Sunday, May 3, 2015

ဒုတိယအကြိမ်မြောက် တွေ့ဆုံမည့် ခြောက်ပွင့်ဆိုင် ရက်မသတ်မှတ်ရသေး

ရန်ကုန် (မဇ္ဈိမ) ။ ။ သမ္မတ၊ ကာချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားပြု ဒေါက်တာအေးမောင်တို့ ဒုတိယအကြိမ် ဆွေးနွေးမည့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ရက်ကို မသတ်မှတ်ရသေးဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မေလ ၃ရက်တွင် မဇ္ဈိမကိုပြောသည်။

Ye Htut copy copy



"လွှတ်တော်ပြန်စမှ ပြန်ပြီးတော့ ပါဝင်ပက်သက်သူတွေနဲ့ ပြန်ညှိရမှာပေါ့၊ နာယကကြီးကလည်း ခရီးသွားနေကြတယ်၊ အားလုံးအဆင်ပြေတဲ့အချိန် ပြန်ညှိရမယ်လေ" ဟု ၎င်းကဆိုသည်။

ပထမအကြိမ် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို ဧပြီလ ၁၀ရက်တွင် ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်၊ ကာချုပ် မင်းအောင်လှိုင်တို့ အပါအဝင် ၆ဦးတို့က နိုင်ငံတော်သမ္မတ အိမ်တော် ငုဝါခန်းမတွင် နံနက် ၁၁နာရီမှ စတင်ကာ ၂နာရီကြာ တွေ့ဆုံခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဓိကထားတွေ့ဆုံသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုအပြီး နောက်ထပ် တွေ့ဆုံဆွေးနွေးပွဲများ မေလဆန်း(ပထမအပတ်) လွှတ်တော်အစည်းအဝေးများ မကျင်းပမီ အချိန်အတွင်း ကျင်းပသွားရန် သဘောသဘောတူခဲ့ကြသော်လည်း ဦးရဲထွဋ်ကမူ လွှတ်တော်နာယက ခရီးစဉ်နှင့် ပါဝင်သူ အားလုံးအဆင်ပြေသည့် အတိအကျရက်ကိုမူ မသတ်မှတ်ရသေးကြောင်း မဇ္ဈိမကို ပြောသည်။

"၂၀၁၅ ဧပြီ ၂၂ - မေ ၁၁ ရက်ကြားမှာ လွှတ်တော်ပြန်မစခင် ကြားလည်း ဖြစ်နိုင်တယ်။ အရေးကြီးပြင်လိုတဲ့ အခြေခံဥပဒေ ပုဒ်မတွေ ဘာတွေကို ပြင်ချင်တယ်ဆိုတာ ဖြစ်လာနိုင်တယ်" ဟု မဇ္ဈိမနှင့် အင်တာဗျူးတွင် ဒေါက်တာအေးမောင်က ပြောထားသည်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ပါဝင်သည့် ဒေါက်တာအေးမောင် အပေါ်တွင်လည်း လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ တိုင်းရင်းသား ပါတီများနှင့် တိုင်းရင်းသား ခေါင်းဆောင်အချို့တို့က သဘောထားကွဲပြားမှုများ ရှိနေသည်။

"ဆွေးနွေးမှုတွေ မတိုင်မီ ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး သဘောထား ရယူပြီးရင် ရတာတွေကို ဆွေးနွေးတဲ့အခါ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြနိုင်ရမယ်၊ ပြန်လာတဲ့ အခါ အားလုံးနဲ့ ပြန်ဖလှယ်၊ ဒါဆို လုံလောက်တယ်၊ ဒီလိုမဟုတ်ရင် လွှတ်တော်က ဒေါက်တာ အေးမောင်ကို ရွေးတယ်လို့ ပြောနိုင်တယ်။ လွှတ်တော် ပြင်ပမှာလည်း နိုင်ငံရေးပါတီတွေ ရှိနေသေးတယ်။ ခေါင်းဆောင်တွေ ရှိနေသေးတယ်" ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ မနာမ်တူးဂျာက ပြောသည်။

ခြောက်ပွင့်ဆိုင်တွင် တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးရန် လွှတ်တော်တွင်းရှိ ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်း အဖွဲ့ဝင် တိုင်းရင်းသားပါတီ ၁၂ပါတီ မှ ကိုယ်စာလှယ်လောင်း ၆၀၀ တို့အကြား မဲခွဲဆုံးဖြစ်ရာ ဒေါက်တာအေးမောင်က အနိုင်ရရှိကာ သွားရောက်ဆွေးနွေးခြင်းဖြစ်သည်။

ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်းသည် ၂၀၁၀ ရွေးကောက်ပွဲ သို့ ဝင်ရောက်ခဲ့ကြသည့် တိုင်းရင်းသား ပါတီပေါင်း ၂၂ ပါတီနှင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment