Saturday, May 9, 2015

UPWC ကို အယုံအကြည်မရှိ၍ NCCT မှ နုတ်ထွက်ရန် တင်ပြခြင်းဖြစ်ကြောင်း TNLA ပြော

 ရန်ကုန်၊ မေ ၆

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ၏ ငြိမ်းချမ်းရေးကိစ္စများ ဆောင်ရွက်မှုများအပေါ် အယုံအကြည် မရှိသောကြောင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ နုတ်ထွက်ရန် တင်ပြခြင်းဖြစ်ကြောင်း တအာဝ်းလွတ်မြောက်ရေးတပ်မတော် (TNLA) ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးတားအိုက်ကျော်က မေလ ၆ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

ရှမ်းပြည်နယ် ပန်ဆန်း၌ မေလ ၄ ရက်က ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့၏ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး ၄ ရက်မြောက်နေ့တွင် အစိုးရနှင့်
လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသော NCCT အဖွဲ့ဝင်များ ဖြစ်သည့် တအာဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) တို့သည် NCCT အဖွဲ့မှ နုတ်ထွက် ရန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

““ဒီဟာကတော့ NCCT အစည်းအဝေးမှာ အတည်ပြုမှာပါ။ NCCT အစည်းအဝေး မဟုတ်တဲ့အတွက် ဒီဟာကတော့ လာမယ့် NCCT အစည်းအဝေးက အတည်ပြုမှာပါ။ နုတ်ထွက်ဖို့ တောင်းဆိုထား တာ တော့လည်း မဟုတ်ဘူး။ NCCT က မူကြမ်းကို သဘောတူညီမှု ရခဲ့တယ်။ အဲဒီအချိန်မှာပဲ တို့ဒေသမှာ ထိုးစစ်တွေ ဖြစ်ခဲ့တယ်။ တိုက်ပွဲတွေ ဆက်လက် ဖြစ်တာပေါ့နော်။ တစ်ဆက်တည်းမှာပဲ ပန်ဆန်းညီလာခံကို တက်ရောက်ဖို့ မဖိတ်ကြားဖို့ UPWC က ပြောလာတာရှိတယ်။ UPWC ကို အယုံအကြည် မရှိတဲ့အတွက် NCCT ကနေ နုတ်ထွက်ဖို့ အသိပေး ထားတာပေါ့။ စောစောကပြောတဲ့ နှစ်ချက်ပေါ့။ သဘောတူညီချက် မူကြမ်းကို လက်မှတ်ထိုးတယ်။ တိုက်ပွဲဆက်ဖြစ်တယ်။ ပန်ဆန်း မဖိတ်ကြားဖို့ ပြောတာရှိတယ်။ ကျွန်တော်တို့အပေါ် မရိုးသားတာ တွေ့ရတယ်”” ဟု TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးတားအိုက်ကျော်က မြန်မာသံတော်ဆင့် သို့ပြောသည်။

UPWC နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) မူကြမ်းကို ၂၀၁၅ ခု မေလ ၃၁ ရက်က သဘောတူ လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်ပြီး NCCT ၏ ထိပ်သီးခေါင်းဆောင်များ ညီလာခံကို မေလ အတွင်း ကျင်းပရန်စီစဉ်လျက်ရှိသည်။

““UPWC လုပ်နိုင်တဲ့အထဲက အကောင်းဆုံး လုပ်နေတာပဲ။ အခု ကျွန်တော်တို့ NCCT က ဆွေးနွေးတာ ၁၆ ဖွဲ့။ NCCT မဟုတ်တဲ့ “၀”တို့၊ မိုင်းလားတို့ကလည်း ၅ ဖွဲ့။ လေ့လာသူအနေနဲ့ အမြဲဖိတ်တာပေါ့။ အဲဒီတော့ ၂၁ ဖွဲ့ ဆိုတဲ့ သဘောမျိုးပေါ့ဗျာ။ ၂၁ ဖွဲ့က ခု ပန်ဆန်းမှာ လုပ်တာ ၁၂ ဖွဲ့ပဲ ဖိတ်တာလေ။ ဆိုလိုတာကတော့ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခင်းအကျင်းသစ်မှာတော့ လွတ်လွတ်လပ်လပ် ဒါမျိုးတွေက လုပ်လာကြတဲ့ သဘောပါပဲ။ ပန်ဆန်းပြီးတော့လည်း NCCT က Summit ခေါ်ဦးမှာပါပဲ။ ခုခင်ဗျားတို့ မေးတာနဲ့ မတူတာ တွေလည်း ထွက်ရင်ထွက်လာမှာပဲ။ ဘာပဲဖြစ်ဖြစ် ခုငြိမ်းချမ်းရေးဆိုတာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲအထိ ဆက်သွားဖို့က လောလောဆယ် လုပ်တဲ့ဟာက လုပ်နိုင်သမျှ အကောင်းဆုံးပဲလို့ ပြောလိုပါတယ်””ဟု UPWC အလုပ်အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

အစိုးရအဖွဲ့အနေဖြင့်မူ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုရန် အဆင်သင့်ဖြစ်နေပြီး တိုင်းရင်းသား အဖွဲ့အစည်းများ၏ ညီလာခံမှ ထွက်ပေါ်လာမည့်ရလဒ်ကို စောင့်ဆိုင်းနေကြောင်း သမ္မတ ဦးသိန်းစိန်က မေလ ၄ ရက်က ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald



No comments:

Post a Comment