကားပြောကြားစဉ် ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

““ကျွန်မတို့ဟာ ဥပဒေပြုရေးဆိုင်ရာနဲ့ ပတ်သက်လို့၊ သတင်းသမားများနဲ့ ပတ်သက်လို့၊ စာနယ်ဇင်း လောကနဲ့ ပတ်သက်လို့ ကောင်းတဲ့ဥပဒေတွေ ကို ပေါ်ထွက်လာဖို့အတွက် ကြိုးစားပါမယ်။ ဒါပေမဲ့ ဒီဥပဒေတွေ တကယ် ထိရောက်နိုင်ဖို့အတွက် လုပ်ရမှာကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာရဲ့ တာဝန်ဖြစ်ပါတယ်။ နည်းဥပဒေတွေ မထွက် သေးတာဟာလည်း အုပ်ချုပ်ရေး ပိုင်းဆိုင်ရာရဲ့ တာဝန်ပါပဲလို့ ၀န်ကြီးကို သတိပေးပါရစေ။ အဲဒီတော့ နည်းဥပဒေတွေ ထွက်ပြီးတော့လည်း မပြီးသေးဘူး။ အဲဒီနောက်မှာ ညွှန်ကြားချက်တွေ လိုသေးတယ်။ အဲဒီ ညွှန်ကြားချက် ဆိုတာလည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာဘက်ကပဲ ထွက်ရတာပဲ””ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ UNESCO မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Sardar Umar Alam ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်များနှင့် သံရုံးတာဝန်ခံများ၊ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများနှင့် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းဆိုင်ရာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက် ကြသည်။

ယင်းအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အမှာစကား ပြောကြားရာတွင် မီဒီယာများ၏ လွတ်လွပ်စွာ လုပ်ပိုင်ခွင့်၊ သတင်းများ၏ သဘောသဘာဝနှင့် အရည်အသွေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ UNESCO ညွှန်ကြားရေးမှူးချုပ် Irina Bokova နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ZEID RA’ AD AL Hussein တို့ ပူးတွဲပေးပို့သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အတွက် သ၀ဏ်လွှာတွင် အရည်အသွေးမြင့် သတင်းအတတ်ပညာမှာ နိုင်ငံသားတို့အတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ သတင်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိသည့် ပတ်ဝန်းကျင်တွင် သတင်းပညာရပ်များ ဖွံ့ဖြိုးရှင်သန်ရန် လိုအပ်ကြောင်း စသည့်အချက်များ ပါဝင်သည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ဦးကျော်မင်းဆွေက ကမ္ဘာ့ စာနယ်ဇင်းနေ့အတွက် စာနယ်ဇင်းကောင်စီ (ယာယီ)၏ သ၀ဏ်လွှာကို ဖတ်ကြားခြင်း၊ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း ဒုတိယဥက္ကဋ္ဌ ဦးသီဟစော၊ မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်၊ BNI တိုင်းရင်းမီဒီယာ မန်နေဂျာ ဒေါ်သဲသဉ္ဇာဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်မှ သတင်းအတတ်ပညာ သင်တန်းကျောင်းသား ကိုလွမ်ဆိုင်း အောင်တို့က သတင်းမီဒီယာ လွတ်လပ်ခွင့်များနှင့် ပတ်သက်၍ ဆွေးနွေး ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ယခုနှစ်ကျင်းပသည့် ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနား မှာ မြန်မာနိုင်ငံတွင် စတုတ္ထ အကြိမ်မြောက် ကျင်းပခြင်းလည်း ဖြစ်သည်။

MH-0030

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

  

No comments:

Post a Comment