ကွာလာလမ်ပူ၊ မေ-၈။ ။ အလုပ်သမားအခွင့်အရေး အုပ်စုတစ်စုက
မလေးရှားနိုင်ငံတွင် ပျောက်ဆုံးသွားသည့် မှတ်တမ်းမတင်ရသေးသော ရွှေ့ပြောင်း
လုပ်သားများအကြောင်း သတင်းပို့ချက်များကို လက်ခံရရှိခဲ့ကြောင်း
ကြာသပတေးနေ့က ပြောကြားခဲ့ပြီး၊ အိမ်နီးချင်းထိုင်းနိုင်ငံတွင်
ဖော်ထုတ်တွေ့ရှိခဲ့သည့် အသေအပျောက်များသည့် လူကုန်ကူးမှုမှာ
နိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် ကူးစက်လာခြင်း ရှိမရှိကို
စုံစမ်းစစ်ဆေးရန် ထိုအုပ်စုက မလေးရှားအာဏာပိုင် များကို တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အဆုံးရက်များက နှစ်နိုင်ငံနယ်စပ်တလျှောက်ရှိ ရွှေ့ပြောင်းအခြေချ ၂၆ယောက်တို့၏ ရုပ်အလောင်းများ တူးဖော်တွေ့ရှိခဲ့ရာ သင်္ချိုင်းမြေအနီးတွင် နောက်ထပ်ရုပ်အလောင်း ၆လောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားအပြီးတွင် မလေးရှား အင်ဂျီအို တစ်ခုဖြစ်သည့် Tenaganita ၏ တောင်းဆိုမှု ထွက်ပေါ်လာခဲ့ခြင်းပင်ဖြစ်သည်။
Tenaganita ၏ ညွှန်ကြားရေးမှူး ဂလိုရင်း ဒက်စ်၏ ပြောကြားချက်အရ ၄င်း၏အုပ်စုမှာ လွန်ခဲ့သောနှစ်အတွင်း သူတို့၏ဆွေမျိုးများပျောက်ဆုံး သွားသည့် အကြောင်း တရားမ၀င် ရွှေ့ပြောင်းအခြေချများနှင့် ဒုက္ခသည်များထံမှ သက်သေခံထွက်ဆိုချက်များကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။
လူမှောင်ခိုသွင်းမှုတွင် မလေးရှားနိုင်ငံသားများ ပါဝင်ပတ်သက်နေသည်ကို အဆိုပါသက်သေခံထွက်ဆိုချက်များက ညွှန်ပြနေသည်ဟုလည်း သူမက ပြောကြား ခဲ့သည်။ သို့ရာတွင် မလေးရှားတွင် ရွှေ့ပြောင်းအခြေချများကို ၄င်းတို့၏ ဆန္ဒနှင့်ဆန့်ကျင်ပြီး အတင်းအဓမ္မ ထိန်းသိမ်းထားသည့် စခန်းများ တကယ် ရှိမရှိနှင့် ပတ်သက်ပြီး ခိုင်မာသည့် သတင်းအချက်အလက်၊ မျက်မြင်သက်သေဖြစ်ရပ်များ မရှိသေးကြောင်းလည်း သူမက သတိပေးခဲ့သည်။
‘သူတို့မိသားစုဝင်တွေ ပျောက်ဆုံးသွားတဲ့အခါ၊ ဒါမှမဟုတ် သူတို့က အိမ်ကို စာမရေးကြတော့တဲ့အခါ သူတို့မိသားစုဝင်တွေကို ကူညီပြီးခြေရာခံပေးနိုင်မလား လို့ ကျွန်မတို့ဆီ ရောက်လာကြတယ်’’ဟု ဒက်စ်က ပြောကြားသည်။ ‘လူမှောင်ခိုကူးမှုမှာ မလေးရှားတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ အမှန်ပဲဆိုတာ ကျွန်မ တို့သိပါတယ်’’ဟုသူမက ထပ်လောင်းပြောကြားသော်လည်း အခြေအနေ၏ အမှားအယွင်းမခံမှုနှင့် အားနွဲ့သောဒုက္ခသည်များကို ကာကွယ်ရန်အတွက် သတင်း အချက်အလက် အပြည့်အစုံကို ပြောကြားရန်မူ သူမက ငြင်းဆန်သွားခဲ့သည်။
သို့ရာတွင် မလေးရှားအစိုးရအနေဖြင့် အမှန်တကယ် ပါဝင်ပတ်သက်နေသူများကို တရားစွဲဆိုအပြစ်ပေးနိုင်ရန် ဘယ်သူဘယ်ဝါ စုံစမ်းစစ်ဆေးသွားရန်လည်း ဒက်စ်က တိုက်တွန်းခဲ့သည်။
ထိုင်းနိုင်ငံတွင် တွေ့ရှိရသည့် ရုပ်အလောင်းများမှာ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ နှစ်ပေါင်းများစွာ အလုံးအရင်းနှင့် ခိုးဝင်လာနေခဲ့ကြသည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ဖွယ်ရှိသည်ဟု ယူဆရသည်။
မလေးရှားပြည်ထဲရေးဝန်ကြီး ၀မ် ဂျူနိုင်ဒီ တူအန်ကူ ဂျားဖားကမူ ထိုင်းနိုင်ငံတွင် လှုပ်ရှားနေသည့် လူမှောင်ခိုဂိုဏ်းတွင် မလေးရှားပါဝင်ပတ်သက်သည့် အထောက်အထား လုံးဝမတွေ့ရှိရဟု ပြောကြားခဲ့သည်။
သို့ရာတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အုပ်စုတစ်စုဖြစ်သည့် Freeland Foundation ၏ ပြောကြားချက်အရမူ ထိုင်းရဲနှင့် အင်ဂျီအိုများက ပြုလုပ်သည့် စုံစမ်း စစ်ဆေးမှုအရ လူကုန်ကူးသူများက မိသားစုဝင်များထံမှ ရွေးကြေးအနေဖြင့် ရွှေ့ပြောင်းလုပ်သားတစ်ယောက်လျှင် အမေရိကန်ဒေါ်လာ ၃၀၀၀ ၀န်းကျင်တောင်းဆိုခြင်းရှိသကဲ့သို့၊ မလေးရှားစိုက်ခင်းများတွင် အလုပ်လုပ်ရန်အတွက် တစ်ယောက်ကို ဒေါ်လာ ၁၀၀၀ဖြင့် ရောင်းချခြင်းများလည်း ရှိသည်ဟု ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment