Tuesday, May 5, 2015

“တပ်မတော် အကြောင်းကြားစာ ဥပဒေနဲ့ ညီပါသလား”

တိုက်ဆိုင်တယ်ပဲ ဆိုရမလား။ ပြီးခဲ့တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ World Press Freedom Day မှာပဲ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ကနေ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဆီ လိပ်မူပြီး အကြောင်းကြားစာတစ်စောင်ပေးပို့လာပါတယ်။ စာနယ်ဇင်း ကောင်စီကနေ တဆင့် သတင်းမီဒီယာ အသီးသီးကို ထပ်ဆင့် အကြောင်းကြားပေးလိုက်တဲ့အတွက် အခု အဲဒီသတင်း ပျံ့နှံ့လို့ နေပါပြီ။ စာပါ အဓိက အကြောင်းအရာကတော့ ကိုးကန့် သူပုန်အဖွဲ့ (MNDAA) ရဲ့ ထုတ်ပြန်
ကြေညာချက်တွေကို သတင်းမီဒီယာတွေမှာ ထည့်သွင်းဖော်ပြခြင်း မလုပ်ဖို့၊ ဖော်ပြရင် တည်ဆဲ ဥပဒေနှင့်အညီ အရေးယူသွားမယ်ဆိုတဲ့ အကြောင်းပါ။

တပ်မတော်ဘက်က ဒီလို ထုတ်ပြန်တာဟာ ဥပဒေနဲ့ လျော်ညီမှု ရှိပါရဲ့လား။ ဘယ်လိုအကြောင်းတွေကြောင့် ခုလို ကြေညာချက် ထုတ်ရသလဲ၊ဘာအကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။ သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ အကြောင်းကြားစာ
အပြည့်အစုံကတော့ ခုလိုပါ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးက မေလ ၃ ရက် နေ့စွဲ တပ်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကို ပေးပို့ခဲ့တဲ့ အကြောင်းကြားစာ အပြည့်အစုံကတော့ ခုလိုပါ။ အကြောင်းအရာ။ “ကိုးကန့် သောင်းကျန်းသူအဖွဲ့ (MNDAA) ဇ။် ထုတ်ပြန် ကြေညာချက်များအား သတင်းမီဒီယာများတွင် ထည့်သွင်းဖော်ပြမှု မရှိစေရေး။”

၁။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပန်ဆန်းမြို့တွင် ပြုလုပ်လျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ အစည်းအဝေးသို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) (ကိုးကန့်သောင်းကျန်းသူ အဖွဲ့ တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

၂။ အဆိုပါ ကိုးကန့် သောင်းကျန်းသူအဖွဲ့ (MNDAA) ကို နိုင်ငံတော် အစိုးရမှ မတရား အသင်းအဖြစ် သတ်မှတ်ကြေညာထားရှိသဖြင့် ပန်ဆန်းမြို့တွင် ပြုလုပ်လျက်ရှိသော အစည်းအဝေးမှ ကန်းကန့်သောင်းကျန်းသူ အဖွဲ့ (MNDAA) ဇ။် ထုတ်ပြန်ကြေညာချက်များကို သတင်းမီဒီယာများ အနေဖြင့် ရုပ်သံထုတ်လွှင့်ခြင်း၊ ပုံနှိပ် ဖော်ပြခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်စေရေး အသိပေး ထားရှိပါရန်နှင့် ထုတ်လွှင့်ဖော်ပြခဲ့ပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ညှိနှိုင်းအကြောင်းကြားအပ်ပါသည်” ဟု ဆိုပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား တာဝန်ရှိသူ တစ်ယောက်က လက်မှတ်ရေးထိုး ထားတာ ဖြစ်ပါတယ်။

စာမှာ ရေးသားဖော်ပြထားချက်ကို ရှင်းလင်းရရင် တရားမဝင် အဖွဲ့အစည်း ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန် ကြေညာချက်တွေကို လုံးဝ မဖော်ပြဖို့ပါ။ တကယ်တော့ တရားမ၀င် အသင်းအဖွဲ့ တစ်ခုခုနဲ့ ဆက်သွယ်ရင် ဥပဒေကြောင်းအရ တရားစွဲဆို ခံရနိုင်သလို၊ အဲလို အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက် တစ်ခုခုကို သူ့ထုတ်ပြန်ချက် အတိုင်း ဖော်ပြခဲ့ရင်လည်း အားပေးအားမြှောက် ပြုမှုနဲ့ တရားစွဲ ခံရနိုင်ပါတယ်။

ယေဘုယျ သဘော ပြောရရင် တပ်မတော်ဘက်က အဲဒီ ထုတ်ပြန်ချက်ဟာ ဥပဒေနဲ့ ညီညွတ်မှု ရှိပါတယ်။ ဒါပေမယ့် စိုးရိမ်စရာ ကောင်းတဲ့ အချက်တွေ ရှိနေပါသေးတယ်။ ပထမတစ်ချက်က ကိုးကန့်ဒေသ တိုက်ပွဲ သတင်းရေးတဲ့အခါ တပ်မတော်ဘက်က ထုတ်ပြန်တာ မဟုတ်ဘဲ အခြားသော သတင်း ရင်းမြစ်တွေကို ကိုးကားပြီး ရေးလို့ မရနိုင်တော့ဘူးလား ဆိုတာပါ။ ဒုတိယ အချက်အလက်ရှိ ၀နယ် ပန်ဆန်းမှာ လက်နက်ကိုင် တိုင်းရင်းသားတွေ အစည်းအဝေး လုပ်နေကြပါတယ်။ အဲဒီ အစည်းအဝေးမှာ ကိုးကန့် တိုက်ပွဲတွေအကြောင်း ဆွေးနွေးကြတဲ့အခါ ဒါကို သတင်းဖော်ပြရင်ရော တရားစွဲခံရမှာလား။ တတိယ တစ်ချက်က တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ ထုတ်ပြန်ကြေညာချက်တွေ ထုတ်ပြန်ကြဦးမှာလည်း ဖြစ်ပါတယ်။ အဲဒီ ထုတ်ပြန် ကြေညာချက်ထဲမှာ ကိုးကန့်ပြဿနာ ပါဝင်ကောင်း ပါဝင်လာနိုင်ပါတယ်။ အဲဒီ ကြေညာချက်နဲ့ ပတ်သက်တဲ့ သတင်းတွေ ရေးသားလို့ ရ၊ မရ ယတိပြတ် မသိနိုင်တာပါ။

ဥပဒေ နှင့်အညီရေး၊ တရားစွဲခံရရင် တရားဥပဒေ နှင့်အညီ ဖြေရှင်းနိုင်မယ်လို့လည်း စဉ်းစားလို့ မဖြစ်သေး ပြန်ပါဘူး။ အကြောင်းကတော့ တပ်မတော်နဲ့ အစိုးရဘက်က တရားလိုလုပ်ပြီး တရားစွဲတဲ့ အမှုအများစုကို တရားရုံးတွေက ပြစ်ဒါဏ် ချတာများနေလို့ပါပဲ။ ဖြစ်ပွားခဲ့ပြီးတဲ့ ယူနတီ ဂျာနယ်အမှု၊ ဘိုင်မွန်းတည့်နေ ဂျာနယ် အမှုတွေကို ကြည့်ရင် သိသာပါတယ်။ ဒီလို နောက်ခံ အခြေအနေမျိုးမှာ ဘယ်မီဒီယာနဲ့ မီဒီယာ သမားကမှ တရားရုံးတွေဆီ အရောက်သွားချင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင် တပ်မတော်ဘက်ကနေ ဒီလို အကြောင်းကြားစာမျိုး ဘာကြောင့် ထုတ်ပြန်ရသလဲ စဉ်းစားစရာပါ။

ကိုးကန့် တိုက်ပွဲ ဖြစ်စဉ် အကြောင်း ပြန်စဉ်းစားကြည့်ရင် ကိုးကန့်ဒေသမှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာနဲ့ တစ်ပြိုင်နက် စစ်အုပ်ချုပ်ရေးအရ သေဒဏ် အထိ စီရင်လို့ရတဲ့ ပြစ်မှုတွေထဲမှာ သတင်းမီဒီယာဆိုင်ရာ ပြစ်မှုကို ထည့်သွင်းထားတာ တွေ့နိုင်ပါတယ်။

နောက်တစ်ချက် ကိုးကန့်ဘက်ကို ဆက်သွယ်ပြီး သတင်းမေးရင် တည်ဆဲ ဥပဒေနဲ့ ငြိစွန်းနိုင်တယ် ဆိုပြီး ဒုဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး ဖြေကြားခဲ့တာကလည်း ရှိနေပြန်ပါတယ်။ နောက်ဆုံး တစ်ချက် ဧပြီ ၂၃-၂၄ တောင်ကုန်းအမှတ် ပွိုင့် ၂၂၀၂ တိုက်ပွဲ သတင်းနဲ့ ပတ်သက်ပြီး အလဲဗင်း သတင်းစာရဲ့ ဖော်ပြမှုကို တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က အပြင်းအထန် ကန့်ကွက်ခဲ့မှုလည်း ရှိခဲ့ပါတယ်။

ဒီအချက်တွေ အားလုံးကို ခြုံငုံသုံးသပ် ကြည့်ရင် တပ်တော်ဟာ ကိုးကန့်ဒေသ တိုက်ပွဲတွေမှာ အထိအခိုက် အကျအဆုံး များတယ်၊ ဆုံးရှုံးမှု ကြုံရတယ်ဆိုတဲ့ သတင်းမျိုး ရေးသားဖော်ပြတာကို မနှစ်သက်ဘူး လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီလို သတင်းဖော်ပြမှု ကန့်သတ်လိုက်ရင် ပြည်တွင်းထုတ် ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေမှာ ကိုးကန့်သတင်း ဖော်ပြမှုတွေ ရပ်ဆိုင်းသွားနိုင်ပေမယ့် နိုင်ငံတကာ အခြေစိုက် သတင်းမီဒီယာတွေကတော့ ဆက်ပြီး ဖော်ပြနေကြဦးမှာပဲ ဖြစ်ပါတယ်။ ရေဒီယိုနဲ့ အင်တာနက်ကနေ သတင်းတွေကို ရယူသိရှိ နေကြဦးမှာပါ။ တိုးတက် ခေတ်မီလာတဲ့ ဒီဂျစ်တယ် ခေတ်ကြီးထဲမှာ သတင်းဆိုးတွေကို အမှောင်ချတာထက် သတင်းကောင်းတွေ ဖြစ်လာအောင် လုပ်တာ၊ ဖြစ်ပေါ်လာတဲ့ အခြေအနေ အတိုင်း သတင်းမီဒီယာတွေ မှန်မှန်ကန်ကန် ဖော်ပြနိုင်အောင် ကူညီအားပေးတာမျိုး လုပ်ခြင်းကသာ တပ်မတော်အတွက် ပို အကျိုးရှိစေမှာ ဖြစ်ပါတယ်။

လက်ရှိ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ရဲ့ အကြောင်းကြားစာဟာ ဥပဒေနဲ့ ညီညွတ်ပါတယ်။ ဒါပေမယ့် သတင်းမီဒီယာ သမားတွေကတော့ ဥပဒေနဲ့ အညီ၊ စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြခဲ့ရင်တောင် တရားရုံး သွားကောင်း သွားရမယ့် အရေး စိုးရိမ်ကြောက်ရွံ့မှု ဖြစ်စေမှာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ တပ်မတော်ရဲ့ အကြောင်းကြားစာနဲ့ ပတ်သက်ပြီး ပိုပြီး ရှင်းရှင်းလင်းလင်း သိရအောင် တပ်မတော်ဘက်က သတင်းစာ ရှင်းလင်းတာမျိုး လုပ်သင့်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာ ဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေနဲ့ လျော်ညီတဲ့ တုန့်ပြန် မှုမျိုးကိုသာလျှင် လုပ်ဆောင်သင့်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။


Credit - Mizzima News

No comments:

Post a Comment