၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၂၀၁၀ ရွေးကောက်ပွဲ၌ အနိုင်ရရှိထားသည့် လွှတ်တော် ကိုယ်စား လှယ် ၈၈၂ ဦးက တစ်ဝက်သာ ပြန်လည် အရွေးချယ်ခံမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော်က မဇ္ဈိမကို ပြောသည်။
၎င်းက " အသက်အရွယ်၊ ကျန်းမာရေးကြောင့် တစ်ဝက်လောက်ပဲ ပြန်ဝင်မယ်။ ကျန်တာက အသစ်တွေပါ၊ ကိုယ်စားလှယ် ရွေးတာ လုပ်နေတယ်။ သမ္မတနေ ရာ ပြိုင်ဖို့ ရွေးထားတာ မရှိသေးဘူး" ဟု ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် တစ်နိုင်ငံလုံးရှိ ပြည်သူ၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်၊ မဲဆန္ဒနယ်များအတွက် ကိုယ်စား လှယ်လောင်း ၁,၁၁၂ နေရာကို ၀င်ရောက် မည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး မဲဆန္ဒနယ်၏ ၈၈၂ နေရာ ကို အနိုင်ရရှိ ထားသည်။
အာဏာရပါတီ ပြည်ခိုင်ဖြိုးကရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို အပြီးသတ်ရွေးချယ်ရန်ပြင်ဆင်နေသော်လည်း အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကမူ တိကျသည့် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သိရှိမှသာ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မည်ဟု NLD ဗဟိုအလုပ် မှုဆောင် ဦးထွန်းထွန်းဟိန်က ပြောသည်။
"တချို့မြို့နယ်တွေတော့ ရှိထားတယ်။ တချို့လည်း မရှိသေးဘူး။ ပါတီဝင် ဖြစ်ဖြစ် မဖြစ်ဖြစ် အရည်အချင်း ရှိသူတွေ ပြိုင်နိုင်သူတွေကို ရွေးချယ်မှာပဲ၊ ဗဟို အလုပ်မှုဆောင် အဖွဲ့ကလည်း မရွေးရသေးပါဘူး" ဟု ၎င်းက ပြောသည်။
NLD ပါဝင်ယှဉ်ပြိုင်ခြင်း မရှိသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးက တစ်နိုင်ငံလုံး မဲဆန္ဒနယ်များ၏ ၇၆ ရာခိုင်နှုန်းကို အနိုင်ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှ လစ်လပ်နေရာ ၄၁ နေရာတွင်မူ အနိုင်ရရှိခဲ့ခြင်း မရှိဘဲ NLD ကသာ နေရာ ၄၀ ကို အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ လဆန်းတွင် ကျင်းပသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
Credit - Mizzima News
No comments:
Post a Comment