Wednesday, May 6, 2015

တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရန် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် သမ္မတတို့  တွေ့ ဆုံ

နေပြည်တော် (မဇ္ဈိမ) ။ ။ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. Chen Hao ဦးဆောင်သည့် အဖွဲ့ဝင် ခြောက်ဦးပါသော တရုတ် ကိုယ်စားလှယ်အဖွဲ့ သည် မေ ၆ ရက် နံနက် ၉း၀၀ နာရီတွင် နိုင်ငံတော်သမ္မတနှင့် သမ္မတ အိမ်တော်၌ တွေ့ ဆုံခဲ့သည်။

ထိုအဖွဲ့ တွင် ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးချုပ် Mrs. Zhou Hong ၊ ယူနန်ပြည်နယ် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Wang Xi Liang ၊ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. He Liang Hui ၊ ယူနန်ပြည်နယ် ညွှန်ကြားရေးမှူး Mr. Wu Jian နှင့် ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံးမှ စကားပြန် Mrs. Zhou Nan တို့ ပါဝင်သည်။


မြန်မာဘက်မှ သမ္မတဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ ဦးဝင်းမြင့်၊ ဒေါက်တာကံဇော် စသည့် ပြည်ထောင်စုဝန်ကြီးများနှင့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တစ်နာရီကြာခန့် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးချက်များကို သမ္မတရုံးက အသေးစိတ်ထုတ်ပြန်ခြင်း မရှိသော်လည်း  နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်ဟု ဖြေကြားခဲ့သည်။

မတည်ငြိမ်သေးသည့် လောက်ကိုင်ဒေသ တိုက်ပွဲများကြောင့် တရုတ်နိုင်ငံဘက်သို့ ကျည်များကျပြီး ကြံခင်းလုပ်သား တရုတ်လူမျိုးငါးဦး သေဆုံးခဲ့ခြင်းကို  မြန်မာအစိုးရသို့ ပြင်းထန်စွာ သတိပေးပြီးနောက်ပိုင်း တရုတ်ဘက်သို့ ကျည်များ ထပ်ကျခြင်းတို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ တရုတ်ပြည် ခရီးစဉ်နှင့် ယခု ယူနန်ပြည်နယ် အုပ်ရေးမှူး၏ မြန်မာပြည်ခရီးစဉ်များသည် လောက်ကိုင်စစ်ပွဲများကြောင့် တင်းမာခဲ့သော နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် ယုံကြည်ခိုင်မာလာစေမည်လောဟု နိုင်ငံရေးသုတေသီတို့က စောင့်ကြည့်လျက်ရှိကြသည်။


Credit - Mizzima News

No comments:

Post a Comment