Friday, May 8, 2015

တိုင်းအစိုးရ ဦးဆောင်မည့် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ ထူထောင်ရာတွင် ပွင့်လင်းမြင်သာမှု မရှိခဲ့ဟု လုပ်ငန်းရှင်များ ပြော

ရန်ကုန်၊ မေ ၎

ရန်ကုန်တိုင်းအစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းကာ ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ ထူထောင်ရန်အတွက် တိုင်းအစိုးရဘက်မှ ရှယ်ယာအဆိုပြုလွှာ ခေါ်ယူမှုတွင် လုပ်ငန်းနှင့် ပတ်သက်၍ ပုဂ္ဂလိက လုပ်ငန်းရှင်များ ရရှိခံစားရမည့် အကျိုးအမြတ်ဆိုင်ရာ ခွဲဝေမှုအပါအ၀င် လုပ်ငန်းနှင့် ပတ်သတ်သော အခြား အချက်အလက်များကို ပွင့်လင်းမြင်သာစွာ ချပြထားခြင်း မရှိသည့်အတွက် ရှယ်ယာထည့်ဝင်နိုင်ရေး အလို့ငှာ စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ပုဂ္ဂလိက ယာဉ်လိုင်းပိုင်ရှင်များက မေလ(၄) ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်း အများပိုင်ကုမ္ပဏီကို တိုင်းအစိုးရဘက်မှ ငွေကျပ် ၁၀ ဘီလီယံနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များဘက်မှ ငွေကျပ် ၁၅ ဘီလီယံ စိုက်ထုတ်ကာ လုပ်ဆောင်သွားရန်
စီစဉ်ထားခြင်းဖြစ်ပြီး မေလ ၄ ရက်က ရှယ်ယာ ရှင်များ လက်ခံခြင်း အခမ်းအနားကိုလည်း ရန်ကုန်တိုင်း လွှတ်တော်အတွင်းရှိ တိုင်းအစိုးရ အဖွဲ့ရုံး၌ ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

““ကျွန်တော်တို့ ထောင်လို့မရဘဲနဲ့ သူတို့ထောင်ပြီး သူတို့လက်အောက်ဝင်ရမယ်။ ကျွန်တော်တို့ကိုကျတော့ လုပ်ပိုင်ခွင့် မပေးဘူး ဆိုရင်တော့ ဒါကတော့ အဆင်မပြေဘူးလေ။ ကျွန်တော်ကတော့ လုပ်ဆောင်ချက်တွေ ကောင်းလာမယ် ဆိုရင်တော့ ကျွန်တော်လည်းဝင်မှာ။ ဒါပေမဲ့ သူတို့ဘက်က Plan တွေ ဘယ်လိုတွေ ဘယ်ဝါ တွေ လုပ်ဆောင်ချက်တွေ တစ်ခုမှ ချသွားတာ မရှိတဲ့အတွက် ဒီနေ့ကတော့ မထည့်သေးပါဘူး။ ပွင့်လင်း မြင်သာမှု မရှိဘူး။ ဖြေတဲ့ဟာတွေက ဝေ့၀ိုက်သွားတယ်လေ””ဟု အရှေ့ပိုင်းခရိုင် မော်တော်ယာဉ် လိုင်းပေါင်းစုံ ကော်မတီ လက်အောက်တွင် ပြေးဆွဲလျက်ရှိသည့် စံဝေလ ယာဉ်လိုင်းပိုင်ရှင်ဖြစ်သူ Lwin Hein ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းလွင်က မေလ ၄ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ယာဉ်လိုင်း ကုမ္ပဏီကို ရန်ကုန်မြို့တွင်း နေထိုင်သည့် ပြည်သူများ၏ သွားလာရေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အဆင်ပြေစေရန် တည်ထောင်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြင့်ဆွေက ယင်းရှယ်ယာရှင်များ လက်ခံခြင်း အခမ်းအနား၌ ထည့်သွင်း ပြောဆိုခဲ့ပြီး အများပြည်သူများ ပါဝင်နိုင်သည့် Public Private Partnership (PPP) စနစ်ဖြင့် အများပိုင်ကုမ္ပဏီ ထူထောင်သွားရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

““ဒီအများပိုင် ယာဉ်လိုင်းလုပ်မယ်ဆိုရင် ဒီဥစ္စာ အမှန်ပြောရင် မလုပ်ခင်ကတည်းက သူတို့ရဲ့ Plan တွေကို ချပြ ရမယ်။ အကြောင်းပြ ဆွေးနွေးတိုင်ပင်ပြီး အဖြေရှာတဲ့ အဲဒီအပေါ်မှာရပြီးတော့မှ အခုလို ဆွေးနွေးပွဲကို ခေါ်ရင်တော့ ပိုပြီးတော့ အောင်မြင်တဲ့ ဆွေးနွေးပွဲ တစ်ရပ်ဖြစ်မယ်လို့ မြင်တယ်။ ယာဉ်ပိုင်ရှင်တွေ ဘယ် လောက်ရမယ်။ အစိုးရက ဘယ်လောက် အကျိုးခံစားရမယ်။ အဲဒီလိုမျိုးဂဏန်း မဟုတ်ရင် တောင်မှ ရာခိုင်နှုန်းတစ်ခုကို ဖော်ပြဖို့လိုတယ်။ အဲဒီလိုမဖော်ပြနိုင်တဲ့ ဥစ္စာကတော့ ဘယ်သူမှ အရှုံးခံပြီးတော့ မထည့်နိုင်ဘူး။ လိုင်းတစ်လိုင်း လုပ်တဲ့နေရာမှာ အတွေ့အကြုံနဲ့ လက်တွေ့ဆန်ဆန် ဖြစ်ဖို့လိုတာပေါ့။ ဒါကြောင့် လက်တွေ့ မဆန်သေးဘဲနဲ့ ဆွေးနွေးပွဲတစ်ရပ် အနေနဲ့တော့ ဒီလိုပဲ ဒါလုပ်ရမယ်၊ ဒါလုပ်ဖို့ ရှယ်ယာ ခေါ်ပါတယ်ဆိုတာကတော့ လောလောလတ်လတ်ကတော့ ထည့်ဖို့အတွက်ကို မ၀ံ့မရဲ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်””ဟု မထသ ၃၁ ယာဉ်ကြီးလိုင်း ယာဉ်ပိုင်ရှင် ဗိုလ်မှူးမျိုးဝင်းက မြန်မာသံတော်ဆင့် သို့ ပြောသည်။

တိုင်းအစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းလုပ်ဆောင် ရန် ပြင်ဆင်ထားသည့် ယင်းအများပိုင် ကုမ္ပဏီကို ဒါရိုက်တာဘုတ်အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းရန် သတ်မှတ်ထားပြီး အစိုးရဘက်မှ ၃ ဦးနှင့် ပုဂ္ဂလိက ယာဉ်လိုင်း ပိုင်ရှင်များဘက်မှ ၄ ဦး ပါဝင်မည်ဖြစ်သည်။ ယင်းအဖွဲ့ဝင်လေးဦးကို ရှယ်ယာ အများဆုံး ထည့်ဝင်သူများထဲမှ ရွေးချယ် ခန့်အပ်မည်ဖြစ်ကာ ကုမ္ပဏီအဖြစ် မထူထောင်မီကာလတွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရောင်းဝယ်ရေး ၀န်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်တို့က ဦးဆောင် လုပ်ကိုင်သွားမည်ဖြစ်သည်။

““လောလောဆယ် ဦးဆောင်တာကတော့ ဆရာတို့ ရန်ကုန်တိုင်းဒေသ အစိုးရအဖွဲ့နဲ့ ဆရာနဲ့ပေါ့။ အဓိက ဦးဆောင်တာ လောလောဆယ်ပေါ့နော်။ ရန်ကုန်အများပိုင် ကုမ္ပဏီဆိုတာဖွဲ့မှာ။ နိုင်ငံတော် အဖွဲ့က ၃ ဦးပါမယ်။ Public ဘက် က ၄ဦး ပါမယ်။ အဲဒီအဖွဲ့ကနေပြီးတော့ အဓိကကြီးကြပ်သွားမှာ ပထမဦးဆုံး အဆင့်ဖြစ်တဲ့ အတွက် နိုင်ငံတော်ပိုင်းက ပံ့ပိုးပေးရမယ့် အပိုင်းတွေ ဆရာတို့ကအမြန်ဆုံး ဖြစ်အောင် လုပ်ပေးမှာ။ အဲဒါဆရာတို့ အပိုင်းပေါ့နော်။ ကုမ္ပဏီဖွဲ့ပြီးရင်တော့ နောက်ပိုင်း လည်ပတ်မယ့် အပိုင်း ကုမ္ပဏီကိုလွှဲမယ်”” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရည်မွန်ဖြိုး


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

  


No comments:

Post a Comment