မိမိတို့သည် ပညာရှိစကား၊ ခေါင်းဆောင်များ၏ စကား၊ တွေးခေါ်ပညာရှင်များ၏ စကားအစရှိသည့် လူပုဂ္ဂိုလ်အမျိုးမျိုး၏ စကားအထွေထွေကို လေးစားစွာ လက်ခံရပါသည်။ ယုံကြည်သက်ဝင်စွာ သင်ခန်းစာ ယူကြရပါသည်။ လိုက်နာကျင့်ကြံကြရပါသည်။
ဤသည်မှာ လူသား၏ ကောင်းမွန်မှန်ကန်ပြီး အဆင့်မြင့်သော ယဉ်ကျေးမှုတစ်ခု ဟူ၍ပင် ဆိုနိုင်ပါသည်။ ဤကဲ့သို့ ဆင်ခြင်ပြီး ဆက်စပ်စဉ်းစားသောအခါ လူတို့၏ နှုတ်ထွက်စကားသည် လွန်စွာ အရေးကြီးသည်ဟူ၍လည်း မှတ်ယူကောင်းပါသည်။
တချို့သော မြန်မာစကားပုံများထဲ၌ နှုတ်ချို လျှိုတစ်ပါး ဟူ၍လည်းကောင်း၊ စကားစကား ပြောပါများ စကားထဲက ဇာတိပြ ဟူ၍လည်းကောင်း စကားအရာနှင့်ပတ်သက်သော စကားပုံများလည်း ရှိပါသည်။ ထိုစကားပုံများ၏ အလိုအရ မိမိတို့က ဆင်ခြင်စရာ ရှိသည်ကို ဆင်ခြင်ရမည်ဖြစ်ပြီး လိုက်နာသင့်သည်ကို လိုက်နာကြရမည်ဖြစ်သည်။
ခေါင်းဆောင်ကောင်းတို့၏ ဆိုစကားတချို့ကလည်း စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါသည်။ ကွယ်လွန်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တော်လှန်ရေးမှာလည်း အနုပညာလိုအပ်တာပဲ၊ အနုပညာမရှိတဲ့ တော်လှန်ရေးဟာ တကယ့်တော်လှန်ရေးအစစ် မဟုတ်ဘူး ဟူသောစကားမှာ စိတ်ဝင်စားဖို့ ကောင်းလှပြီး တော်လှန်ရေးဆိုလျှင် ပုတီးစေ့နှင့်ပေါက်တာမဟုတ်ဘူးဟူသော လူတချို့၏ တော်လှန်ရေးနှင့် ပတ်သက်သည့် အယူအဆအပေါ် ဆင်ခြင်ရန် ဖြစ်လာစေသည့် စကားဖြစ်ပါသည်။
သည်နေရာတွင် စကားစကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသည့်စကားကို သည်နေရာတွင် အထူးတလည် ဦးတည်ပြီး စဉ်းစားမိသည်။ လူတစ်ယောက် အဘယ်မျှ အစွမ်းအစရှိသည်၊ အတွေးအခေါ်အရာတွင် အဘယ်မျှ မြင့်သည်နိမ့်သည်၊ အသိပညာ အဘယ်မျှ များသည်နည်းသည်နှင့် သူ့ရင်ထဲ ဘယ်လိုတွေ တွေးနေခံယူနေသည်ကို တိုင်းတာလို့ရသည့် ပေတံမှာ သူပြောသည့် စကားများသာဖြစ်သည် ဟူသည့်စကားဖြစ်ပါသည်။
သည်စကားအပေါ် အဓိကထား စဉ်းစားကြည့်မည်ဆိုလျှင် အရည်အချင်း မရှိသူများသည် သူများကို မှီပြီးမှ သို့မဟုတ် တွန်းချပြီးမှသာ ကိုယ်အောင်မြင်မှုရအောင် လုပ်တတ်ကြသည်ဟူသည့် စကားကိုပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ စကားသည်လည်း မိမိတို့က ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင်ရာ အောင်မြင်ကြောင်း ဆောင်ရွက်ကြသည့်သူများနှင့်ပတ်သက်သည့် အဆိုအမိန့်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ မိမိကိုယ်ကိုယ်သာ အရည်အချင်းရှိအောင် ပထမကြိုးစားသင့်သည်ဟူသော အဓိပ္ပာယ်ကို ဆင်ခြင်မိကြရပါသည်။
တဖန် တလောလေးတုန်းက လွှတ်တော်၏ အကြီးအကဲ တစ်ဦးဖြစ်သူ ပြောကြားခဲ့သည့် စကားကိုလည်း မိမိတို့အဖို့ စဉ်းစားဆင်ခြင်ကာ ထိုစကားမှာ မှန်၏ မမှန်၏ အတွေးအခေါ်အရာတွင် ကြီး၏ မကြီး၏ မြင့်၏ မမြင့်၏ကို မိမိတို့ စဉ်းစားဆင်ခြင်ကြရမည်လည်း ဖြစ်ပါသည်။
ထိုအကြီးအကဲက သူသည် ဒေါ်အောင်ဆန်းစုကြည်ကို အကောင်းဆုံး ယှဉ်ပြိုင်ဘက်အဖြစ် သဘောထားပါကြောင်းနှင့် ယခင် စစ်ခေါင်းဆောင်များသည် အရည်အချင်းရှိသောသူများ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသည်။ ထိုအခါ အများပြည်သူများကြား၌ ထိုစကားမှာ ဝေဖန်ဆန်းစစ်စရာ ဖြစ်လာခဲ့ပါသည်။
အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ညောင်နှစ်ပင် ညီလာခံက ရေးဆွဲပြဋ္ဌာန်းထားရှိသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရဆိုပါလျှင် ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်နည်းနှင့်မျှ သမ္မတအဖြစ် အရွေးချယ်ခံခွင့်ရှိသူ မဟုတ်နိုင်ချေ။ သည်လို အခြေအနေအောက်တွင် ဒေါ်အောင်ဆန်းစုကြည်အား အကောင်းဆုံးယှဉ်ပြိုင်ဘက်အဖြစ် ရည်ရွယ်ပြောဆိုသည့် စကားမှာ လက်တွေ့မကျသည့် စကားအဖြစ် ဝေဖန်သံများ မိမိတို့ ကြားခဲ့ကြရပါသည်။
ထို့အပြင် ယခင်စစ်ခေါင်းဆောင်များကို လူတော်များအဖြစ် ပြောဆိုသွားခဲ့သည့် စကားတွင်လည်း နှစ်ပေါင်း ခြောက်ဆယ်အတွင်း အထွေထွေ ချွတ်ခြုံကျသွားခဲ့သည့် တိုင်းပြည်အခြေအနေနှင့် ချိန်ထိုးကာ ထိုစကားသည်လည်း လက်တွေ့နှင့်ကင်းကွာသည့်စကားအဖြစ် အများက ဝေဖန်ကြသည်များ ရှိခဲ့ပါသည်။
ထို့ကြောင့် လူတို့၏ နှုတ်ထွက်စကားသည် အရေးကြီးပါသည်။ နှုတ်ထွက်စကားသည် ယင်းပြောဆိုသော လူပုဂ္ဂိုလ်၏ စိတ်နေစိတ်ထား၊ အတွေးအခေါ်နှင့် ဉာဏ်ပညာအခြေအနေများကို တိုင်းတာလို့ရသည့် ပေတံများသာဖြစ်သည်ဟု တင်စားပြောဆိုကြခြင်းဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
Credit - Mizzima News
No comments:
Post a Comment