မေလ ၃ရက်တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို
မြန်မာနိုင်ငံတွင်လည်း UNESCO (United Nation Educational, Scientific, and
Cultural Organization) နှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့က ကြီးမှူးကာ
ရန်ကုန်မြို့ပြည်လမ်း၊ Novotel Myanmar Max Hotel တွင် နံနက် ၉နာရီမှ
နေ့လည် ၁၁နာရီအထိ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်၊ ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ် အပါအဝင် သံအမတ်များ၊ စာနယ်ဇင်းအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။ ထိုအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် စာနယ်ဇင်းဆိုင်ရာ လွတ်လပ်ခွင့်အခြေအနေ နှင့် သတင်းသမားတို့၏ အရည်အသွေး လိုအပ်ချက်များ ဆိုင်ရာ ပြောကြားချက်များကို မဇ္ဈိမက စုစည်း ဖော်ပြလိုက်သည်။
ကျွန်မတို့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဆိုတဲ့ နေရာမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ ဘာလဲလို့ အများကြီးရှင်းရမယ်။ အင်္ဂလိပ်လိုဆိုရင် Freedom ပေါ့။ ဒါကို မြန်မာလို့ ပြန်ရင် လွတ်လပ်မှုလား၊ အနှောင်အဖွဲ့ကင်းမှုလား ဘာကိုပြောချင်တာလဲ၊ လွတ်လပ်မှုဆိုတာက ကိုယ်ရေးချင်တာ ရေးနိုင်တာက လွတ်လပ်မှုမဟုတ်ပါဘူး။ ကိုယ့်ကို ရေးချင်အောင်။ ဘယ်လိုရေးချင်အောင် ဖိအားတွေ ရှိတယ်ဆိုတာ ဒါတွေကိုလည်း ထည့်တွက်ရမယ်။
အခုပြောနေရင်း နီပေါမှာ ငလျင်ကြောင့် သေဆုံး ပျက်စီးရသူတွေကို ကျွန်မတို့ အများကြီး ဂရုဏာသက်မိပါတယ်။ ဒါကိုပြောရတာက နီပေါက အကြောင်းတွေကို ပြောရတာ စာနယ်ဇင်းနဲ့လည်း သက်ဆိုင်ပါတယ်။ စာနယ်ဇင်းတွေက ကမ္ဘာသူ ကမ္ဘာသားတွေ သိအောင် အထောက်အကူအများကြီး ပေးခဲ့ပါတယ်။ အဲဒီတော့ စာနယ်ဇင်းလောကက ကမ္ဘာကို အထောက်အကူ အကျိုးပြုနိုင်တယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် တစ်ဖက်ကနေပြီးတော့လည်း ကမ္ဘာသူ ကမ္ဘာသား အချင်းချင်း၊ နိုင်ငံသူ နိုင်ငံသား အချင်းချင်း ညီညွတ်မှု၊ နားလည်မှုတွေကိုလည်း ပျက်ပြားစေနိုင်ပါတယ်။
သတင်းထုတ်ပြန်မှုတွေမှာဆိုရင် ကျွန်မတို့နိုင်ငံက ဘယ်လောက်တိုးတက်မှုရှိလဲဆိုတဲ့နေရာမှာ နိုင်ငံတကာ အဖွဲ့တွေက စာနယ်ဇင်း လွတ်လပ်မှုနဲ့ ထောက်ပြတယ်။ အဲဒါကို စဉ်းစားလိုက်ရင် စာနယ်ဇင်းလွတ်လပ်မှုက ကောင်းနေလို့ အားကြီးနေလို့လား ဒါမှမဟုတ် တစ်ခြားပြုပြင်ပြောင်းလဲရေးတွေက အားနည်းနေလို့ ဒါပဲ ထောက်ပြစရာ ရှိလို့ ထောက်ပြတာလား ဆိုတာအများကြီးစဉ်းစားစရာရှိပါတယ်။ အများသိတဲ့အတိုင်း နိုင်ငံတစ်ကာ ဆင်ဆာရှစ် အတင်းကျပ်ဆုံးနိုင်ငံ ၁၀နိုင်ငံမှာ မြန်မာက နံပါတ် ၉ဖြစ်ပါတယ်။ အဲဒါကို ကြည့်ရင် ကျွန်မတို့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ ရှေ့ဆက်သွားဖို့ အများကြီး လိုနေသေးတယ်ဆိုတာ ထင်ရှားပါတယ်။
စာနယ်ဇင်း သမားတွေမှာ ပြင်ပက ပုဂ္ဂိုလ်အဖွဲ့အစည်းတွေက ဖိအားပေးလို့ မရေးသားနိုင်တာနဲ့ ကိုယ့်ကိုကို ကိုယ့် ဆုံးဖြတ်ချက်နဲ့ ဒါတော့ငါမရေးဘူး၊ ဒါရေးရင် ပြဿနာဖြစ်နိုင်တယ်ဆိုပြီး မရေးဘဲ ဆင်ဆာလုပ်တာရှိတယ် တစ်ကယ်ဆိုရင် ကိုယ့်ကိုကို ဆင်ဆာလုပ်တာက အချက်တစ်ခုတည်းပေါ်မှာပဲ မူတည်သင့်ပါတယ်။ ဒီဟာမှာ သိက္ခာရှိတဲ့ စာနယ်ဇင်းလောကသူ လောကသားတွေရဲ့ ကျင့်ဝတ်နဲ့ ညီမညီအဲဒါကိုပဲ၊ စဉ်းစားပြီးတော့ ဆုံးဖြတ် ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်းလွတ်လပ်ခွင့်ရတဲ့အချိန်ဟာ တစ်နည်းအားဖြင့် ပြောရရင် အင်မတန်မှ အချိန်နှောင်းတဲ့ အချိန်ဖြစ်သွားပါပြီ။ အချိန်နှောင်းတယ်ဆိုတာက ဘယ်လိုပြောလိုတာလဲဆိုတော့ စာနယ်ဇင်း လွတ်လပ်မှုကို တည်တည်ငြိမ်ငြိမ်နဲ့ အချိန်ယူပြီးတော့ တည်ဆောက်နိုင်ဖို့ကာလကို လွန်တဲ့အချိန်မှာ ကျွန်မ တို့က စာနယ်ဇင်းလွတ်လပ်ခွင့်ရကို ရတာ။ ဆိုရှယ်မီဒီယာကို ကျယ်ကျယ်ပြန့်ပြန့်သုံးနေတဲ့ အချိန်မှ ကျွန်မတို့ နိုင်ငံမှာ စာနယ်ဇင်းလောက လွတ်လပ်မှု အတိုင်းအတာ တစ်ခုအထိရလာတော့ အေးအေးဆေးဆေးနဲ့ တည်ဆောက် ဖို့ သိက္ခာရှိတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေ တည်ဆောက်ဖို့အချိန်က လွန်လာပြီဖြစ်ပါတယ်။ မလုပ်နိုင်တာမဟုတ်ပါဘူး။ အချိန်လွန်မှ လုပ်ရလို့ ကျွန်မတို့ ပိုပြီးတော့ ကြိုးစားရမှာပါ။ အဲတော့ သတင်းသမား တွေရဲ့ သိက္ခာဆိုတာဘာလည်းလို့ အရိုးဆုံးပြောလိုက်လို့ရှိရင်တော့ အမှန်တစ်ရားပေါ်မှာ အခြေခံပြီးတော့ သတင်းတွေကို ရယူပြီးထုတ်တာဖြစ်ပါတယ်။
ဒါပေမယ့် အမှန်တစ်ရားဆိုတာကဘာလဲ သတင်းသမားတွေက သတင်းတွေ တင်ပြတဲ့အခါ ကိုယ့်ဝါသနာအရ ရှုထောင့်မျိုးစုံက ကိုယ့်ယုံကြည့်ချက်အရ ပြောကြမှာပဲ။ အဒီတော့ အားလုံးကိုကြည့်လိုက်ပြီး လိမ်လည်လှည့်ဖြားနေတယ်ဆိုလားဆိုတော့လည်း မဟုတ်ပါဘူး။ တစ်ယောက်ခြင်းက ကိုယ်ဆန္ဒအရ၊ ဂရုဏာသက်မိအရ ရေးကြတာပါပဲ။ ဒါပေမယ့် တစ်ကယ့်ကို သိက္ခာရှိတဲ့ စာနယ်ဇင်းသမားတွေက ဒါကို ချင့်ချိန်ရမယ်။ ကိုယ်က မျှမျှတတဖြစ်အောင်လို့ ကူညီမှုတွေရှိတယ်။ လိုအပ်တာ လည်းရှိတယ် ဆိုတာကိုသက်သေနဲ့ ဘာတွေ၊ ဘယ်နေရာမှာ လိုနေလည်းဆိုတဲ့ ကူညီချင်တဲ့ ဘယ်သူ့ကိုမှ တိုက်ထုတ်ချင်နဲ့ စိတ်နဲ့ဖြစ်ရပါမယ်။ သတင်းသမားကောင်းတစ်ဦးဖြစ်ဖို့၊ အန္တရယ်တွေကြားမှာ ခက်ခက်ခဲခဲ သတင်းတွေ ရယူဖို့ဖြစ်နိုင်ဖို့အဲဒီအချိန်ကို မရောက်ခင် ကိုယ့်ကိုကို သတင်းသမားကောင်းတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုကို အများကြီးပြုစုပျိုးထောင်ဖို့လိုပါတယ်လို့ သတိပေးပါတယ်။
သတင်းထောက်တစ်ယောက်ဖြစ်ဖို့ အများကြီး အလုပ်လုပ်ရပါတယ်။ ကျွန်မ သတင်းသမားတွေနဲ့ အများကြီး အမေးအဖြေလုပ်ဖူးတဲ့သူ တစ်ယောက် အနေနဲ့ ပြောပါရစေ။ သတင်းသမားတစ်ချို့ အိမ်စာကောင်းကောင်းမလုပ်ဘူး။ လာပြီးမေးသာ မေးတယ် မေးတဲ့အချက်အလက်တွေကျတော့ ကောင်းကောင်းမသိဘူး။နိုင်ငံအကြောင်း၊ နိုင်ငံရေးအခြေအနေ အကြောင်းလည်း ကောင်းကောင်းမသိဘူး။ ဒါတွေကိုမလေ့လာထားဘူး။ တွေ့တဲ့အခါမှာ လွယ်လွယ်လေးပဲ မေးခွန်းတွေထုတ်လိုက်တယ်။ အဲဒီတော့ စမေးကတည်းက ကျွန်မသိတယ်။ ဘယ်သူတွေ အိမ်စာ လုပ်ထားတယ်။ ဘယ်သူတွေ မလုပ်ထားဘူးဆိုတာကို၊ အိမ်စာလုပ်ထားသူတွေနဲ့ အမေးအဖြေလုပ်ရတာက စိတ်ဝင်စားဖို့ ကောင်းတယ် ကျွန်မအတွက်လည်း အကျိုးရှိတယ်။ တစ်ခါတစ်လေ ကျွန်မ မစဉ်းစားမိတဲ့ အချက်အလက်လေးတွေကို သူတို့ မေးတဲ့ မေးခွန်းတွေကြောင့်မို့ ပေါ်လာတာ စဉ်းစားမိတာတွေ ရှိသွားတယ်။ နောက်ပြီး အမေးအဖြေကလည်း အသက်ဝင်သွားတယ်။ ကိုယ့်အလုပ်တစ်ခု ကောင်းအောင်က စပြီးတော့ ပြင်ဆင်တဲ့ အဆင့်ကနေပြီးတော့ စပြီးလုပ်ရမှာပါ။ အဲဒါကို ကျွန်မတို့ရဲ့ သတင်းသမားတွေ သတိပြုစေချင်ပါတယ်။ အိမ်စာကို ကျေအောင်လုပ်ပြီး တက်နိုင်သမျှ ဓမ္မဓိဌာန်ကျကျ ရေးသားသုံးသပ်နိုင်ရပါမယ်။
သတင်းသမားတွေက သတင်းအချက်အလက်တွေကို ရေးပြီးရုံနဲ့ တင်မက သုံးသပ်နိုင်မှုလည်း ရှိရပါမယ်။ မသုံးသပ်ရဲရင်လည်း အဆင့်မြင့်တဲ့ သတင်းထောက်မပီသပါဘူး။ သို့သော်လည်း သုံးသပ်တဲ့ နေရာမှာလည်း ချင့်ချင့်ချိန်ချိန်မဟုတ်ဘဲနဲ့ ကိုယ့်ဆန္ဒစွဲ၊ ခံစားမှုအရရေးတယ်ဆိုရင်လည်း အင်မတန်မှ တာဝန်မဲ့တဲ့ သတင်းထောက်တစ်ယောက် ဖြစ်သွားပါမယ်။ အဲဒီတော့ ကိုယ့်ရဲ့သုံးသပ်ချက်ဟာ ကိုယ့်သိက္ခာ၊ နိုင်ငံနဲ့ ပြည်သူပေါ်ထားတဲ့ စေတနာကို ရောင်ပြန် ဟပ်တယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ သတင်းသမားများ၊ အိမ်စာကျေ အောင်၊ ပုဂ္ဂိုလ်စွဲတွေကို တက်နိုင်သမျှ ဖယ်ရှားနိုင်အောင် ကြိုးစားကြပါ။
သတင်းသမားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်တယ်ဆိုတာကို မမေ့ကြပါနဲ့။ သတင်းသမားတွေက မှန်မှန် ကန်ကန် မဟုတ်ဘဲ ကိုယ့်အစွဲအလမ်းအရ လုပ်မယ်ဆိုရင် တစ်ချိန်မဟုတ် တစ်ချိန်မှာ ပေါ်လွင်လာမှာဖြစ် ပါတယ်။ အခု ဒီမှာ အဖွဲ့တွေ ကောင်စီတွေ လေးငါးဖွဲ့လောက် တက်ပြောမှာဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ နိုင့်ငံရဲ့ ပျူရယ်လစ်ဇင်လို့ အဖက်ဖက်ကနေ အမျိုးမျိုးပါဝင်တယ်လို့ ပြောမှာပဲ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကွဲကြောင်းထပ်တယ် ဆိုတယ်လို့လည်း ပြောရမှာပါပဲ။ ဒါလည်း နည်းနည်းတော့ ဆင်ခြင်ဖို့လိုပါတယ်။
ကျွန်မတို့က စာနယ်ဇင်းများအတွက် ကောင်းတဲ့ဥပဒေတွေ ပေါ်ထွက်လာဖို့ ကြိုးစားပါ့မယ်။ ဒါပေမယ့် ဥပဒေတွေ ထိရောက်ဖို့ လုပ်ရမှာကတော့ အုပ်ချုပ်ရေးပိုင်းတာဝန်၊ နည်းဥပဒေမထွက်သေးတာလည်း အုပ်ချုပ်ရေးပိုင်း တာဝန်ပါ။ သတင်းသမားများလည်း အမှန်တစ်ရားများကို တက်နိုင်သမျှ ရှာဖွေကြပါ။ ပြည်သူတွေလည်း အမှန်သတင်းနဲ့ မမှန်သတင်း၊ အမှန်သတင်းနဲ့ ကောလဟာလ အကြား၊ အမှန်သတင်း နဲ့ ပုဂ္ဂိုလ်ရေး တစ်ဦးနဲ့ တစ်ဦး တိုက်ခိုက်မှုအကြား၊ မှန်မှန်ကန်ကန် ခွဲခြားနိုင်ဖို့အတွက် ကူညီမဆ ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
Credit - Mizzima News
No comments:
Post a Comment